9.11.16

ခြောက်လနီးပါး ရပ်ဆိုင်းခဲ့ရသည့် အထပ်မြင့်အဆောက်အအုံ ၄၅ လုံးအား မူလအတိုင်း ပြန်လည်ဆောက်လုပ်ခွင့်ပြုဟု ဆို

ခြောက်လနီးပါး ရပ်ဆိုင်းထားရသည့် အထပ်မြင့်အဆောက်အအုံ ၄၅ လုံးကို မူလအတိုင်း ပြန်လည်ဆောက်လုပ်ခွင့် ပြုခဲ့ကြောင်း ပြန်လည်ဆောက်လုပ်ခွင့် ရရှိခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

ယင်းအဆောက်အအုံ ၄၅ လုံး၏ ဆောက်လုပ်သူများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက နိုဝင်ဘာ ၈ ရက် နံနက်က ခေါ်ယူတွေ့ဆုံကာ ပြန်လည်ဆောက်လုပ်ခွင့်ပြုကြောင်း စာထုတ်ပေး လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါအဆောက်အအုံ ၄၅ လုံးသည် ယခင်အစိုးရလက်ထက်က မူအားဖြင့် အောင်မြင်ထားသည့် အဆောက်အအုံများဖြစ်ပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ပြန်လည်ပြင်ဆင်ရန်၊ ကားပါကင် လိုအပ်ချက်များ ပြင်ဆင်ရန် စသည့်အချက်များ ပြင်ဆင်ရန် လိုအပ်သဖြင့် ရန်ကုန်မြို့တော်စည်ပင်က စက်တင်ဘာလအတွင်း ခေါ်ယူပြောကြားခဲ့ပြီး ယင်းအတိုင်းပြင်ဆင်ပြီးပါက ဆောက်လုပ်ခွင့် ပြုမည်ဆိုသော်လည်း ပြင်ဆင်ချက်များ ပြန်လည်တင်ပြပြီး နှစ်လနီးပါးကြာမြင့်ချိန်မှသာ ဆက်လက်ဆောက်လုပ်ခွင့် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

“ဒီနေ့ အစ်ကိုတို့ကို ခေါ်တွေ့တယ်။ အလုပ်ဆက်လုပ်လို့ရပြီ ဆိုတဲ့အကြောင်း စာထုတ်ပေးတယ်။ ခွင့်ပြုလိုက်ပြီ။ ၄၅ လုံးပါ။ ဘာမှပြင်ဆင်ချက်မရှိဘူး။ အရင်အတိုင်းပဲ ပြန်ဆက်လုပ်ပါလို့ပြောတယ်။ ကျန်တဲ့ ၁၃၀ မှာ ၂၁ လုံးကတော့ သူတို့မနေ့က စစ်တယ်လို့ ပြောတယ်။ နည်းနည်းလေးတော့ ပြန်တိုင်ပင်ဦးမယ်။ ကျန်တဲ့ ၁၀၉ လုံးကတော့ လွတ်သွားပြီလို့ ပြောတယ်။ ရှေ့အပတ်ထဲမှာ ခွင့်ပြုမိန့် ထုတ်ပေးမယ်လို့ပြောတယ်” ဟု အဆောက်အအုံ ဆက်လက်ဆောက်လုပ်ခွင့်ရရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အဆိုပါ အထပ်မြင့်အဆောက်အအုံ ၄၃ လုံးအပါအ၀င် အထပ်မြင့်အဆောက်အအုံ ၂၀၀ နီးပါးအား ယခုအစိုးရက ပြန်လည်စိစစ်မည်ဖြစ်သောကြောင့် ရပ်ဆိုင်းထားရန် မေ ၁၄ ရက်က တရားဝင်ညွှန်ကြား ချက်ထုတ်ပြန်ကာ ရပ်ဆိုင်းစေခဲ့ခြင်းဖြစ်သောကြောင့် ယခုအဆိုပါအဆောက်အအုံများ ရပ်ဆိုင်းထားရသည်မှာ ခြောက်လနီးပါး ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ရပ်ဆိုင်းထားရသည့် အထပ်မြင့်အဆောက်အအုံ ၂၀၀ နီးပါး အနက် ၁၂ လုံးအား ဦးစားပေး အဆောက်အအုံများအဖြစ် ပြန်လည်စိစစ်ခဲ့ရာ စည်းကမ်းနှင့်မကိုက်ညီဟုဆိုကာ ရန်ကုန်တိုင်းအစိုးရက အထပ်များပြန် လျှော့ရန်ညွှန်ကြားခဲ့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ အသနားခံစာတင်ပြခဲ့သည့်အတွက် ယင်း အဆောက်အအုံများကို ပြန်လည် စိစစ်ခဲ့ရာတွင် သုံးလခန့်ကြာမြင့်ပြီးမှ အထပ်များမလျှော့တော့ဘဲ မူလအတိုင်းသာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ယခု ပြန်လည်ခွင့်ပြုသည့် အဆောက်အ အုံ ၄၅ လုံးမှာလည်း ရပ်ဆိုင်းထားပြီး ခြောက်လနီးပါး ကြာမြင့်သည့်အချိန်မှသာ ပြန်လည်လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ယခုကဲ့သို့ အထပ်မြင့်အဆောက်အအုံများ ရပ်ဆိုင်းထားရခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များဘက်တွင် နစ်နာမှုများစွာရှိနေပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို မှီခိုလုပ်ကိုင်နေရသည့် အလုပ်သမားများလည်း အလုပ်လက်မဲ့များစွာဖြစ်နေရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းအသိုင်းအ၀ိုင်းမှ သိရသည်။

“အခုကတော့ တိုက်ဆောက်မိန့်တော့ ရသွားပြီ။ ၀ယ်သူရှာရမယ့် နောက်တစ်ပူရှိတာပေါ့။ အခုက တိုက်ဆောက်တဲ့သူကလည်း အရမ်းများနေတယ်။ ပြီးတော့ ဒီကိစ္စ ဖြစ်တော့ ၀ယ်ယူကလည်း ယုံကြည်မှုအရမ်း လျော့သွားတယ်။ အချိန်တော့ နည်းနည်းပြန်ပေးရမှာပေါ့” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment