9.2.17

ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာတွင် တည်ဆောက်မည့် မိုးပျံပူဖောင်းဖြင့် ရန်ကုန်မြို့ ရှုခင်းကြည့်စီမံကိန်း လုပ်ကိုင်ခွင့်ရရှိ

ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာတွင် တည်ဆောက်မည့် မိုးပျံပူဖောင်းဖြင့် ရန်ကုန်မြို့ရှုခင်းကြည့် စီမံကိန်းအား Myanmar Voyages International Tourism ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။

“Ballon ကိစ္စက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ Myanmar Voyages International Tourism ကုမ္ပဏီနဲ့ စာချုပ်ချုပ် ဖြစ်ပါတယ်။ မြေငှားရမ်းတဲ့ စာချုပ်က အကျယ်အ၀န်း စတုရန်းပေ ၂၇၇၀၀ ဖြစ်ပါတယ်။ လုပ်ငန်းလုပ်ရမှာက မိုးပျံပူဖောင်းဖြင့် ရန်ကုန်မြို့တော် ရှုခင်းသာအား ကောင်းကင်ယံမှ ကြည့်ရှုခံစားနိုင်သည့် လုပ်ငန်းပေါ့။ စာချုပ်မှာ ဖေဖော်ဝါရီ ၁ရက်ကနေ ဇန်န၀ါရီ ၃၁ ရက် ၂၀၂၇ ခုနှစ်အထိ ၁၀နှစ်ကို တစ်ကြိမ်တည်းနဲ့ စာချုပ်ချုပ်ဆိုပါတယ်။ ဒီမှာ ပထမဦးဆုံး မြေစပြီးတော့ လုပ်တဲ့အချိန်မှာ မြေငှားရမ်းခကို တစ်စတုရန်းပေကို ၃၉၆၈ ကျပ်နှုန်းနဲ့ မြေငှားရမ်းခကို ကောက်ခံပါတယ်။ စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၃၀ ပြည့်တဲ့ အချိန်ကျရင် တစ်နှစ်စာကို သိန်း ၁၀၉၉ ကျပ်ကို မြေငှားရမ်းခအနေနဲ့ ပေးသွင်းရပါမယ်။ နောက်ပြီးတော့ Land Use Premium ကြေးကို သုံးလစာ ပေးသွင်းရပါမယ်။ လုပ်ငန်းအနေနဲ့ မိုးပျံပူဖောင်း လုပ်ငန်းတစ်ခုတည်းပဲ လုပ်ရမှာ ဖြစ်ပါတယ်။ လုပ်ငန်း စည်းမျဉ်းစည်းကမ်းထဲမှာတော့ မိုးပျံပူဖောင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းအတွက်ကတော့ စတုရန်းပေ ၂၇၇၀၀ မှာ အသုံးပြုခွင့် ပေးထားပါတယ်” ဟု ဦကိုကိုလင်းက ပြောကြားသည်။


လက်ရှိတွင် မိုးပျံပူဖောင်းနှင့် ပတ်သက်သည့် လုပ်ငန်းအတွက် မြေနေရာအကျယ်အ၀န်း စတုရန်းပေ ၂၇၇၀၀၊ ဧည့်ကြိုကောင်တာနှင့် ပစ္စည်းသိမ်းရန်နေရာ ၂၆×၂၆ ပေ တစ်နေရာ၊ စောင့်ဆိုင်းရန်နေရာ တစ်နေရာ၊ လက်မှတ်ရောင်းသည့် နေရာတစ်နေရာ၊ ထိန်းချုပ်ခန်းနေရာ တစ်နေရာ၊ စတိုခန်းတစ်နေရာ၊ စက်ခန်းတစ်နေရာ၊ လုံခြုံရေးနေရာ တစ်နေရာပေးထားကြောင်း သိရသည်။အဆိုပါ ငှားရမ်းထားသည့် မြေနေရာတွင် မည်သည့်လုပ်ငန်းကိုမျှ လုပ်ကိုင်ခွင့် ၊ ထပ်တိုး လုပ်ကိုင်ခွင့်မပြုကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာ ကုမ္ပဏီတို့အကြား စာချုပ်ထဲတွင် ဖော်ပြထားသည်။

“လက်ရှိမှာ Land Use Premium ကြေးပေးသွင်းပြီး ပါပြီ။ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ အစ်ကိုတို့ EC မှာ တင်ပြလိုက်တဲ့ အခါကျတော့ မိုးပျံပူဖောင်း လုပ်ငန်းသာ ဆောင်ရွက်ခွင့်ပြုရန်ဆိုပြီးတော့ ရန်ကုန်တိုင်းဒေသကြီးက ခွင့်ပြုပါတယ်။ အဲဒါကို EC ကို ဆက်တင်လိုက်တဲ့အခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒါနဲ့ပတ်သက်ပြီးတော့ မိုးပျံပူဖောင်းသာ ဆောင်ရွက်ရန်ဆိုတဲ့ ညွှန်ကြားချက်နဲ့အညီ ဆက်လက်ပြီးတော့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ တိုင်းဒေသကြီးရဲ့ လမ်းညွှန်မှာကြားချက် ပါပါတယ်။ကျွန်တော်တို့ ကော်မတီရဲ့ လမ်းညွှန်မှာကြားချက်တွေနဲ့အညီ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အခြား စားသောက်ဆိုင်တို့၊ ဘာတို့ညာတို့ သူတင်တဲ့ အထဲမှာပါပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ တိုင်းဒေသကြီးက လုံးဝခွင့်မပြုပါဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၁ ရက် က ရန်ကုန်တိုင်းဒေသကြီး အစိုးရကို တင်ပြခဲ့ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က အတည်ပြုချက်ကို ဒီဇင်ဘာ ၂၈ ရက် ပြန်လည်ပေးပို့ပေးခဲ့ပြီး ယခင်က စီမံကိန်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည့် ဧရိယာစတုရန်း ပေလေးသောင်းကျော်အစား စတုရန်းပေ ၂၇၇၀၀ နှင့်သာ ညှိနှိုင်းဆောင်ရွက်စေခဲ့ကြောင်း၊ မိုးပျံပူဖောင်း စီမံကိန်းနှင့်ပတ်သက်ပြီး မိုးပျံပူဖောင်း လုပ်ငန်းသာပေးရန်ဟု ပြန်လည်ညွှန်ကြားထားကြောင်း သိရသည်။

ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က “ဒါကို လွှတ်တော်ထဲမှာလည်း ဆွေးနွေးပြီးသားဖြစ်တယ်။ များသောအားဖြင့် မကြိုက်ကြဘူး။ ခဏတာအတွက် ဘာမှမဖြစ်ပေမယ့် ရေရှည်ဆိုရင်တော့ မလွယ်ဘူး။ နေရာရွှေ့လိုက်ရင်အဆင်ပြေသွားမှာ ဖြစ်တယ်။ အစိုးရ ပိုက်ဆံရမယ်ဆိုတာမှန်ပေမယ့် ပြည်သူတွေက မကြိုက်ဘူး ဆိုရင်တော့ ပြည်သူ့ဆန္ဒအတိုင်းလုပ်ရမှာ ဖြစ်တယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့တုန်းက အားလုံးက ဒီဟာကို မလုပ်စေချင်ကြဘူး။ အစိုးရအဖွဲ့က ကျွန်တော်တို့ကို ဒါကိုလုပ်မယ်ဆိုတာ ကျွန်တော်တို့လွှတ်တော်ကို ကြေညာသင့်တာပေါ့၊ အဲဒါမှ လွှတ်တော်ကလည်း ထိတွေ့ဆက်ဆံပြီးမှ လုပ်သင့်တာ” ဟု ၎င်းက ပြောကြားသည်။

“ပြည်သူက ဒီကိစ္စကိုလက်မခံပါဘူး။ ကြေညာတယ်။ အဲဒီအပေါ်မှာ ဘယ်သူက ဘာလုပ်ပေးမလဲဆိုတာကို စောင့်ကြည့်ရမှာပဲ။ ဖေဖော်ဝါရီလကုန်မှာ စမယ့်လွှတ်တော်မှာလည်း အချက်အလက်တွေကို တင်ပြသွားမှာ ဖြစ်တယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

အဆိုပါ မိုးပျံပူဖောင်းစီမံကိန်းသည် ဟီလီယမ်ဓာတ်ငွေ့ကို အသုံးပြုကာရွေ့လျား၍ မရဘဲ တစ်နေရာတည်းတွင် အတက်အဆင်းသာ ပြုလုပ်နိုင်မည်ဖြစ်သော်လည်း အမြင့်ပေ ၄၀၀ ခန့်တွင်ရှိမည်ဖြစ်၍ ရွှေတိဂုံစေတီတော်အမြင့်နှင့် သိပ်မကွာသည့် ကိစ္စအပေါ် စိုးရိမ်မှုများစွာ ရှိနေခြင်းအပြင် အဆိုပါ စီမံကိန်းကြောင့် သစ်ပင်ပန်းအလှပင်များ ရွှေ့ပြောင်းစိုက်ပျိုးရမည် ဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာ ရှင်များကပါ ကန့်ကွက်ထားကြသည့် စီမံကိန်းဖြစ်သည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment