5.8.16

တနင်္သာရီိတိုင်းဒေသကြီး ကော့သောင်းခရိုင် ပါချန်သစ်တော ကြိုးဝိုင်းအတွင်း ပါဝင်သည့် သီတာစန်း ကိုယ့်အားကိုယ်ကိုး ကျေးရွာအား သစ်တောဦးစီးဌာနမှ ဖယ်ရှား

ပါချန်သစ်တောကြိုးဝိုင်းအတွင်း ပါဝင်သည့် သီတာစန်းကိုယ်ထူကိုယ်ထ ကျေးရွာအား သစ်တောဦးစီးဌာနမှ ပြီးခဲ့သည့် ရက်ပိုင်းက လာရောက်ဖယ်ရှားခဲ့ကြောင်း သတင်းရရှိပါသည်။

သီတာစန်း ကိုယ်ထူကိုယ်ထကျေးရွာမှာ တနင်္သာရီိတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီး မြို့နယ်ခွဲတွင် တည်ရှိပြီး ယခုကဲ့သို့ ဖယ်ရှားခိုင်းခဲ့သည့်အတွက် ရွာသူ၊ ရွာသားများမှာ အခက်အခဲ ရင်ဆိုင်နေရကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် နေထိုင်ကြသူများမှာ ယုဇနဆီအုန်းကုမ္ပဏီမှ အလုပ်သမားဟောင်းများ ဖြစ်ကြပြီး ယခင်က စိုက်ခင်းလုပ်ရန် တောခုတ်ရှင်းလင်းခြင်း၊ စက်မောင်း၊ ဆီးသီးခူးခြင်း၊ အလုပ်ကြမ်းသမားများနှင့် ၄င်းတို့၏ မိသားစုများ ဖြစ်ကြကြောင်း သိရသည်။
“ကိုယ့်ရွာမှာ ဒုက္ခရောက်လို့ ဒီမှာကောင်းမလားလို့ရောက်လာတာပါ။ ဒီမှာက ပိုဆိုးနေပါတယ်။ ဆင်းရဲ ဒုက္ခရောက်လွန်းလို့ ပြန်စရိတ်တောင် မရှိခဲ့လို့ အခုလို နေထိုင်နေခဲ့ရတာပါ။ ကျွန်တော်တို့ ရောက်ရှိလာတာက ၂၀၀၉ ခုနှစ် ဇွန်လကပါ။ အဲဒီတုန်းကနေထိုင်ဖို့ အဆင်ပြေမယ်၊ လုပ်ငန်းကောင်းတယ်။ ကလေးတွေကို ကျောင်းထားပေးတယ် ဆိုပြီး ဆီအုန်းလုပ်ငန်းက မက်လုံးပေးတော့ ရွာကနေကလေးတွေကို ကျောင်းထုတ်ပြီး ပြောင်းလာကြတယ်။ ဒီရောက်တော့ ထိုင်းနယ်စပ်ဘက်ကို ပို့လိုက်တယ်။ အလုပ်တွေကလည်း အရမ်းကြမ်းတယ်။ နယ်စပ်ဒေသဆိုတော့ ဟိုလူကြောက်ရ၊ ဒီလူကြောက်ရနဲ့ နေလာခဲ့ရတယ်။ ကလေးတွေကိုလည်း ကျောင်းတောင် မထားနိုင်ခဲ့ပါဘူး။  ဒဏ်တွေဖြစ်ပြီး အလုပ်လည်း မလုပ်နိုင်တော့ အခုလိုရွာမှာ လာနေထိုင်နေရတာပါ” ဟု ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်မှ လာရောက်နေထိုင်သူ  ဦးအောင်သောင်းက ပြောကြားသည်။
ကုမ္ပဏီတွင် အလုပ်မလုပ်နိုင်တော့သည့် အချိန်တွင် ကုမ္ပဏီဝင်းအတွင်း နေထိုင်ခွင့်မပေးဘဲ မောင်းထုတ်ခံရသူများမှ မိမိတို့ ဇာတိသို့ပင် မပြန်နိုင်ဘဲ နေစရာမရှိ သောင်တင်နေသူများမှာ တောများကို စုပေါင်း ခုတ်ထွင်ရှင်းလင်းကာ ၀ါးတဲလေးများဖြင့် ဆောက်လုပ်နေထိုင် ခဲ့ကြကြောင်း သိရသည်။
အဆိုပါရွာလေးမှာ တရားမ၀င် ရွာလေးတစ်ရွာအဖြစ် တည်ရှိနေပြီး အိမ်ခြေ ၁၂၀ ခန့် ရှိနေပြီဖြစ်ကြောင်း ကော့သောင်းဒေသခံ တစ်ဦးက ပြောကြားသည်။
ကော့သောင်းမြို့မှ ၄၂ မိုင်ကျော် ခမောက်ကြီးမြို့နယ်ခွဲအတွင်းရှိ မိုင်တိုင် အမှတ်(၂၃၁/၃)တွင် တည်ရှိကြောင်း သိရကာ ရွာတည်သည့်ပုံစံမျိုး မဟုတ်ဘဲ နေစရာ အိမ်ခြံမြေ မရှိသည့်အတွက် စုပေါင်းပြီး ကိုယ်ထူကိုယ်ထ ပုံစံမျိုးနှင့် တည်ထားခြင်းဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးမြင့်ကိုကိုကဆိုသည်။
ကျေးရွာနေရာ အတည်တကျ ဖြစ်ရန်အတွက်၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော်သို့ လျှောက်ထားခဲ့သော်လည်း အဖြေမရရှိခဲ့ဘဲ ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် တနသာင်္ရီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ သွားရောက်ပြီး ကိုယ်ထူကိုယ်ထကျေးရွာ ထူထောင်ခွင့်ပြုရန် ထပ်မံတင်ပြ လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာမှာ ပါချန်သစ်တော ကြိုးဝိုင်းအကွက် အမှတ် (၂၄၇) ခမမပည 96J11 တွင်ရှိကြောင်း သစ်တောဦးစီးဌာနမှ စုံစမ်းသိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment