7.10.16

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ချင်းမိုင် ခရီးစဉ်သစ်နှင့် စင်ကာပူခရီးစဉ်ကို တိုးချဲ့ပြေးဆွဲ


မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines -MNA.) မှ ခရီးစဉ်သစ်တစ်ခုဖြစ်သည့် ရန်ကုန်-ချင်းမိုင် -ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး လက်ရှိပြေးဆွဲလျက်ရှိသော ရန်ကုန်- စင်ကာပူ- ရန်ကုန် ခရီးစဉ်ကို ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။

နိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ပြည်ပခရီးစဉ် တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ပျံသန်းပြေးဆွဲမှုကို နိုဝင်ဘာ ၄ ရက်မှ စတင်ကာ တနင်္လာနေ့နှင့် သောကြာနေ့ တစ်ပတ်လျှင် နှစ်ကြိမ် ပြေးဆွဲပေးသွားမည် ဖြစ်သည်။ စင်ကာပူသို့ ထပ်မံတိုးချဲ့ပြေးဆွဲမှုကို ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ယခင်က နံနက်ပိုင်း ပြေးဆွဲပေးနေရာမှ ထပ်မံတိုးချဲ့ကာ ညနေပိုင်းတွင် တနင်္လာနေ့မှ သောကြာနေ့အထိ (၅)ကြိမ် တိုးချဲ့ပြေးဆွဲသွားမည်ဟု သိရသည်။
နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းမှ မြန်မာအမျိုးသားလေကြောင်းလိုင်းအမည်ဖြင့် ကော်ပိုရေးရှင်းအသွင် ဖွဲ့စည်း ဆောင်ရွက်ခဲ့မှုတွင် ၂ဝ၁၅ ခုနှစ် ဇွန်လမှစတင်ကာ ဘိုးရင်းလေယာဉ်သစ်များ စတင်ရောက်ရှိလာခဲ့ပြီး ပြည်ပခရီးစဉ်များ စတင်ပြန်လည် ပြေးဆွဲခဲ့ရာ ရန်ကုန်-စင်ကာပူ- ရန်ကုန်ခရီးစဉ်ကို စတင်ပြေးဆွဲခဲ့သည်။ ဆက်လက်၍ အသစ်ထပ်မံ ရောက်ရှိလာသော လေယာဉ်သစ်ဖြင့် ၂ဝ၁၅ ဒီဇင်ဘာတွင် ရန်ကုန်- ဟောင်ကောင်- ရန်ကုန် ခရီးစဉ်ကို ထပ်မံပြေးဆွဲခဲ့ပြီး ၂ဝ၁၆ နှစ်ဆန်းပိုင်းတွင် ရန်ကုန်- ဗန်ကောက်- ရန်ကုန်ခရီးစဉ်ကို ထပ်မံပြေးဆွဲခဲ့သည်။ ယခုအခါ ထပ်မံ၍ စတုတ္ထမြောက် ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်သို့ ခရီးစဉ်သစ်ကို ATR 72-600,68 ယောက်စီး လေယာဉ်ဖြင့် တိုးချဲ့ပြေးဆွဲမည်ဖြစ်ပြီး မကြာမီ ဗီဇာကင်းလွတ်ခွင့် ရရှိတော့မည့် စင်ကာပူသို့ နံနက်ပိုင်းတွင်သာမက ညနေပိုင်း အချိန်များတွင်လည်း ခရီးစဉ်တိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်သည်။
မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် အဆိုပါ ပြည်ပခရီးစဉ်များအပြင် ခရီးစဉ်သစ်များ ဆက်လက် ပြေးဆွဲနိုင်ရန်အတွက် ဘိုးရင်းလေယာဉ်သစ်များ ထပ်မံရောက်ရှိရန်ရှိပြီး ပြင်သစ်နိုင်ငံထုတ် ATR 72/600 မျိုးဆက်သစ် လေယာဉ်ခြောက်စင်းအနက် သုံးစင်းလက်ခံရရှိပြီးဖြစ်ကာ ပြည်ပခရီးစဉ် များနှင့် ပြည်တွင်းခရီးစဉ် ၂၇ မြို့ကို တစ်ဆက်တည်း ချိတ်ဆက်ပြေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment