
မန္တလေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိ ထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များကို မြို့နယ်နှင့် ခရိုင် တရားရုံးများတွင် သိမ်းဆည်းထားရာ အဆိုပါ ယာဉ်များကို တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် လာမည့် သြဂုတ်လ ၂၃ ရက်နေ့မှ၂၅ ရက်နေ့ထိ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ပထမဆုံးအကြိမ် လေလံတင် ရောင်းချမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တရားရေး ဦးစီးမှူးရုံးထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် တရားရေးရာ ဦးစီးဌာန လွှတ်တော်ကိုယ်စားလှယ်များ အသီးသီး ပါဝင်သော အဆိုပါ တင်ဒါ ရောင်းချရေး ကော်မတီက ပထမဆုံး ရောင်းချမည့် လိုင်စင်မဲ့ မော်တော်ယာဉ်များမှာ ၁၁၉ စီး ဖြစ်ကြောင်း အဆိုပါ တိုင်းတရားရေး ဦးစီးမှူးရုံး စီမံဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
''မော်တော်ယာဉ် မျိုးစုံဆိုတော့ အသေးစိတ် ပြောလို့တော့ မရသေးဘူး။ စိတ်ဝင်စားသူတွေ အနေနဲ့ မန္တလေးတိုင်း မြို့နယ်ပေါင်း ၃၄ မြို့နယ်ထဲက တရားရုံးတွေမှာ သွားကြည့်လို့ ရပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံချက်နဲ့ ပထမဆုံးအကြိမ် လေလံတင် ရောင်းချပေးတာပါ''ဟု ၎င်းက ဆိုသည်။
သက်ဆိုင်ရာ တရားရုံး အသီးသီးမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များထဲတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက တရားဝင် လိုင်စင် ထုတ်ပေးရန် သင့်တော်မည့် မော်တော်ယာဉ်များကိုသာ ရောင်းချပေးမည်ဖြစ်ကြောင်း ယင်းတင်ဒါ လေလံတင်ရောင်းချရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကော်မတီအနေနှင့် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် သြဂုတ်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးမှူးရုံးတွင် ရောင်းချပေးမည်ဖြစ်ပြီး ယင်းအိတ်ဖွင့် တင်ဒါစနစ်ကို သြဂုတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့များအတွင်း နံနက် ၁ဝ နာရီမှ စတင်၍ လေလံတင် ထုခွဲရောင်းချ ပေးမည်ဖြစ်ကြောင်း အဆိုပါရုံး စီမံဌာနထံမှ စုံစမ်း သိရှိရသည်။
Credit To >>> The Voice Weekly
0 comments:
Post a Comment