18.11.16

သီလ၀ါ အထူးစီးပွားရေးဇုန်၌ ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ကုမ္ပဏီ Ball က အချိုရည်နှင့် အဖျော်ယမကာသုံး သံဘူးများ တစ်နှစ်လျှင် သန်း ၅၀၀ ခန့် ထုတ်လုပ်နိုင်မည်ဟု သိရ

သီလ၀ါ အထူးစီးပွားရေးဇုန်၌ ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန် ကုမ္ပဏီ Ball က မြန်မာနိုင်ငံအတွက် အချိုရည်နှင့် ယမကာသုံး သံဘူးများ တစ်နှစ်လျှင် သန်း ၅၀၀ ခန့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း Ball Asia Pacific (Yangon) Metal Container Ltd ၏ Country Manager ဦးမင်း တလဥာဏ်က ပြောကြားသည်။

အမေရိကန်နိုင်ငံမှ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးအနီး အကောင်အထည် ဖော်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန် Zone A တွင် တည်ဆောက်ထားသော Ball Asia Pacific (Yangon) Metal Container Ltd ၏ စက်ရုံဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၆ ရက်က အဆိုပါ စက်ရုံနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Ball စက်ရုံသည် အချိုရည်နှင့် အဖျော်ယမကာသုံး သံဘူးများအား တစ်နှစ်လျှင် သန်း ၅၀၀ ခန့်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အချိုရည်နှင့် အဖျော်ယမကာ လုပ်ငန်းများအား ဖြည့်ဆည်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံအား ၂၀၁၅ ခုနှစ်တွင် စတင်တည်ဆောက်ကာ ဒေါ်လာ ၄၅ သန်းခန့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသား အပါအ၀င် ၀န်ထမ်းပေါင်း ၁၀၀ ခန့်အား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်သို့ ကမ္ဘာ့အကြီးဆုံး စားသောက်ကုန် စည်ဘူးခွံ ထုတ်လုပ်ဖြန့်ချိနေသည့် အမေရိကန်ကုမ္ပဏီ Ball မှာပထမဦးဆုံး အမေရိကန် ရင်းနှီးမြှုပ်နှံမှုအဖြစ် စတင်ဝင်ရောက် လာခြင်းဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇွန် ၆ ရက် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်တွင် ကျင်းပသည့် Ball Myanmar Announcement Ceremony June-6 2014 အခမ်းအနားမှ သိရသည်။

အဆိုပါ အခမ်းအနားတွင် Ball ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လုပ်ငန်းများ စတင်လုပ်ကိုင်နိုင်ရန်အတွက် MoU ရေးထိုးခဲ့ခြင်းဖြစ်သည်။

Ball Corporation သည် နှစ်ပေါင်း ၁၃၀ ကျော်တိုင် ဘဏ္ဍာရေးအရ ရေရှည်တည်တံ့နေသည့် လုပ်ငန်းစုဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံး အဖျော်ယမကာ လုပ်ငန်းများ၊ အရည်အသွေးမြင့် ထုပ်ပိုးနိုင်ရန်အတွက် အဓိက ၀န်ဆောင်မှု ပေးနေသည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။ Ball သည် စားသောက်ကုန် စည်သွတ်ဘူးခွံများ ထုတ်လုပ်သည့် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်ပြီး အမေရိကတိုက်၊ ဥရောပတိုက်၊ အာရှတိုက်နှင့် တစ်ကမ္ဘာလုံးရှိ ဈေးကွက်ထဲသို့ ထုတ်လုပ်ဖြန့်ချိ ပေးလျက်ရှိကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment