23.6.16

IS အဖွဲ့ဝင်ဟု သတင်းထွက်ပေါ်နေသော ဖင်လန်နိုင်ငံမှ ဝင်ရောက်လာသူ ငါးဦးကို စစ်ဆေး



ဖင်လန်နိုင်ငံ ဒုက္ခသည်စခန်း တစ်ခုမှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသော IS အဖွဲ့ဝင်များဟု လူမှုကွန်ရက်တွင် သတင်းထွက်ပေါ်နေသည့် မိသားစုဝင် ငါးဦးကို ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ပဲခူးမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ဖင်လန်နိုင်ငံ ဒုက္ခသည်စခန်းတစ်ခုမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော အသက် ၃၅ နှစ်အရွယ် ဦးချိုးတူး (ခ) ဂျမားနှင့် ဇနီး အသက် ၄၄ နှစ်အရွယ် ဒေါ်မြတ်စုမွန်(ခ) မြမြစိုး (ခ) မြတ်မြတ်စိုး အပါအဝင် မိသားစုဝင် ၅ ဦးကို မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့များက ပူးပေါင်း စစ်ဆေးခဲ့ကြောင်း ပဲခူးမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ဇနီးမောင်နှံနှင့် ကလေး သုံးဦးတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် မြဝတီနယ်စပ်ကို ဖြတ်သန်း၍ မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး ပဲခူးမြို့နယ် ဥဿာမြို့သစ် နန်းတော်ရာ ရပ်ကွက်ရှိ နေအိမ် တစ်လုံးတွင် ခေတ္တ တည်းခိုနေထိုင်ကြောင်း၊ ၎င်းတို့သည် နယ်စပ်မှ ဝင်ရောက်လာသည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံသားများ ဖြစ်သောကြောင့် လက်တလောတွင် အမှု မဖွင့်ထားကြောင်း ၎င်းက ရှင်းပြသည်။

“သူတို့က ပြည်တွင်းကို ခဏ ပြန်လာတာ၊ ခေါ်စစ်ခံရပြီးတဲ့နောက် ဇွန်လ ၂၂ ရက်နေ့မှာ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့တယ်”ဟု နန်းတော်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးမြင့်ညိုက ပြောကြားသည်။

လတ်တလောတွင် ၎င်းတို့ကို မည်ကဲ့သို့ အရေးယူမည်ကို မသိရသေးဘဲ တည်းခိုသော နေအိမ်တွင် သုံးရက်တာ နေထိုင်ခွင့်ပြုထားပြီး အခြား နေရာများသို့ သွားလာခြင်း မပြုရန် ခံဝန်လက်မှတ် ရေးထိုးထားကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။

# The Voice Weekly

0 comments:

Post a Comment