20.12.16

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များအနေဖြင့် အမှန်တကယ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုသာ တာဝန်ခံ ကတိပေးရန်လိုအပ်ကြောင်းနှင့် တာဝန်ခံကတိပေးပြီးသည့် လုပ်ငန်းများကို ပြီးပြတ်အောင် ဆောင်ရွက်ပေးသင့်ကြောင်း လွှတ်တော်ကော်မတီ အကြံပြု

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များအနေဖြင့် အမှန်တကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုသာ တာဝန်ခံကတိပေးရန် လိုအပ်ကြောင်းနှင့် တာဝန်ခံကတိပေးပြီးသည့် လုပ်ငန်းများကို ပြီးပြတ်အောင် ဆောင်ရွက်ပေးသင့်ကြောင်း အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက အကြံပြု ထားသည်။

ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အဆိုပါကော်မတီက ဒုတိယအကြိမ်အမျိုးသား လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည့်အဆို၊ မေးမြန်းခဲ့သည့် မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာတင်သွင်းစဉ် ထိုကဲ့သို့ အကြံပြုခဲ့ခြင်းဖြစ်သည်။
ကော်မတီ၏အစီရင်ခံစာတွင် ကတိများ ပီပြင်စွာဖြစ်ပေါ်ရေးနှင့် တိကျစွာ အကောင်အထည်ဖော်ရေးအတွက် လွှတ်တော်တွင် လာရောက်ဖြေကြားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များအနေဖြင့် အမှန်တကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုသာ တိတိပပ တာဝန်ခံကတိပေးရန် လိုအပ်ကြောင်း၊ တာဝန်ခံကတိပေးပြီးသည့် လုပ်ငန်းများကိုလည်း ပီပီပြင်ပြင် ပြီးပြတ်အောင် ဆောင်ရွက်ခြင်းအားဖြင့် လွှတ်တော်နှင့်အစိုးရ၏ ဆောင်ရွက်ချက်များ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ကော်မတီအနေဖြင့် ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့်ပတ်သက်ပြီး သတ်မှတ်သည့်ကာလအတွင်း အကောင်အထည်ဖော်မှု ရှိ မရှိ၊ စံချိန်စံညွှန်း အရည်အသွေး ပြည့်မီမှု ရှိ မရှိ၊ အမှန်တကယ်ပြီးစီးမှု ရှိ မရှိ အခြေအနေများကို ကွင်းဆင်း စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ပါက ကျွမ်းကျင်ပညာရှင်များ၏ အကူအညီကိုယူကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်ထောင်စုအဆင့် တာဝန်ရှိသူများက ကတိဖြစ်ပေါ်ခဲ့မှုများကို လစဉ်အစီရင်ခံစာ ရေးသားပေးပို့ခြင်း၊ မေးခွန်းမေးမြန်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များမှလည်း မြေပြင်တွင် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့် ညီ မညီ၊ မည်သည့် အခြေအနေအထိ ဆောင်ရွက်ပြီးကြောင်း၊ ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ချက်အ တိုင်း ဆောင်ရွက်ပြီးစီးခြင်း ရှိ မရှိကို စောင့် ကြည့်ပြီး ကော်မတီထံသို့ အစီရင်ခံစာများရေး သားပေးပို့ရန် ကော်မတီက တိုက်တွန်းသည်။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ ကတိက၀တ်ပြုခဲ့သည့်အတိုင်း မည်သည့်နှစ်၊ မည်သည့်ဘတ်ဂျက်တွင် တင်ပြတောင်းခံပါမည်ဟု ဖြေဆိုခဲ့ပါက လျာထားဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ကိုယ်စား တာဝန်ခံဖြေကြားပေးသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ပုဂ္ဂိုလ်များအနေဖြင့် ၀န်ကြီးဌာနတွင် ဖြစ်ပေါ်နေသည့် ကတိက၀တ်အား သက်ဆိုင်ရာပြည်နယ်/တိုင်း အစိုးရအဖွဲ့အား လွှဲပြောင်းစေလိုပါက အစည်းအဝေးပြုလုပ်ချိန်တွင် တစ်ခါတည်း ဆွေးနွေးရန်နှင့် ညှိနှိုင်းဆောင်ရွက်မှု မပြီးမြောက်ပါက ဖြေကြားခဲ့သည့် ၀န်ကြီးဌာနမှ တာဝန်ယူကာ တွန်းအားပေးရန်လိုအပ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
လွှတ်တော်တွင် ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများကို ကတိအတိုင်းဆောင်ရွက်ပြီး စီးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် နှစ်အလိုက်ဘတ်ဂျက်များတွင် ထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း၊ ဘတ်ဂျက်စိစစ်ရေး အဖွဲ့များအနေဖြင့် ကတိဖြစ်ပေါ်သည့် လုပ်ငန်းများကို ဘတ်ဂျက်တွင် ထည့်သွင်းလာပါက ခွင့်ပြုပေးရန်လိုအပ်ကြောင်း အဆိုပါကော်မတီက အကြံပြုထားသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၄၇ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၇၂ ခု၊ အဆိုသုံးခု တင်သွင်းခဲ့ကြောင်း၊ ကြယ်ပွင့်ပြမေးခွန်း ၁၄၇ ခုတွင် မေးခွန်း ၈၇ သည် ကတိဖြစ်ပေါ်ခဲ့ကြောင်း၊ ကြယ်ပွင့်မပြ မေးခွန်း ၇၂ ခုအနက် မေးခွန်း ၃၄ ခု ကတိဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုသုံးခုတင်သွင်းခဲ့သည့်အနက် အဆိုတစ်ခု အတည်ပြုခဲ့ပြီး အဆိုတစ်ခုအား မှတ်တမ်းတင်ခဲ့ကာ အတည်မပြုခဲ့သည့်အဆိုတစ်ခုရှိကြောင်း အစီရင်ခံစာအရ သိရသည်။
အတည်ပြုခဲ့သည့်အဆို၊ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၊ ပြည်ထောင်စု ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ ကတိဖြစ်ပေါ်မှုမှတ်တမ်းများ ပေးပို့ထားကြောင်း၊ လုပ်ငန်းဆောင်ရွက် တိုးတက်ပြီးစီးမှုများကို လစဉ်ပြန်ကြားစေကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။  
Credit To >>> Eleven Media Group


0 comments:

Post a Comment