5.8.16

နယ်စပ်သစ်ကုန်သွယ်မှု ခေတ္တရပ်ဆိုင်းပြီးနောက် တရုတ်နိုင်ငံသို့ တရားမ၀င် သစ်တင်သွင်းမှု ထိုးကျသွားသော်လည်း တရားမ၀င် တင်သွင်းမှုရှိနေဆဲဖြစ်ကာ လက်ရှိအစိုးရမှ ပုဂ္ဂလိကကုမ္ပဏီများ၏ သစ်ခုတ်ခွင့် တားမြစ်မည့်ကြေညာချက် ထုတ်ပြန်ရန်ရှိနေကြောင်း EIA ထုတ်ပြန်

နယ်စပ်သစ်ကုန်သွယ်မှု ခေတ္တရပ်ဆိုင်းပြီးနောက် တရုတ်နိုင်ငံသို့ သစ်တင်သွင်းမှု ထိုးကျသွားသော်လည်း တရားမ၀င် တင်သွင်းမှု ရှိနေဆဲဖြစ်ကြောင်းနှင့် လက်ရှိအစိုးရမှ ပုဂ္ဂလိက သစ်ကုမ္ပဏီများ၏ သစ်ခုတ်ခွင့်ကို တားမြစ်မည့် ကြေညာချက် ထုတ်ပြန်ရန်ရှိကြောင်း  ဗြိတိန်နှင့် ၀ါရှင်တန်ဒီစီ အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းထောက်လှမ်းရေးအဖွဲ့ (EIA) မှ သြဂုတ် ၃ ရက် နေ့စွဲဖြင့် သြဂုတ် ၄ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

မြန်မာ့သစ်လုပ်ငန်းနှင့် သစ်ကုန်သွယ်မှု ကဏ္ဍတွင် စီမံခန့်ခွဲမှုအမှားနှင့် လာဘ်စားမှုများ ကြုံခဲ့ရပြီးနောက် ပဋိပက္ခဖြစ်ပွားမှုများနှင့် လူအချို့ကို ချမ်းသာကြွယ်ဝစေမှုများ ဖြစ်စေခဲ့ကာ နိုင်ငံတ၀န်း သစ်ထုတ်လုပ်ခွင့် တစ်နှစ်ပိတ်ပင်ခြင်းနှင့် ပဲခူးရိုးမတွင် သစ်ထုတ်လုပ်ခွင့် ၁၀ နှစ် တားမြစ်ခြင်းမှာ နှစ်ပေါင်းများစွာ စည်းမဲ့ကမ်းမဲ့ ထုတ်ယူခံနေရသော မြန်မာ့သစ်တောများကို အသက်ရှုခွင့် ပေးအပ်ခြင်းဖြစ်ကြောင်း ဗြိတိန်နှင့် ၀ါရှင်တန်ဒီစီအခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။
နိုင်ငံတစ်ဝန်း သစ်ခုတ်ခွင့်ပိတ်ပင်ခြင်းသည် ၂၀၁၇ ခုနှစ် မတ်လအထိ သက်ရောက်မည်ဖြစ်ပြီး သစ်ခုတ်ရာသီအပြည့် တားဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် သစ်ခုတ်ခွင့် တားမြစ်ကာလအတွင်း ပြည်တွင်း သစ်ချောထုတ်လုပ်ငန်းနှင့် နိုင်ငံတကာဈေးကွက်အတွက် သိုလှောင်ထားသော လက်ကျန်သစ်များကို အားကိုးရမည်ဖြစ်သော်လည်း ရှိနေသည့် လက်ကျန်သစ်နှင့် လုံလောက်သည်ဟု ထုတ်ပြန်ချက်က သုံးသပ်သည်။
သိုလှောင်ထားသည့် သစ်များကို အစိုးရပိုင် လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့သစ်လုပ်ငန်း၏ ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ဖြစ်ပြီး ထိုသစ်များကို မြန်မာ့သစ်လုပ်ငန်း၏ ထိန်းချုပ်မှုအောက်မှသာ ၀ယ်ယူနိုင်မည်ဖြစ်၍ ထိုသို့လက်ကျန်သစ်များကို ဌာနတစ်ခုအောက် ထားရှိခဲ့ခြင်းမှာ အရေးကြီးသော လုပ်ဆောင်ချက်ဖြစ်ပြီး တရားမ၀င်ခုတ်ယူထားသော သစ်များကို ၎င်းစနစ်ကို လက်တစ်လုံးခြားပြု၍ ရောင်းဝယ်ခြင်းကို တားမြစ်နိုင်မည် ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထိုသို့ ယုံကြည်စိတ်ချရသော ထိန်းချုပ်မှုစနစ် ထားရှိခြင်းသည် မိမိနိုင်ငံအတွင်း သစ်တင်သွင်းရန် ဥပဒေအရ ပွင့်လင်းမြင်သာမှု အပြည့်လုပ်ဆောင်ရသော နိုင်ငံတကာမှ သစ်ကုန်သွယ်သူများအတွက် (အထူးသဖြင့် ဥရောပမှ သစ်ကုန်သည်များ) အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
“ကြေညာချက်အရ မတ်လမှာ အာဏာရလာတဲ့ အစိုးရဟာ သစ်တောဌာနအတွင်း ဖြစ်နေတဲ့ လာဘ်စားမှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ချက် ရှိနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။ လက်ရှိပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော မူဝါဒဆိုတာ မရှိသေးပါဘူး။ လုပ်ဆောင်စရာတွေ အများကြီးရှိနေသေးတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ အစိုးရသစ်ရဲ့ ဆုံးဖြတ်ချက်ဟာ အားတက်စရာဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်တွေအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းသစ်ပါ” ဟု EIA အဖွဲ့၏ သစ်တောဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ခေါင်းဆောင် Faith Doherty က ဆိုသည်။
မြန်မာ့သစ်များကို လိုသည်ထက်ပို၍ ခုတ်ယူခဲ့ခြင်း၊ နှစ်စဉ် သတ်မှတ်ပမာဏထက် ကျော်လွန်၍ ခုတ်ယူခဲ့ခြင်းနှင့် ကျွန်းသစ်၊ ပိတောက်နှင့် တမလန်းကဲ့သို့သော မြန်မာ့အဖိုးတန်သစ်များသည် တရားမ၀င် ခုတ်ယူခံရမှု ကျယ်ပြန့်စွာ ဖြစ်စေခဲ့ကာ ထိုသို့ အထိန်းအကွပ်မဲ့ ခုတ်ယူခဲ့သည့်အတွက် မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှု အဆိုးဝါးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရပြီး ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ၅၄၆၀၀၀ ဟတ်တာအထိ သစ်တောပြုန်းတီးမှု ဖြစ်စေခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။ ယင်းပမာဏသည် အလွန်မြင့်မားပြီး နိုင်ငံ့သစ်တော ဧရိယာ၏ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိရှိကာ ထိုမျှဆိုးရွားသည့် ဖြစ်စဉ်သည် ဘရာဇီးနှင့် အင်ဒိုနီးရှားနိုင်ငံတွင်သာ ဖြစ်ပေါ်ခဲ့ဘူးသည်ဟု ထုတ်ပြန်ချက်က တင်ပြသည်။
မြန်မာ့သစ်လုပ်ငန်းအနေနှင့် ပုဂ္ဂလိကကုမ္ပဏီများကို သစ်ခုတ်ခွင့် ချပေးခဲ့ကာ အဆိုပါကုမ္ပဏီများသည် သစ်အလွန်အကျွံ ခုတ်မှုအတွက် တာဝန်ရှိသည့် ယခင်စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများဖြစ်ပြီး ထပ်မံ၍ အစိုးရက ပုဂ္ဂလိကသစ်ကုမ္ပဏီများ၏ သစ်ခုတ်ခွင့်ကို တားမြစ်မည့် ကြေညာချက် ထုတ်ပြန်ရန် ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သဘာဝပတ်ဝန်းကျင် စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ တာဝန်ရှိသူများအနေနှင့် နေပြည်တော်သို့သွားရောက်ကာ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် သစ်တောဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမှုပြုခဲ့သည်ဟု အစီရင်ခံစာ တွင် ဖော်ပြသည်။ အဆိုပါ ခရီးစဉ်အတွင်း သဘာဝပတ်ဝန်းကျင် စုံစမ်းထောက်လှမ်းရေး အဖွဲ့မှ ယမန်နှစ် စက်တင်ဘာတွင် ထုတ်ဝေခဲ့သည့် အစီရင်ခံစာအပြီး နောက်ဆုံးအခြေအနေများကို တင်ပြခဲ့ကာ အဆိုပါအစီရင်ခံစာတွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုးရှိသော သစ်များသည် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားမ၀င် ရောက်ရှိနေသည်ဟု ရေးသားထားကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
သဘာဝပတ်ဝန်းကျင် စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အစီရင်ခံစာ ထွက်လာပြီးနောက် တရုတ်အစိုးရက နယ်စပ်သစ်ကုန်သွယ်မှု ခေတ္တရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်မှုသည် အသက်ဝင်နေဆဲ ဖြစ်ကာ တရုတ်နိုင်ငံသို့ သစ်တင်သွင်းမှု ထိုးကျသွားသော်လည်း တရားမ၀င် တင်သွင်းမှုရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
Credit To >>> Eleven Media Group

0 comments:

Post a Comment