23.6.16

မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု ဟန့်တားနေသော အကြောင်းရင်းများ

ပြည်တွင်းငြိမ်းချမ်းရေး မရှိခြင်း၊ အစိုးရသစ် စီးပွားရေးမူဝါဒနှင့် လုပ်နိုင်စွမ်းမှာ သိသာထင်ရှားမှု မရှိသေးခြင်း စသည် တို့မှာ မြန်မာ့ စီးပွားရေးတိုးတက်ရန်နှင့် ရင်းနှီး မြှုပ်နှံမှုများ ၀င်လာရန်အတွက် အဓိကစိန်ခေါ်မှုများ
ဖြစ်ကြောင်း ဇွန်လ ၁၆ ရက်က ရန်ကုန်တွင်ပြု လုပ်ခဲ့သော The Ecomomist ၏ မြန်မာထိပ်သီးဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများက သုံးသပ် ဆွေးနွေးသည်။

ဒီချုပ်အစိုးရသစ် တက်ပြီး နှစ်လအကြာတွင် ပြုလုပ်သော ယင်းဆွေးနွေးပွဲ၌ မြန်မာနိုင်ငံဆိုင် ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်နှင့် သံတမန်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေး ပညာရှင်များ၊ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ၊ မူဝါဒချမှတ်ပိုင်ခွင့်ရှိသူများနှင့် နိုင်ငံတကာငွေ ကြေးအဖွဲ့အစည်း၏ အာရှပစိဖိတ်ဆိုင်ရာ ဒါရိုက်တာတို့ ပါဝင် ဆွေးနွေးခဲ့ကြသည်။
‘‘အခုချက်ချင်းရော၊ ရေရှည် ရောအတွက် အကြီးမားဆုံးစိန်ခေါ်မှုကတော့ ငြိမ်းချမ်းရေးပဲ။ ပြည်တွင်းငြိမ်းချမ်းရေး မရှိရင် ကျန်တာ တော်တော်များများက အင်မတန် ခက်ခဲလာလိမ့်မယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး နဲ့ ပြေငြိမ်းမှုတစ်ရပ် သင့်တင့် လျှောက်ပတ်တဲ့ ငြိမ်းချမ်းရေးကျေ အေးမှုတစ်ရပ် မရှိရင် စီးပွားရေး တိုးတက်မှုနဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု တစ်ခုလုံးဟာ ထိခိုက် ဆုံးရှုံးဖွယ်ရာ ရှိပါတယ်’’ဟု ဆွေး နွေးပွဲအဓိက Moderator တစ်ဦး ဖြစ်သည့် The Economist အာရှ အယ်ဒီတာ ဆိုင်မွန်လောင်းက 7Day သတင်းဌာန၏မေးခွန်းကို ဖြေကြားသည်။
ပြီးခဲ့သည့်နှစ်က နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ ပညာရှင်များအနေဖြင့် မြန်မာ့စီးပွားရေးအပေါ် သုံးသပ်ခဲ့ကြရာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက် ကြိုးပမ်းမှုအပေါ် အကောင်းမြင်စိတ် အချို့ ရှိခဲ့သော် လည်း နောက်ပိုင်းတွင် ယင်းသဘောတူညီချက်မှာ တစ်နိုင်ငံ လုံးအတိုင်းအတာမဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်ကို တွေ့ရကြောင်း ၎င်းကဆက်လက်ပြောသည်။ ယခုအချိန်ထိ နိုင်ငံမြောက်ပိုင်းတွင် တိုက်ပွဲများ
ဆက်လက် ဖြစ်ပွားနေပြီး တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူညီ ချက်မှာ စိုးရိမ်ပူပန်ဖွယ်ရာအနေ အထားရှိသည်ဟုလည်း ထောက်ပြသည်။
‘‘ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ ရင်းနှီးမြှုပ်နှံမှုအတွက် အရေးပါတယ်။ ဒါပေမဲ့စီးပွားရေး တိုးတက်မှုမရှိဘဲ ငြိမ်းချမ်းရေးကို ရေရှည်ထိန်းမထားနိုင်ဘူး’’ဟု Serge Pun & Associates ၏ ဥက္ကဋ္ဌ ဦးသိမ်းဝေခေါ် ဆာခ်ျပန်း က ဆွေးနွေးသည်။
တစ်ချိန်တည်းမှာပင် တရုတ် နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ အကျိုးစီးပွားရေး ကျယ် ကျယ်ပြန့်ပြန့်ရရှိနေကြောင်း  အမေရိကန်အခြေစိုက် Henry L.Stimson သုတေသနဌာန တရုတ်နိုင်ငံခြားရေးရာ
ဆက်ဆံရေးသုတေသီ Yun Sun က ဆွေးနွေးခဲ့ သည်။
‘‘တရုတ်ဟာ မြန်မာကိုဖြတ် ပြီး အိန္ဒိယသမုဒ္ဒရာကို လမ်းပေါက်ချင်ပြီ။ ဒီအတွက် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးရှိဖို့ လိုအပ်တယ်’’ဟု မစ္စ Yun Sun ကပြောသည်။
တရုတ်သည် မြန်မာနိုင်ငံတွင် အခြားသူများ ထက်အရင် ခြေချထားသည့် လွှမ်းမိုးမှုရှိသော ရင်းနှီးမြှုပ်နှံသူ တစ်ဦးဖြစ်နေသည်။ ဂျပန်လုပ်ငန်းကြီးများက မြန်မာရှိ အလုပ်သမားအင်အားထုကို အခွင့်အလမ်းတစ်ရပ်အဖြစ်
မြင်ကြသည်။ မြန်မာအလုပ်သမား လေးသန်းခန့် လက်ခံအလုပ်ပေး ထားသော ထိုင်းနိုင်ငံက မြန်မာ၏ ပြန်လည်နုပျိုလာမှုနှင့် မြန်မာအလုပ်သမားများ အမိနိုင်ငံပြန်လည် ရောက်ရှိသွားနိုင်ခြေ အစရှိသည် တို့ကို စောင့်ကြည့်
နေသည်။ အမေရိကန်က မြန်မာအပေါ်စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု အများအပြားကို ဖြေလျှော့ပေးခဲ့သည်။ အခြား နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် လုပ်အားခသက်သာပြီး အလုပ်သမားပေါများသော မြန်မာနိုင်ငံရှိ လုပ်သား
ထုသည် အထည်ချုပ်လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍ၌ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှု ရှိနေပါသည်။
ဒီချုပ်အစိုးရအနေဖြင့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူများ ရည်မှန်းချက်အောင်မြင်ရန် ကူညီခြင်းနှင့် ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများမှနေ၍ ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ဆောင်ရွက်ခြင်းဆိုသည့် ဘက်နှစ်ဖက်ကြားတွင် ဟန်ချက် ညီသော လမ်းကြောင်းတစ်ရပ်ကို သတိကြီး ကြီးထားလျှောက်လှမ်းရမည် ဖြစ်သည်ဟု ၎င်းတို့က သုံးသပ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ  အနေဖြင့် နိုင်ငံတည်ငြိမ်မှု၊ မူဝါဒ တည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု၊ ပွင့်လင်းမြင်သာမှု၊ မဆိုင်းမတွ တုံ့ပြန်တာဝန်ယူတတ်သော အစိုး ရတစ်ရပ် စသည့်အာမခံချက်များကို လိုအပ်ကြောင်း
နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း အပါအ၀င် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများက ထောက်ပြသည်။
အဓိကဆွေးနွေးသူ တစ်ဦး ဖြစ်သော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာစီရယ်က ‘‘သတင်းကောင်းက တော့ အစိုးရသစ်သာ စစ်မှန်တဲ့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုကို ရရှိအောင် လုပ် ဆောင်နေပုံပေါ်တယ် ဆိုတာပါပဲ’’ ဟု ပြောသည်။
နောက်ထပ် စိုးရိမ်ပူပန်စရာမှာ အစိုးရသစ်၏ စီးပွားရေးမူဝါဒ များ၊ ဦးစားပေးကဏ္ဍများနှင့် စွမ်းဆောင်ရည်၊ အစိုးရသစ်အနေဖြင့် မည်မျှကျွမ်းကျင်ကြောင်း၊ လုပ်နိုင်ကြောင်းတို့ကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် သေသေချာချာ မသိရသေးဟု ဆွေးနွေးကြ သည်။ ၀န်ကြီးဌာနက ကြေညာနေသော ရက်တစ်ရာစီမံချက်များမှ တစ်ဆင့် လာမည့်ငါးနှစ်တာ အတွင်း ဆောင်ရွက်မည့် အစိုးရမူဝါဒများကို စောင့်ကြည့်နေကြ ရသော်လည်း ယခုအချိန်ထိ အစိုးရက မည်သည်ကိုလုပ်ချင်သည် (သို့ မဟုတ်) ယင်းမူဝါဒ အောင်မြင်ရန် မည်မျှခက်ခဲမည် စသည်တို့ကို မသိရှိသေးကြောင်းလည်း စီးပွားရေးပညာရှင်တို့က ထောက်ပြကြသည်။
‘‘ဘတ်ဂျက်နဲ့ ပတ်သက်လို့ ကြေညာချက်ကို တွေ့ရတာတော့ ဦးစားပေးတာ ပညာရေး၊ ကျန်းမာရေးတွေ ဖြစ်မယ့်ပုံပါပဲ။ ဒါပေမဲ့ အဲဒီထက်ပိုပြီးတော့ သူတို့ဘတ်ဂျက်ကို ဘယ်လိုခွဲဝေမလဲ၊ သူတို့ ဦးစားပေးတွေက ဘာတွေလဲ၊ ဘယ်လို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနိုင်မလဲ၊ အရင်တုန်းကဆိုရင် စီမံကိန်းတစ်ခု ခွင့်ပြုချက်ရဖို့ သိပ်ကို ခက်ခဲခဲ့တော့ အခုတံခါးဖွင့်မလား စတာတွေကိုသိရဖို့ အင်မတန်ခက်ခဲတယ်’’ဟု အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးကို နှစ်ပေါင်း ၂၀ ကျော် စောင့်ကြည့် အစီရင်ခံနေသော ဆိုင်မွန်လောင်းက ပြောသည်။
