26.4.13

ရွှေလီဓာတ်အားပေးစက်ရုံပြင်နေ၍ လျှပ်စစ်မီးတစ်နာရီကျော် ဖြတ်မည်


၂၆.၄.၂၀၁၃၊ သောကြာနေ့

ရွှေလီဓာတ်အားပေးစက်ရုံကြံ့ခိုင်မှုပိုင်းကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေ၍ ရန်ကုန်မြို့အပါအ၀င် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်လျှပ်စစ်မီးပေးဝေမှုကို လျှော့ချမည်ဖြစ်ရာယခုလကုန်အထိမီးပြတ်တောက်မှုများရှိမည်ဖြစ်ကြောင်းရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှအင်ဂျင်နီယာဦးထွန်းကြွယ်က ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။

“ဓာတ်အားပေးစက်ရုံကြံ့ခိုင်ရေးလုပ်နေလို့ဓာတ်အားထုတ်လုပ်မှုနည်းသွားတာကြောင့် ရန်ကုန် ရော ပြည်နယ်နဲ့တိုင်းတွေပါ မီးပျက်မယ်။ ရန်ကုန်က နေ့ပိုင်းတွေမှာတစ်ရက်ကိုတစ်နာရီကျော်ထိ ပြတ်တောက်မှုတွေရှိနိုင်တယ်”ဟု အထက်ပါ အင်ဂျင်နီယာက ပြောသည်။

ရန်ကုန်မြို့တွင်နံနက်ငါးနာရီနှင့်ညခုနစ်နာရီအတွင်း ပြတ်တောက်မှုများရှိမည်ဖြစ်ပြီး တစ်နာရီကျော်ကြာပြတ်တောက်နိုင်ကြောင်း ၎င်းကဆိုသည်။

ရွှေလီ ဓာတ်အားပေးစက်ရုံ ပြုပြင်မှုကို ဧပြီ၂၃ရက်မှ စတင်ပြုလုပ်နေပြီး မီးစတင်ဖြတ်နေပြီဖြစ်သည်။စက်ရုံပြုပြင်မှုမှာ လကုန်ပိုင်းတွင် အပြီးသတ်မည်ဖြစ်ရာ လျှပ်စစ်မီးဖြတ်တောက်မှုသည် ဧပြီလကုန်ထိသာရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေလီဓာတ်အားပေးစက်ရုံသည် ယခင်က မဂ္ဂါဝပ် ၃၀၀ ကျော် ဓာတ်အားပေး ထုတ်လုပ်ပေးနေရာမှ ဧပြီ ၂၄ ရက်တွင် မဂ္ဂါဝပ် ၁၂၀ သာ
ပေးပို့နိုင်တော့ကြောင်း ဦးထွန်းကြွယ်က ပြောသည်။

“သတ်မှတ်ချက်နဲ့ ပျက်ရင်တော့ ပိုအဆင်ပြေမယ်။ မကြာခဏ ပျက်တာမဟုတ်ဘဲ မီးကတစ်ရက်လုံးမှ တစ်နာရီပျက်တာဆိုတော့ အရင်နှစ်တွေ မီးပျက်တာထက်စာရင် နည်းတယ်လို့ ပြောရမယ်။ ဒါပေမဲ့ဘယ်အချိန်ပျက်မယ်မှန်း မသိတော့ အဆင်မပြေဘူး”ဟု ကမာရွတ်လှည်းတန်းတွင် နေထိုင်သောအိမ်ရှင်မတစ်ဦးက ပြောသည်။

မီးဖြတ်တောက်မှုကို အများပြည်သူအတွက်ပေးသော အချိန်များထဲမှ လျှော့ချသွားမည်ဖြစ်ပြီး မီးဖြတ်တောက်မှုများခဲ့သော စက်မှုဇုန်များကို လျှော့ချခြင်းမရှိသေးဘဲ အုပ်စုနှစ်စုခွဲကာ တစ်ရက်လျှင် ငါးနာရီနှုန်းဖြင့် ဆက်လက်ပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

7Day News Journal

0 comments:

Post a Comment