11.4.13

လူကုန်ကူးမှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ Hotline ဆက်သွယ်ရေး Google လွှင့်တင်

၁၁.၄.၂၀၁၃၊ ကြာသပတေးနေ့
Google သည် လူကုန်ကူးခြင်း ၊ မူးယစ်မှောင်ခို ၊ လက်နက်မှောင်ခိုနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ တရားမ၀င် ရောင်းဝယ်ခြင်းတို့အားတိုက်ဖျက်ရေး လုပ်ငန်းများ ပြုလုပ်လျှက် ရှိသည်။ အဆိုပါ တရားမ၀င် နည်းလမ်းများမှ နှစ်စဉ်ရရှိသော အမြတ်သည် အမေရိကန်ဒေါ်လာ (၂.၁) ထရီလီယံ ကျော်ရှိကြောင်း ၄င်းက ဖော်ပြခဲ့သည်။ မတရားမှု ဆန့်ကျင်ရေး အင်အားစုများ (Forces in Opposition (INFO)) ထိပ်သီး အစည်းအဝေးပွဲတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ပထမဦးဆုံး ဆောင်ရွက်ရန် Google က ဆုံးဖြတ်ချက် ချခဲ့သည်။

လူကုန်ကူးမှုကြောင့် လူပေါင်း (၂၁) သန်းကျော် ကျွန်ပြုခံနေရကာ အဆိုပါ တရားမ၀င် လုပ်ငန်းမှ နှစ်စဉ် အမြတ်ငွေ အမေရိကန် ဒေါ်လာ (၃၂) ဘီလီယံ ကျော် ရရှိနေကြောင်း Google က ဖော်ပြခဲ့သည်။ လူကုန်ကူးမှု တိုက်ဖျက်ရေး မဟာဗျူဟာများ ချမှတ် အကောင်အထည် ဖေါ်ဆောင်မှု တိုးတက်စေရန် Polaris Project၊ Liberty Asia နှင့်La Strada International တို့အား အကူအညီ ပေးသွားမည်ဟု Google က ပြောကြားခဲ့သည်။

တရားမ၀င် မှောင်ခို လုပ်ငန်းများကို နည်းပညာ အသုံးပြု ကာကွယ် တားဆီးလျှက်ရှိသော အမြတ်မယူသည့် အဖွဲ့အစည်းများကို ပေးအပ်လေ့ရှိသော ဆုကြေးငွေ ဒေါ်လာ (၃) သန်းတန် Global Impact Award ဆုကို အဆိုပါ အဖွဲ့အစည်းများအား Google က ပေးအပ် ချီးမြှင့် ပေးခဲ့သည်။ တစ်ဆက်တည်း အဆိုပါ အဖွဲ့အစည်း (၃) ခုနှင့် Google တို့ပူးပေါင်းကာ Global Human Trafficking Hotlineကို အကောင်အထည်ဖေါ်ခဲ့သည်။ Global Hotline သည် ဒေသတွင်း ၊ နိုင်ငံတွင်းရှိ လူကုန်ကူးမှု ကာကွယ် တိုက်ဖျက်ရေး အဖွဲ့အစည်း အားလုံးကို အချက်အလက်မောင်းနှင် ကွန်ယက် စနစ်တစ်ခု (data-driven network) နှင့် ဆက်သွယ်ပေးမည် ဖြစ်သောကြောင့် လုပ်ငန်းများကို စွမ်းဆောင်ရည် ပြည့်ဝစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့ပြင် Global Hotline သည် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ဒုက္ခသည်များကို ကာကွယ်ရန်အတွက် လိုက်နာ ကျင့်သုံးဖွယ်များနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး မဟာဗျူဟာများကိုလည်း အထောက်အပံ့ ပေးသွားမည် ဖြစ်သည်။
 မြ၀တီ

0 comments:

Post a Comment