စင်ကာပူ-မြန်မာ အင်ဗက်စကို၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အ ရာရှိချုပ် မာ့ခ်ဘေဒင်ဟမ်ကလည်း မြန်ဆန်သော လိုင်စင်ခွင့် ပြုချက်ချပေးရေးကို ထောက်ပြသည်။
‘‘မြန်ဆန်တဲ့ ခွင့်ပြုချက်တွေ၊ မြန်ဆန်တဲ့ လိုင်စင်ချပေးမှုတွေ ဟာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားတဲ့ ကွာခြားချက်တစ်ခု ဖြစ်စေလိမ့် မယ်’’ဟု မစ္စတာဘေဒင်ဟမ်က ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အရည်အချင်းပြည့်ဝသော ပူးတွဲရင်းနှီးမြှုပ်နှံမည့် စီးပွားဖက် ပါတနာကို ရရှိရန် အခက်အခဲကြုံတွေ့နေကြောင်း Jardine Matheson ၏ မြန်မာနှင့် ကမ္ဘောဒီးယားဆိုင်ရာ ဥက္ကဋ္ဌ ပီတာဘေနွန်က ပြောသည်။ ဉာဏ်ကြီးရှင်အဖွဲ့ တစ်ခုဖြစ်သည့် German-watch က ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ဘေးအန္တရာယ်ညွှန်းကိန်းအရ မြန်မာ့စီးပွား ရေးသည် ကမ္ဘာ့ဒုတိယ အားအနည်းဆုံး ရာသီဥတု အခင်းအကျင်းဖြစ်သည်။ နိုင်ငံ၏ကျိုးဆတ်လွယ် သော ဂေဟစနစ်ကို ခြိမ်းခြောက်နေသည့် အကြီးအကျယ်ရေနစ်မြုပ်မှုများနှင့် အခြားရာသီဥတု ဆိုင်ရာဖြစ်ရပ်များမှာ ထိန်းချုပ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသည်။
မြေယာပြဿနာ များ၊ သစ်တောပြုန်းတီးမှုများမှာလည်း ရင်းနှီးမြှုပ်နှံမည့်သူများ အတွက် စိုးရိမ်စရာဖြစ်နေသည်။ အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုသဘာဝ ပတ်ဝန်းကျင် ကာကွယ်မှုအကြား ဟန်ချက်ညီအောင် ထိန်းညှိရမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဘဏ္ဍာရေး အသွင်ကူးပြောင်းသည့် အခန်းကဏ္ဍတွင် မြန်မာထက် ပို ကောင်းသည့် နမူနာမရှိတော့ဟု သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်ပါမောက္ခ၊ စီးပွားရေး ပညာရှင် ရှောင်ထာနဲလ်က
ဆွေးနွေးပွဲတွင်ပြောသည်။ ၂၀၁၇ တွင်မြန်မာသည် အာဆီယံ၌ မြန်ဆန်စွာတိုးတက်သော စီးပွားရေးဖြစ်လာလိ့မ်မည်ဟု The Economist Corporate Network ၏ အရှေ့တောင်အာရှ ဒါရိုက်တာ အင်ဒရူး စတတ်ပဲလ်က သုံးသပ်ခဲ့သည်။
 နိုင်ငံတော်သမ္မတရုံးအနေ ဖြင့် နိုင်ငံတွင် တည်ငြိမ်အား ကောင်းသော စီးပွားရေးမူဝါဒတစ် ရပ် ချမှတ်အကောင်အထည်ဖော် နိုင်ရန် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
တည်ငြိမ်အားကောင်းသော စီးပွားရေးမူဝါဒတစ်ရပ် ချမှတ်အ ကောင်အထည်ဖော်နိုင်ရန် ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ငွေရေး ကြေးရေးနှင့် ဘဏ်လုပ်ငန်း၊ ရင်း နှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး နှင့် သစ်တောနှင့် စက်မှုကဏ္ဍ များ၏ ပြုပြင်ပြောင်းလဲရန် လို အပ်ချက်ရှိနေခြင်းကို ကဏ္ဍအသီး သီး၏ မူဝါဒများအား အချိုးညီ ချိတ်ဆက်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးနိုင်အတွက် နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။
သို့သော် ကော်မတီတွင် စီးပွားရေးပညာရှင်ပါဝင်မှု နည်းပါးခြင်းကိုမူ လုပ်ငန်းရှင်များက ထောက်ပြသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment