14.2.17

အနာဂတ်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် လူထုအနေဖြင့် မိမိတို့၏ ဖက်ဒရယ်ဆိုင်ရာ ရပိုင်ခွင့်များကို တရားသော၊ မျှတသော၊ တန်းတူညီမျှသော စိတ်ဓာတ်နည်းလမ်းဖြင့် ရယူ တည်ဆောက်သွားကြရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ထုတ်ပြန်


အနာဂတ်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ဖက်ဒရယ်ဆိုင်ရာ ရပိုင်ခွင့်များကို တရားသော၊ မျှတသော၊ တန်းတူညီမျှသော စိတ်ဓာတ်နည်းလမ်းဖြင့် ရယူတည်ဆောက်သွားကြရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖော်ဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် RCSS မှ ပြည်သူလူထုထံသို့ ပေးပို့သော သ၀ဏ်လွှာတွင် အထက်ပါအတိုင်း ထည့်သွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


ရှေးဦးစွာ လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) တွင် ပြည်ထောင်ဘက် အသီးသီးမှ ခေါင်းဆောင်များ၊ လူထုကိုယ်စားလှယ်များသည် ပင်လုံမြို့တွင် စုဝေးခဲ့ကြပြီး တောင်တန်းနှင့်ပြည်မ အတူပူးပေါင်း၍ အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရယူရန် သမိုင်းကြောင်းတစ်လျှောက် ပထမဆုံးသော ပြည်ထောင်စုကြီးကို ဖက်ဒရယ်စနစ်နှင့်အညီ ထူထောင်သွားနိုင်ရန်အတွက် ဆွေးနွေးကြိုးပမ်းခဲ့ကြရာ ၁၉၄၇ ခုနစ် ပင်လုံညီလာခံကြီးမှ တစ်ခဲနက် အတည်ပြုလိုက်သော ပင်လုံစာချုပ်ကြီးနှင့် ပင်လုံကတိက၀တ်များအရ လွတ်လပ်ရေး ရယူနိုင်ခဲ့ပြီး ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ်ပေါက်လာခဲ့ကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ဆက်လက်၍ ပင်လုံညီလာခံတစ်လျှောက် ဆွေးနွေး သဘောတူခဲ့ကြသည့် အချက်များအနက် ထင်ရှားသော အချက်များမှာ တန်းတူညီမျှသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားရန် ရရှိပြီးသား ကိုယ်ပိုင်အုပ်ချုပ်ရေးများကို မည်သည့်နည်းနှင့်မျှ လက်လွတ်စေရေး မပြုလုပ်ရန်၊ ဒီမိုကရေစီနိုင်ငံများတွင် အခြေခံအဖြစ် အသိအမှတ်ပြုထားပြီးသော အခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိရန်နှင့် သျှမ်းပြည်နယ်စု၏ ဘဏ္ဍာရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိပါးမှုမရှိစေရန်တို့ကို စာချုပ်၏ အပိုဒ် ၅၊ ၇၊ ၈ တွင် အလေးအနက် ဖော်ပြခဲ့ကြောင်း၊ သို့ရာတွင် လွတ်လပ်ရေးယူပြီး ၁၀ နှစ်ကျော် ကြာသည်အထိ မူလသဘောတူညီခဲ့သည့်အတိုင်း တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ခြင်း မရှိသည့်အတွက် ၁၉၆၁ ခုနှစ်တွင် တောင်ကြီးညီလာခံ ခေါ်ယူပြီး ပြု ပြင်ရန်လိုအပ်သည့် အချက်များကို ဖြည့်သွင်း ဆွေးနွေးဖော်ပြထားသည့် သျှမ်းမူဟု အများသိသည့် ဖက်ဒရယ်စစ်စစ်မူကို ထပ်မံတင်ပြ ဆွေးနွေးခဲ့ပြီး အဆိုပါ ဖက်ဒရယ်မူကို ခွဲထွက်ရေး ကြိုးပမ်းသည်ဟူသော တစ်ဖက်သတ် စွပ်စွဲချက်ဖြင့် အာဏာချုပ်ကိုင်ပြီး အင်အားသုံးနှိမ်နှင်းခဲ့သည့်အတွက် တောင်တန်းဒေသများမှ ပြည်ထောင်ဖက်လူမျိုးများ အသီးသီး လက်နက်ကိုင်စွဲ တော်လှန်ခဲ့ကြကြောင်း RCSS က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပင်လုံစာချုပ်၊ ပင်လုံ ကတိက၀တ်များပါ အခွင့်အရေးများ ပျောက်ဆုံး ဖျက်ဆီးခံရခြင်း၏ နောက်ဆက်တွဲ ပဋိပက္ခများကြောင့် တိုင်းပြည်တစ်ခုလုံး နှစ် (၇၀) ကျော်ကြာ ပြည်တွင်းစစ် ဖြစ်ပွားကာ ငြိမ်းချမ်းရေး ပျောက်ဆုံးခဲ့ရကြောင်း၊ အတိတ်ဖြစ်ရပ်များကို ပြန်လည်သုံးသပ်ကြည့်လျှင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ ဆွေးနွေးဖြေရှင်းခွင့် မရရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ဖက်ဒရယ်ဆိုသည်မှာ ပြည်ထောင်ဖက်ဒေသများ၏ ပေါင်းစည်းလိုသည့် စိတ်ဆန္ဒများကို အခြေခံထားခြင်းဖြစ်ပြီး တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် စီရင်ပိုင်ခွင့်တို့ဖြင့် အပြန်အလှန် ထိန်းကျောင်းကာ သင့်မြတ်စွာ နေထိုင်ကြခြင်းဖြစ်ပြီး အင်အားကြီးသော လူမျိုးများအပေါ် အခြေခံခြင်းမဟုတ်ဘဲ အင်အားနည်းသော လူမျိုးစုများကို မည်သို့ အကာအကွယ်ပြုမည်၊ အခွင့်အရေး တန်းတူခံစားခွင့်တို့ကို မည်သို့ အာမခံကြမည်ဆိုသည့် မတူကွဲပြားမှုကို ကောင်းစွာ စီမံခန့်ခွဲသည့် နည်းလမ်းများဖြင့် အချင်းချင်း စုစည်းညီညွတ်ကြခြင်းဖြစ်ကြောင်း RCSS လက်နက်ကိုင်အဖွဲ့က သုံးသပ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြားတွင် NCA စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများအတွက် တံခါးဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည့်အပြင် နိုင်ငံရေးဆွေးနွေးမှု ရလဒ်များအတိုင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ပြန်လည်ဖော်ဆောင်သွားရန် ဟူသော အချက်ကိုလည်း အုတ်မြစ်ချနိုင်ခဲ့ကြောင်း၊ RCSS အနေဖြင့် ငြိမ်းချမ်းရေးအတွက် တံတားတစ်စင်းအနေဖြင့် လမ်းခင်း ဆက်သွယ်ပေးခဲ့ခြင်းသာ ဖြစ်ပြီး ပြည်ထောင်စုကြီးအတွက် အမှန်တကယ် လိုအပ်သည့် အခြေခံမူများနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်သွားရန်မှာ ပြည်ထောင်စုကြီး၏ မူရင်းပိုင်ရှင်ဖြစ်သော ပြည်သူလူထု လက်ထဲတွင်သာ ရှိကြောင်း၊ ထို့ကြောင့် အနာဂတ်နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများတွင် သက်ဆိုင်ရာ ပြည်ထောင်ဖက်အသီးသီးမှ မျိုးနွယ်စုများ၊ လူထုများအနေဖြင့် မိမိတို့၏ ဖက်ဒရယ်ဆိုင်ရာ ရပိုင်ခွင့်များကို တရားသော၊ မျှတသော၊ တန်းတူညီမျှသော စိတ်ဓာတ်နည်းလမ်းဖြင့် ရယူ တည်ဆောက်သွားကြပါရန်နှင့် RCSS အနေဖြင့်လည်း လူထုနှင့် အတူ လိုက်ပါ ၀န်းရံဆောင်ရွက်သွားမည် ဖြစ်ကြောင်း RCSS လက်နက်ကိုင်အဖွဲ့က နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့သ၀ဏ်လွှာတွင် ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment