22.7.16

ရန်ကုန်မြို့ အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာချက်ထုတ်ပြန်

ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်နေခြင်းကို ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေးကော်မတီဖွဲ့စည်းပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေရန် စနစ်တကျ စိစစ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါစိစစ်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ဆောက်လုပ်ခွင့်ပြုမိန့်ရရှိပြီး ဆောက်လုပ်ဆဲဖြစ်သော အဆောက် အအုံ ၆၄ လုံးကို ပထမအဆင့် စိစစ်ခဲ့ပါသည်။ အဆိုပါအဆောက်အအုံ ၆၄ လုံးတွင် ခွင့်ပြုချက်နှင့်ကိုက်ညီစွာ ဆောင်ရွက်နေသော အဆောက်အအုံ ၅၂ လုံးကို ဆက်လက်ဆောက်လုပ်ခွင့်ပြုခြင်း၊ ခွင့်ပြုချက်၊ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းမရှိသေးသော အဆောက်အအုံ ၁၂ လုံးအား စည်းကမ်းဘောင်အတွင်းတွင် ဆက်လက်ဆောက်လုပ်နိုင်ရေး၊ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်စေခြင်းတို့ကို ဇူလိုင် ၂ ရက်တွင်ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁၃/၂ဝ၁၆)တွင်ဆုံးဖြတ်ကာ သက်ဆိုင်ရာလုပ်ငန်းခွင်များသို့ အကြောင်း ကြားခဲ့သည်။
မူအားဖြင့် ခွင့်ပြုချက်ရရှိပြီး ဆောက်လုပ်ခွင့်ပြုမိန့်မရရှိသေးသော မြေသားလုပ်ငန်းဆောင်ရွက်လျက်ရှိ သည့် အဆောက်အအုံ ၅၁ လုံးကို သတ်မှတ်ချက်နှင့်ကိုက်ညီသော ဆောက်လုပ်မှုဖြစ်စေရေး စိစစ်ဆောင်ရွက် လျက်ရှိရာ ဇူလိုင် ၂၁ ရက်တွင် ၁၉ လုံးစိစစ်ပြီးဖြစ်ပါသည်။ ကျန် ၃၂ လုံးကို ဇူလိုင် ၂၅ ရက်တွင် အပြီးစိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
မူအားဖြင့် ခွင့်ပြုချက်ရရှိထားပြီး လုပ်ငန်းဆောင်ရွက်ခြင်းမရှိသေးသော အဆောက်အအုံ ၁ဝ၇ လုံးမှာ ဆောက်လုပ်ခွင့်ပြုမိန့်ရရှိရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ သက်ဆိုင်ရာလုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်တင်ပြလျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာထားသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment