27.7.16

မြစ်ဝကျွန်းပေါ်ဒေသ သုံးရက်အတွင်း ရေကြီးရေလျှံအန္တရာယ်ရှိနိုင်

မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးအားကောင်းနေပြီး မြစ်ကြီးများတွင် စိုးရိမ်ရေမှတ်အထက်သို့ မြစ်ရေမြင့်တက်နေသည့်အတွက် နောက်သုံးရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသတွင်ပါ ရေကြီးရေလျှံမှုအန္တရာယ် ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

နောက်သုံးရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးအားပြန်လည်လျော့နည်းသွားနိုင်သော်လည်း ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ်နှင့် မြစ်ငယ်မြစ်တို့တွင် မြစ်ရေများစိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေသည့်အတွက် ချင်းတွင်းမြစ်ရိုးတစ်လျှောက်နှင့် ဧရာဝတီမြစ်အထက်ပိုင်းရှိမြို့များသည် အထူးသတိပြုနေထိုင်ရန်လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

“ နောက်နှစ်ရက်၊ သုံးရက်လောက်ဆို မြစ်ဝကျွန်းပေါ်ဒေသတွေ အထူးဂရုပြုဖို့လိုပါတယ်” ဟု ဒေါက်တာကျော်မိုးဦးက ဆိုသည်။

နောက်နှစ်ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေဆက်လက်အားနည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။

မုတ်သုံလေအား လျော့နည်းနေခြင်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးအားလျော့နည်းနေသော်လည်းအနောက်ဘက်မှ ဝင်ရောက်လာသည့် လေပွေလှိုင်းများ အားကောင်းနေခြင်းကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးအားကောင်းနေပြီး နေရာကွက်၍ မိုးကြီးရခြင်းဖြစ်ကြောင်း ဒေါက်တာကျော်မိုးဦးက ရှင်းပြပြောဆိုသည်။

“ ပုံမှန်ဆို မုတ်သုံဝင်တာနဲ့ အနောက်လေပွေလှိုင်းက အားလျော့သွားတယ်။ ဒီနှစ်အတွက် အနောက်လေပွေလှိုင်း အားကောင်းနေတာက ထူးခြားတဲ့အချက်တစ်ချက် ဖြစ်နေတယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment