1.9.16

ဖားကန့်ဒေသ၌ သက်တမ်းကုန်ဆုံးသည့် ကျောက်စိမ်းလုပ်ကွက်များမှာ မည်သည့်လုပ်ကွက်များ ဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ပေးရန် လိုအပ်ဟု ဒေသခံများပြောကြား

သတ္တုတွင်း ဦးစီးဌာနမှ ကြေညာထားသည့် ဖားကန့်ဒေသရှိ သက်တမ်းကုန် လုပ်ကွက်များမှာ မည်သည့် လုပ်ကွက်များ ဖြစ်ကြောင်း ပြည်သူများ အတိအကျ သိရှိနိုင်ရန် သက်ဆိုင်ရာက သက်တမ်းကုန်လုပ်ကွက် စာရင်းနှင့် အမည်များ ထုတ်ပြန်ပေးရန် လိုအပ်ကြောင်းဟု ဒေသခံများက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၆ ဇူလိုင်လကလုပ်ကွက် ပေါင်း ၃၁၀ ခု သက်တမ်းကုန်ဆုံးကြောင်း သိရပြီး ၎င်းတို့မှာ လုံးခင်း - ဖားကန့် ရတနာနယ်မြေတွင် ၉၃ ခု၊ ခန္တီးရတနာ နယ်မြေတွင် ၃၆ ခု၊ မိုးညှင်းရတနာ နယ်မြေတွင် ၁၅၁ ခု၊ မိုးကုတ်၊ မိုင်းရှုး၊ နန့်ယားဆိပ်ရတနာ နယ်မြေတွင် ၃၀ ခုတို့ သက်တမ်း ကုန်ဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင်စက်တင်ဘာလအတွင်း သက်တမ်းကုန်ဆုံးမည့် လုပ်ကွက်များမှာလည်း ၃၂၁ ခုရှိနေပြီး  ၎င်းတို့မှာလုံးခင်း -
ဖားကန့်ရတနာ နယ်မြေတွင် လုပ်ကွက် ၃၈ ခု၊ ခန္တီးရတနာ နယ်မြေတွင် ၈၃ ခု၊ မိုးညှင်း ရတနာနယ်မြေတွင် ၁၅၅ ခု၊ မိုးကုတ်တွင် ၃၂ ခုနှင့် မိုင်းရှုးတွင် ၁၃ ခုတို့ဖြစ်ကြောင်း သတ္တုတွင်း ဦးစီးဌာနက ကြေညာထားသည်။
သတ္တုတွင်း ဦးစီးဌာနမှ သက်တမ်းကုန်ဆုံးသည့် လုပ်ကွက်အရေအတွက်သာ ကြေညာခဲ့သော်လည်း မည်သည့်ကျေးရွာ အနီးရှိ မည်သည့်လုပ်ကွက် ဖြစ်သည်ကို ပြည်သူများသိရှိအောင် ချပြခြင်း မရှိသည့်အတွက် အောက်ခြေတွင် မသမာမှုများ ဆက်ရှိနေနိုင်ကြောင်း ဒေသခံများက ပြောကြားသည်။
“သူတို့က ကြေညာတယ်ဆိုတာက ယေဘုယျလောက်ပဲ ကြေညာသွားတယ်။ အဓိက ဘယ်ကုမ္ပဏီက ဘယ်လိုဘယ်လုပ်ကွက်၊ဘယ်နားက ဖြစ်ပါတယ်။ ရက်ပေါင်းဘယ်လောက်မှာ ကုန်သွားပါတယ် စသဖြင့်ပေါ့။ အဲဒီလိုဖြစ်ရမှာလေ။ အခုက ခုနကပြောသလို ဘယ်ကုမ္ပဏီတွေက လွန်လို့လွန်သွားပြီး ဘယ်သူက ဆက်လုပ်နေမှန်းကို မသိတာလေ။ ဘယ်လုပ်ကွက်တွေ သက်တမ်းကုန်မှန်း မသိတော့ ကျွန်တော်တို့ အဖွဲ့အစည်းကလည်း စောင့်ကြည့်လို့မရဘူး။ အရင်က ၀န်ကြီးနဲ့တွေ့လို့ ဒီကိစ္စကိုမေးတော့ သူက လုံးခင်းကျောက်စိမ်းရုံးမှာ သွားမေးပါလို့ ပြောတယ်။ ကျွန်တော်တို့ သွားမေးတော့ ပြောခွင့်မရှိဘူးဆိုပြီး ကျောက်စိမ်းရုံး တာဝန်ရှိသူက မပြောပြပါဘူး။ အမှန်က ဘယ်လုပ်ကွက်တွေ သက်တမ်းကုန်သွားတယ်ဆိုတာ လူထုကိုချပြရမှာလေ။ အခုက ပွင့်လင်းမြင်သာမှု မရှိဘူး” ဟု ဖားကန့်အခြေစိုက် ကချင်အမျိုးသားဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးလမောင်လတောင်က ပြောကြားသည်။
ကုမ္ပဏီလုပ်ကွက်များ သက်တမ်းကုန်ဆုံးပြီးပါက လက်ရှိနေရာမှ ယာဉ်ယန္တရားများ၊ အဆောက်အအုံများ အမြန်ဆုံးဖယ်ရှားရန် လိုအပ်ကြောင်း ဒေသခံများက ဆိုသည်။
“ပြီးခဲ့တဲ့ ဇူလိုင်လကုန်က လုံးခင်း - ဖားကန့် ရတနာနယ်မြေမှာ လုပ်ကွက် ၉၃ ခု သက်တမ်း ကုန်ဆုံးတယ်လို့ သိရတယ်။ အဲဒီလုပ်ကွက်တွေဟာ ဘယ်လုပ်ကွက်တွေမှန်း အခုထိမသိရဘူး။ သက်တမ်းကုန်တယ်လို့ ထင်ရတဲ့ လုပ်ကွက်တွေမှာလည်း အဆောက်အအုံတွေ၊ ယန္တရားတွေ ဖယ်ရှားတာမတွေ့ရဘူး။ သူတို့ဘက်ကလည်း သက်တမ်းထပ်တိုးလို့ ရလိုရငြား စောင့်နေတဲ့ သဘောရှိတယ်။ အဲဒီမှာ အပြင်က ရေမဆေးတွေနဲ့ ပြဿနာတွေ ဖြစ်ကြတယ်။ ရေမဆေးတွေကလည်း လုပ်ကွက်တွေ သက်တမ်းကုန်တာ သိထားတယ်။ ဘယ်ဟာမှန်းမသိဘူး။ ရှာစရာ မရှိတော့ လုပ်ကွက်တွေ သက်တမ်းကုန်ပြီဆိုပြီး ၀င်ရှာကြတယ်။ ဒီတော့ ကုမ္ပဏီနဲ့ရေမဆေးသမားတွေ မကြာခဏ ပြဿနာ ဖြစ်နေကြတယ်” ဟု ဆိပ်မူကျေးရွာအုပ်စုမှ ဦးထွေးမောင်က ဆိုသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment