9.11.16

ကန်ဒေါ်လာ ဒသမ ၃ သန်း ရင်းနှီးမြှုပ်နှံထားသည့် အဆင့်မြင့်စားသုံးဆီစက်ရုံ စတင်လည်ပတ်

ကိုရီးယားနိုင်ငံအခြေစိုက် နံပါတ်(၁)စားသောက်ကုန် ကုမ္ပဏီဖြစ်သော CJ CheilJedang ကုမ္ပဏီမှ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီဖြစ်သည့် အရည်အသွေးမြင့် စားသုံးဆီများကို ကျန်းမာရေးလုံခြုံမှုနှင့်အတူ မြန်မာစားသုံးသူများအတွက် သင့်လျော်သောဈေးနှုန်းဖြင့် ထုတ်လုပ်ဖြန့်ချိတော့မည်ဖြစ်ရာ မြန်မာ့ပထမဦးဆုံးသော ခေတ်မီစားသုံးဆီစက်ရုံကို သီလဝါအထူးစီးပွားရေးဇုန်၌ ယနေ့နံနက်ပိုင်းက စတင်လည်ပတ်လျက်ရှိနေပြီဖြစ်သည်။

CJ CheilJedang ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် CJ Foods Myanmar အမည်ဖြင့် မြန်မာ့ပထမဦးဆုံးသော ခေတ်မီစားသုံးဆီစက်ရုံဖွင့်ပွဲ အခမ်းအနားကို အကွက်(၁) သီလဝါအထူးစီးပွားရေးဇုန်ရှိ CJ Foods Myanmar စက်ရုံ၌ ယနေ့နံနက် ၁ဝ နာရီက ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊သီလဝါအထူးစီးပွားရေးစီမံ ခန့်ခွဲမှုကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဒေါ်ချိုချိုဝင်း၊ မြန်မာ နိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီး ယူဂျယ်ဂယောင်း၊ CJ Group Advisor ဖြစ်သော Mr. Jung Young Soo နှင့် CJ CheilJedang ကုမ္ပဏီမှတာဝန်ရှိသူများက ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ''လက်ရှိ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတစ်ဦးရဲ့တစ်နှစ် ပျမ်းမျှ ဆီစားသုံးခြင်းဟာ ၅ ဒသမ ၅ ပိဿာခန့်ရှိပြီး တစ်ရက် အနေနဲ့ တွက်ချက်မယ်ဆိုရင် ၁ ဒသမ ၅ ကျပ်သားခန့်ရှိပါတယ်။

ဒီပမာဏဟာ ကျန်းမာရေးရှုထောင့်အရ လူတစ်ဦးရဲ့ ပုံမှန်လိုအပ်ချက်ထက် များပြားနေတယ်လို့ သိရပါတယ်။ အဓိကတော့ ကျန်းမာရေးအတွက်ထုံးတမ်း စဉ်လာအရ ဆီစားသုံးမှုကို လျှော့ချရမှာဖြစ်ပါတယ်။ လယ်ယာအခြေခံစက်မှု လုပ်ငန်းများဖွံ့ဖြိုးလာတာနဲ့အမျှ ယင်းတို့အတွက် ကုန်ကြမ်းအဖြစ်လိုအပ်လာမယ့် လယ်ယာထွက်ကုန်များရဲ့ ဈေးကွက်အခွင့်အလမ်းများဟာလည်း ပိုမို ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒီလိုပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ဒေသအသီးသီးက ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်ကြတဲ့ တောင်သူလယ်သမားများအတွက်လည်း သတင်းကောင်း တစ်ရပ်ပဲဖြစ်ပါတယ်။

အခုလိုတောင်သူလယ်သမားများနဲ့ နိုင်ငံ့စီးပွားရေး အတွက် အကျိုးရှိစေမယ့် လယ်ယာအခြေခံစက်မှုလုပ်ငန်းများကို တိုင်းဒေသ ကြီးနဲ့ပြည်နယ်များမှာ တိုးချဲ့တည်ထောင်ဆောင်ရွက်လာနိုင်တာနဲ့အမျှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်လာရေးနှင့် လူမှုစီးပွားဘဝတိုးတက်ရေးလုပ်ငန်း များအပေါ်မှာ ထိရောက်စွာအကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်''ဟု Foods Myanmar စက်ရုံ၏ ခေတ်မီစားသုံးဆီစက်ရုံဖွင့်ပွဲအခမ်းအနား၌ ပြောကြားသည်။

အဆိုပါ CJ CheilJedang ကုမ္ပဏီမှ ခေတ်မီစားသုံးဆီစက်ရုံ တည်ထောင်ရန်အတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ သန်းရင်းနှီးမြှုပ်နှံပြီး ပြည်တွင်းဈေးကွက်အတွင်းရှိ ပဲပိစပ်ဆီနှင့် အခြားဆီများကို ထုတ်လုပ်ရောင်းချ သွားမည်ဖြစ်ကာ CJ333 ဆီ၊ နေကြာဆီနှင့် ဟင်းသီးဟင်းရွက်ဆီများကိုလည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းစားသုံးသူများ၏ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စားသုံးဆီများအား ထုတ်လုပ်လာနိုင်သည်နှင့်အမျှ ပြည်တွင်းပြည်ပဈေးကွက်၌ ပိုမို တိုးချဲ့လာနိုင်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးမူဝါဒများလုပ်ဆောင် ရာတွင် လက်ယာကဏ္ဍနှင့် စက်မှုကဏ္ဍများအား အညီအမျှတိုးတက်မှုရရှိရေး ဆောင်ရွက်နေပြီဖြစ်သည်။ လယ်ယာကဏ္ဍအား ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ သူများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လျက်ရှိပြီး လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်ရှိ CJ Foods Myanmar စက်ရုံ အနေဖြင့် အနာဂတ်ကာလ၌ ဈေးနှုန်းချိုသာ၍ အရည်အသွေးမြင့်သောထုတ်ကုန် များနှင့်အတူ အခြားစားသောက်ကုန်ကဏ္ဍများကိုပါ တိုးချဲ့ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၊ မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အလုပ်အကိုင်အခွင့်အလမ်း များ တိုးမြှင့်ပေးစွမ်းနိုင်ရန် ရည်ရွယ်၍ မြန်မာ့စားသုံးဆီကို နိုင်ငံတကာသို့ တင်ပို့ရောင်းချသွားရန် စီစဉ်ထားကြောင်း CJ CheilJedang ကုမ္ပဏီမှ သိရသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment