21.12.16

သီလ၀ါ အထူးစီးပွားရေးဇုန်၌ နိုင်ငံစုံက စက်မှုကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာ သန်း ၉၀၀ ကျော်အထိ ၀င်ရောက်မြှုပ်နှံထား

သီလ၀ါအထူး စီးပွားရေးဇုန်တွင် နိုင်ငံပေါင်းစုံမှ စက်မှုကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာ သန်းပေါင်း ၉၀၀ ကျော်အထိ ၀င်ရောက်မြှုပ်နှံထားကြောင်း ဒီဇင်ဘာလ ၁၉ ရက်က ရန်ကုန်မြို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“သီလ၀ါမှာ အများဆုံးက စက်မှုကဏ္ဍ ဖြစ်ပါတယ်။ သီလ၀ါ အထူးစီးပွားရေးဇုန်ထဲမှာ ယခုနှစ်အတွင်း စီးဝင်လာတဲ့ ပမာဏက ဒေါ်လာသန်းပေါင်း ၁၉၀ ရှိပါတယ်။၂၀၁၄-၂၀၁၅ကနေ စပြီးတော့ ၂၀၁၆-၂၀၁၇ နိုဝင်ဘာလအထိ လုပ်ငန်းပေါင်း ၇၅ ခု ခွင့်ပြုပြီး ဖြစ်ပါတယ်။ စဖွင့်တဲ့အချိန်ကနေ အခုအချိန်အထိ ၀င်လာတဲ့ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းက ဒေါ်လာ ၉၀၃ သန်း ၀င်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ ဘယ်ကဏ္ဍ အများဆုံးလဲဆိုရင် စက်မှုကဏ္ဍက ၇၆ဒသမ၃၈ ရာခိုင်နှုန်း ရှိပါတယ်။ သယ်ယူပို့ဆောင်ရေးက ၇ ဒသမ ၇၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၀န်ဆောင်မှုလုပ်ငန်း က ၇ ဒသမ ၄၄ ရာခိုင်နှုန်း၊ ရောင်းဝယ်ရေးက ငါးခုဝင်ပါတယ်။ ၆ ဒသမ ၀၁ ရာခိုင်နှုန်း၊ နောက် Real Estate က ၂ ဒသမ ၄၄ ရာခိုင်နှုန်း ၀င်ရောက်ခဲ့ပါတယ်။ သီလ၀ါရဲ့ ကဏ္ဍမှာ အားလုံးခြုံလိုက်ရင်တော့ စက်မှုကဏ္ဍက လေးပုံသုံးပုံလောက် ၀င်ရောက်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။


မြန်မာနိုင်ငံ၏ ပထမဦးဆုံး အထူးစီးပွားရေးဇုန်ဖြစ်သော သီလ၀ါ အထူးစီးပွားရေးဇုန်အား ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် စီးပွားဖြစ် စတင်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် Zone A ၌ ၉၅ ရာခိုင်နှုန်း အထက်ကို ရောင်းပြီးသွားပြီဖြစ်ကာ လက်ရှိအချိန်၌ Zone A အတွင်း ရောင်းရမည့်မြေပင် သိပ်မကျန်တော့ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် Zone A တွင် နိုင်ငံတကာမှ ကုမ္ပဏီ ၆၈ ခုအထိ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ရရှိထားပြီး ပမာဏ ဒေါ်လာသန်း ၈၈၀ အထိ ၀င်ရောက်မြှုပ်နှံထားကြောင်း ဦးမြင့်ဇော်က ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် Zone B ၁၀၁ ဟက်တာ၏ တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက်နိုင်ရန် ခန့်မှန်းထားကြောင်း Myanmar Japan Thilawa Development Ltd -MJTD rS Officer & General Manager ဦးမြင့်ဇော်က ပြောကြားသည်။

အဆိုပါ သီလ၀ါအထူးစီးပွားရေးဇုန် Zone B ၁၀၁ ဟက်တာကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဂျပန်နှင့် မြန်မာနိုင်ငံတို့အကြား Joint Venture Agreement Amendment လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၂၁ ရက်က နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီလ မြန်မာအစိုးရသစ် လက်ထက်မှစတင်၍ သီလ၀ါအထူး စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူ အရေအတွက် ပိုမိုများပြားလာပြီး လက်ရှိအချိန်၌ သီလ၀ါတွင် နိုင်ငံပေါင်း ၁၇နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ စုစုပေါင်း ၇၈ ခုရှိကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment