26.5.13

ငါးကြိမ်မြောက် ချန်ပီယံဆုရယူပြီး ချန်ပီယံလိဂ်တွင် တတိယ အအောင်မြင်ဆုံးအသင်း ဖြစ်လာသည့် ဘေယန်မြူးနစ်


၂၆.၅.၂၀၁၃၊ တနင်္ဂနွေနေ့ 

ဒေါ့မွန် ၁-၂ ဘေယန်မြူးနစ်
ဒိုင်လူကြီး - ရစ်ဇိုလီ(အီတလီ)
ကစားသည့်ကွင်း - ၀င်ဘလေ(အင်္ဂလန်)
ကြည့်ရှုသူပရိသတ်ဦးရေ - ၉၀၀၀၀ ဦး

၂၀၁၂-၁၃ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို မေ ၂၅ ရက် ညပိုင်းက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ၀င်ဘလေ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဘေယန်မြူးနစ်အသင်းက ဒေါ့မွန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

နှစ်သင်းစလုံးတွင် အဓိက ကစားသမား အစုံအလင် ပါဝင်လာခဲ့ပြီး ဒေါ့မွန်အသင်းက လီဝန်ဒေါစကီးကို အထောင်ထားကာ မာကိုရူးစ်၊ ဘလက်ဇီကောစကီး၊ ဟမ်းမဲလ်တို့ဖြင့် ပွဲထွက် ကစားခဲ့သည်။

ဘေယန်မြူးနစ် အသင်းကလည်း တိုက်စစ်ပိုင်းတွင် မန်ဇူကစ်ကို အထောင်ထားပြီး ရော်ဘင်၊ မူလာ၊ ရီဘာရီ၊ ရှဝိန်းစတိုင်ဂါ၊ မာတီနက်ဇ်တို့ဖြင့် လူစုံပွဲထွက်ခဲ့သည်။ ပထမပိုင်း ၂၅ မိနစ်အထိ ဘေယန်မြူးနစ်အသင်း ကစားကွက် တည်မရခဲ့ဘဲ ဒေါ့မွန်အသင်းက ဂိုးသွင်းခွင့်များ အကြိမ်ကြိမ် ရရှိခဲ့သည်။ ၁၃ မိနစ်တွင် လီဝန်ဒေါစကီး၏ ဧရိယာပြင်ပမှ ကန်ချက်ကို ဘေယန်ဂိုးသမား နူအာ ပုတ်ထုတ်နိုင်ခဲ့သလို၊ ၁၄ မိနစ်တွင်လည်း ဘလက်ဇီကောစကီး၏ ဧရိယာအတွင်းမှ အပိုင်ကန်သွင်းမှု နူအာ၏ ခြေထောက်နှင့် ထိထွက်ခဲ့သောကြောင့် ဒေါ့မွန်အသင်း နစ်နာခဲ့ရသည်။ ၂၅ မိနစ် နောက်ပိုင်းတွင် ဘေယန်မြူးနစ် အသင်းက ပြန်လည်ဖိအား ပေးလာခဲ့ပြီး အခွင့်အရေးများလည်း ရရှိခဲ့သည်။ ၂၉ မိနစ်နှင့် ၄၂ မိနစ်တွင် ရော်ဘင် ဂိုးသမားနှင့် တစ်ဦးချင်း ရင်ဆိုင်တွေ့ခဲ့သော်လည်း အခွင့်အရေး မယူနိုင်သောကြောင့် ပထမပိုင်း အပြီးတွင် ဂိုးမရှိ သရေဖြစ်နေခဲ့သည်။
ဒုတိယပိုင်းတွင် ဒေါ့မွန်အသင်း ကစားအား ကျသွားခဲ့ပြီး ဘေယန်မြူးနစ် အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားနိုင်ခဲ့သလို၊ ဂိုးသွင်းခွင့်များလည်း ပိုမိုရရှိခဲ့သည်။ ၅၉ မိနစ်တွင် ဘေယန်မြူးနစ်အသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ယင်းဂိုးကို ရီဘာရီ၊ ရော်ဘင်တို့၏ တွဲလုံးမှတစ်ဆင့် ရော်ဘင်၏ ပေးပို့မှုကို မန်ဇူကစ်က အနီးကပ် ပိတ်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ၆၆ မိနစ်တွင် ဘေယန်နောက်ခံလူ ဒန်တေ ဒေါ့မွန်ကွင်းလယ်လူ မာကိုရူးစ်ကို ပယ်နယ်တီ ဧရိယာအတွင်း ဘောလုံးမထိဘဲ လူကိုကန်မိခဲ့သဖြင့် ဒိုင်လူကြီးက ဒေါ့မွန်အသင်းဘက်သို့ ပယ်နယ်တီ ပြစ်ဒဏ်ဘော ပေးခဲ့သည်။ ယင်းပယ်နယ်တီကို ဒေါ့မွန်ကွင်းလယ်လူ ဂန်ဒိုဂန်က နူအာ၏ ဘယ်ဘက်ထောင့်သို့ အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး ချေပဂိုး သွင်းယူနိုင်ခဲ့သည်။ ၈၉ မိနစ်တွင် ရီဘာရီ၏ နောက်ပြန်ပေးပို့မှုမှတစ်ဆင့် ရော်ဘင်က ဒေါ့မွန်နောက်ခံလူ တစ်ဦးကို ကျော်ဖြတ်ကာ ဂိုးသမားနှင့် အနီးကပ် အနေအထားတွင် အပိုင်သွင်းယူ ခဲ့သောကြောင့် ဘေယန်မြူးနစ်အသင်း အနိုင်ဂိုး ရရှိခဲ့သည်။

ဘေယန်မြူးနစ် အသင်းမှာ ချန်ပီယံလိဂ် သမိုင်းကြောင်း တစ်လျှောက်တွင် ငါးကြိမ်မြောက် ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အအောင်မြင်ဆုံး အသင်းများ နေရာတွင်လည်း လီဗာပူးလ်ကို ကျော်တက်ကာ တတိယနေရာသို့ ရောက်ရှိလာခဲ့သည်။ ဘေယန်မြူးနစ် အသင်းသည် ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ်များတွင် ဥရောပဖလားကို သုံးကြိမ်ဆက် ရယူခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် လေးကြိမ်မြောက် ချန်ပီယံဆုကို ရယူကာ ၁၂ နှစ်အကြာတွင် ငါးကြိမ်မြောက် ဆုဖလားကို ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Eleven Media Group

0 comments:

Post a Comment