16.7.13

သမ္မတ အာဆတ်ကို လွယ်လွယ်နှင့် ဖြုတ်ချ၍ ရမည်လား

ဆီးရီးယား သမ္မတ ဘာရှာအာဆတ်သည် သတင်း စာ သမားများနှင့် အမေး၊ အဖြေပြုရာတွင် ရန်သူေ တွက မည်မျှပင် ပစ်ခတ်တိုက်ခိုက် ၍ ပြုတ်ကျေ အာင် လုပ်သည်ဖြစ်စေ သူ့အစိုးရက သူ့ကို ကာကွယ်ပေးထား သဖြင့် မည်သို့မျှဖြုတ်ချ၍ ရမည် မဟုတ်ကြောင်း၊ သူ့ကိုပြုတ်ကျအောင် လုပ်ရန် တစ်နည်းပဲရှိသည်။ ယင်းမှာ နိုင်ငံခြားတပ်များ ဆီးရီးယားကို ကျူးကျော် သိမ်းပိုက်ခြင်းသာ လျှင် ဖြစ်သည်ဟု အာဆတ်က ပြောသည်။
အစိုးရ သတင်းစာ ဖြစ်သည့် A1-Thawra တွင် အာဆတ်က ဆီးရီးယားတွင် နှစ်နှစ်ကျော် ကြာဖြစ်နေသည့် ကိစ္စမှာ တော်လှန်ရေးတစ်ရပ် မဟုတ်ပါ။ သူ မကြာခဏ ပြောခဲ့သလိုပင် အနောက် နိုင်ငံများနှင့် တချို့ အာရပ်နိုင်ငံများက ဆီးရီးယား နိုင်ငံကို မတည်မငြိမ် ဖြစ်အောင် လုပ်ကြံကြခြင်း ဖြစ်ကြောင်း သူကပြောသည်။ ဆီးရီးယားတွင် လူပေါင်း ၉၃ဝဝဝကျော် အသက် ဆုံးရှုံးရပြီး ၂ဝ၁၁ ခုနှစ်ကတည်းက အစပိုင်းတွင် ငြိမ်းချမ်းစွာ အာဆတ် အုပ်ချုပ်မှုကို ဆန္ဒပြခဲ့ပြီး နောက်ပိုင်းတွင် ဆန့်ကျင်ဘက် ထောက်ခံသူများက လက်နက်များ စွဲကိုင်၍ ရက်စက်သော အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းကြရာမှ ပြည်တွင်းစစ်ကြီး အဖြစ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ဆီးရီးယား လူမျိုးပေါင်း သန်းနှင့်ချီ၍ အိမ်နှင့်ယာတို့ကို စွန့်ခွာ၍ ထွက်ပြေးကြရသည်။

အရေးအခင်း တစ်လျှောက်လုံးတွင် အာဆတ်က ၎င်း၏ အစိုးရသည် ပြည်သူတို့၏ သူပုန်ထခြင်းကို ရင်ဆိုင်နေရခြင်း မဟုတ်။ အနောက်နိုင်ငံများက ထောက်ခံမှုဖြင့် လုပ်ကြံခြင်းနှင့်သာ ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု လည်းကောင်း၊ အစိုးရကို ဖြုတ်ချရန် တိုက်ခိုက် နေကြသော သူပုန်များကိုလည်း အကြမ်းဖက်သမားများ အစ္စလာမ် အစွန်းရောက် သမားများနှင့် အမေရိကန်၏ မဟာမိတ်များ ဖြစ်ကြသော ရေနံကြွယ်ဝသည့် အာရပ် ပင်လယ်ကွေ့ နိုင်ငံများ၏ ကြေးစားစစ်သားများဟု စွပ်စွဲ၍လည်းကောင်း ပြောဆိုလျက် ရှိသည်။ ဆီးရီးယားကို လုပ်ကြံနေကြသည့် နိုင်ငံများသည် ၎င်းတို့တွင် ရှိသမျှ လက်နက်များနှင့် စိတ်ဓာတ်ရေးရာများ တစ်ခုမကျန်ထုတ်သုံး ကြသော်လည်း မအောင်မြင်နိုင်ကြပေ။ နိုင်ငံခြား တပ်များ တိုက်ရိုက်ကျူးကျော် ဝင်ရောက် တိုက်ခိုက်ရန်သာ ကျန်တော့သည်။ ဤသို့လုပ်မည် ဆိုပါကလည်း ၎င်းတို့ မတတ်နိုင်သော ကိစ္စကြီး ဖြစ်နေသည်ဟု အာဆတ်က ပြောသည်။ အာဆတ် အစိုးရက အမေရိကန်နှင့် သူ၏ ဥရောပ မဟာမိတ်များ အပြင် ကာတာ၊ ဆော်ဒီအာရေဗျ၊ အီဂျစ်နှင့် တူရကီတို့သည် ဆီးရီးယားကို လုပ်ကြံသော နိုင်ငံများဖြစ်ကြောင်း၊ ၎င်းနိုင်ငံများသည် အာဆတ်ကို ဖြုတ်ချရန် ဆန့်ကျင် တိုက်ခိုက်နေသော အဖွဲ့အစည်းများကို အဓိက ထောက်ပံ့ ကူညီကြသူများ ဖြစ်ကြောင်း ပြောသည်။

