27.7.16

နယ်စပ်လုံခြုံရေး ပူးပေါင်းတိုးမြှင့်ရန် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆွေးနွေး

နယ်စပ်တစ်လျှောက်ရှိ သောင်းကျန်းသူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ထောက်လှမ်းရေး၊ လက်နက်မှောင်ခိုကူးမှုများနှင့် လုံခြုံရေးအေဂျင်စီများကြား ထောက်လှမ်းရေးသတင်းများ မျှဝေခြင်းများကို နှစ်နိုင်ငံတိုးမြှင့်ဆောင်ရွက်သွားရန် အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံက ဇူလိုင် ၂၆ ရက်က ဆွေးနွေးခဲ့ကြသည်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး ရာဂျစ်မီဟရီရှီက မြန်မာနိုင်ငံမှ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အပြန်အလှန်တွေ့ဆုံအစည်းအဝေးတွင် အဆိုပါကိစ္စရပ်အား ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးအတွင်း နယ်စပ်တစ်လျှောက် သောင်းကျန်းသူများ၏ လှုပ်ရှားမှုများနှင့် လက်နက်မှောင်ခိုကူးမှုများအား စောင့်ကြည့်ရေးအပါအဝင် လုံခြုံရေးကိစ္စရပ်များ၊ ထောက်လှမ်းရေးသတင်း မျှဝေရေး၊ မူးယစ်ဆေးဝါးကုန်ကူးမှု ပူးပေါင်းတားဆီးရေးနှင့် တောရိုင်းတိရစ္ဆာန်များ မှောင်ခိုကူးမှုများအား စောင့်ကြည့်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း ပြည်ထဲရေးဝန်ကြီး   ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
နယ်စပ်ဧရိယာများတွင် စည်းရိုးကာခြင်းအပါအဝင် နယ်စပ်စီမံခန့်ခွဲရေးနှင့် ဆက်စပ်သည့် ကိစ္စရပ်များကိုလည်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြသည်။
ထိုပြင် နှစ်နိုင်ငံကြား နိုင်ငံသားအကျဉ်းသားကိစ္စရပ်အပါအဝင် ကောင်စစ်ရေးရာများကိုလည်း အသေးစိတ်ဆွေးနွေးခဲ့သည်။
ဆွေးနွေးမှုတွင် မူးယစ်ဆေးဝါး၊ တောရိုင်းတိရစ္ဆာန်ထိန်းချုပ်ရေးနှင့် သဘာဝဘေးစီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် စွမ်းဆောင်ရည်မြှင့်စီမံချက်များကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် အိန္ဒိယဖက်က ကမ်းလှမ်းခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့က ၎င်းတို့နှင့် တွေ့ဆုံရ၍ ဝမ်းမြောက်မှု ပြသသော အိန္ဒိယပြည်ထဲရေးဝန်ကြီးအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်နှင့် နယ်စပ်စီမံခန့်ခွဲမှု၊ လုံခြုံရေးနှင့်   ကောင်စစ်ရေးရာတို့နှင့် ပတ်သက်သည့် ဘုံစိုးရိမ်ပူပန်မှုများအရေးကိစ္စရပ်များကို ဆွေးနွေးရန် ပြန်လှန်ဖိတ်ကြားခဲ့သည်။
လာမည့်နောက်စ်ကြိမ်အစည်းအဝေးကို နေပြည်တော်တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း ကျင်းပဖြစ်ဖွယ်ရှိသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment