11.4.13

“ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ အမှောင်ထွန်းဒေသ အချို့တွင် တည်မည်”

၁၁.၄.၂၀၁၃၊ ကြာသပတေးနေ့

ရေအားလျှပ်စစ်စက်ရုံငယ် ၈ဝ တည်ဆောက်၍ မီးမရသေးသည့် ဒေသအချို့ကိုပေးသွားရန် နယ်စပ် ရေးရာ ဝန်ကြီးဌာနက စီစဉ်နေပြီဟု သိရသည်။မဟာဓာတ်အားလိုင်းများနှင့် ဝေးကွာပြီး လျှပ်စစ်မီးမရသေးသော နေရာတို့ကို ထိုစက်ရုံငယ်များဖြင့် ပထမဦးဆုံး စီစဉ်ခြင်းဖြစ်ရာ ပြည် နယ်နှင့် တိုင်းဒေသကြီး ၆ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခုတို့ တွင်ဖြစ်သည်ဟု နယ်စပ်ရေးရာဝန်ကြီး ဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာနညွှန်ကြားရေးမှူး ဒေါ်ကြူကြူခင် က ပြောသည်။

”စက်ရုံတစ်ခုကို ကျပ် ခြောက်သန်း ခန့်မှန်းတွက်ချက်ထားပြီး ဒီဘဏ္ဍာနှစ် ထဲမှာ အပြီးဆောင်ရွက်ပေးဖို့ လျာထား လိုက်ပါပြီ” ဟု ၄င်းက ဆိုသည်။
လက်ရှိနိုင်ငံတွင် ကျေးရွာပေါင်း ၆ဝဝဝဝ ကျော်ရှိရာ ၂ဝဝဝဝ သာလျှင် လျှပ်စစ်မီးရရှိနေကြောင်း၊ထို့အတွက် ကြောင့်စီမံချက်ထားကာ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။

ပအိုဝ်း၊ ပလောင်၊ ဓနုတို့တွင် ရှစ်ခုစီ၊ ကိုးကန့်နှင့် ဝတို့၌ ၇ ခုစီ၊ နာဂ၌ ၉ ခုနှင့် ကချင်၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်နှင့် ရန်ကုန်တို့တွင် စုစု ပေါင်း ၁၇ ခုဖြင့် ရေအားလျှပ်စစ် စက်ရုံငယ်များ အသီးသီးတည်ဆောက် သွားမည်ဟု ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန စာရင်းများအရ သိရသည်။
နယ်မြေဒေသ၏ တောင်းဆိုချက်၊ ရေအရင်းအမြစ်များဖြစ်သည့် ချောင်း၊ မြောင်း၊ စမ်းရေများရှိရာ အဆိုပါဒေသတို့၌ ရေအားလျှပ်စစ်စက်ရုံငယ်များ တည်ဆောက်သွား မည့်လုပ်ငန်း အပြင် အိမ်ခြေပေါင်း ၁၃၆၃၁ ခုကို ဆိုလာမီးပေးစနစ်များ တပ်ဆင်ပေး သွားမည်ဟုလည်း ညွှန်ကြားရေး မှူး ဒေါ်ကြူကြူခင်ထံမှ ထပ်မံသိရသည်။

ရေအားလျှပ်စစ်စက်ရုံငယ် ၈ဝ နှင့် ဆိုလာမီးပေးစနစ် ၁၃၆၃၁ ခုတို့ အတွက် လျာထားငွေကျပ် ၃၂ဝ၆ ဒသမ ၂ သန်း သတ်မှတ်ထားပြီး ယခင် ဘဏ္ဍာနှစ်ကကဲ့သို့ တင်ဒါ စနစ်ဖြင့် ကုမ္ပဏီတို့အား ဆောင်ရွက်ခိုင်းဖွယ် ရှိသည်ဟု သိရသည်။

ကျေးလက်မီးလင်းရေးအတွက် ဆိုလာဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စ၍ ဆောင်ရွက်ပေးခဲ့ရာ ကျေးရွာပေါင်း ၁၆ဝဝဝ ခန့်တွင် တပ်ဆင်ပေးခဲ့ပြီးဖြစ်သည်။
 Popular News Journal

0 comments:

Post a Comment