ဆီးရီးယား သမ္မတ အာဆတ်က ဤသို့သော စကားများပြောသည့် အချိန်တွင် ဆီးရီးယား အလယ်ပိုင်း ဟုမ်းမြို့ကို အစိုးရတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေသော အချိန်နှင့် တိုက်ဆိုင် နေပါသည်။ အီစတန်ဘူလ်မြို့ရှိ အနောက်နိုင်ငံ ထောက်ခံသော ဆီးရီးယား အမျိုးသား ညွန့်ပေါင်းအဖွဲ့ အစည်းအဝေး ကျင်းပချိန်နှင့်လည်း တိုက်ဆိုင် နေပါသည်။ အနောက် နိုင်ငံများက ထောက်ခံသော ဆန့်ကျင်ဘက် အင်အားစုကို ဆီးရီးယား လူမျိုးတို့၏ ထောက်ခံမှု သိပ်မရှိသော နိုင်ငံရေး ပြည်ပြေးသမားများနှင့် အဓိက ဖွဲ့စည်းထားပါသည်။ အဆိုပါ အတိုက်အခံ အဖွဲ့များသည် ပျက်စီးနေသော ဆီးရီးယား နိုင်ငံတွင် ဆက်လက် ရှင်သန်ရန် ကြိုးပမ်းလျက်ရှိသည်။ ဟုမ်းမြို့သည် ဆီးရီးယားနိုင်ငံ၏ တတိယမြို့ကြီး ဖြစ်ရာ နှစ်နှစ်ကျော်ကြာ တိုက်ခိုက်မှုများကြောင့် ပြိုပျက်နေသော မြို့ပျက်ကြီး ဖြစ်နေသည်။ မြို့၏ ဧရိယာ အများစုကို အစိုးရတပ်များက ထိန်းချုပ်ထားပြီး မြို့ဆင်ခြေဖုံးများနှင့် မြို့လယ်ကောင် နေရာသာ သူပုန်တို့ လက်ထဲတွင် အခိုင်အမာ ရှိနေပါသည်။ ထိုးစစ်ဆင် နေသည်မှာ ငါးရက်မြောက် သွားပြီ ဖြစ်သည်။ SNC ၏ပြောရေးဆိုခွင့်ရှိသူ ခါလက်ဆာလေးက ဟုမ်းမြို့၏ အခြေအနေကို ပြောရလျှင် အကြီးအကျယ် ပျက်စီးသွားပြီး မြို့ကျသွားပြီ ဆိုလျှင် တိုင်းပြည်အတွက် နိုင်ငံရေး အဖြေရှာ ရနိုင်ပါပြီဟု ဆို၏။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နှစ်ဖက်စလုံးကို မြို့ထဲ သူပုန်များ ထိန်းချုပ်ထားသော အပိုင်းတွင် ပိတ်မိနေသော အရပ်သား၊ အရပ်သူဦးရေ ၂၅ဝဝ ကိုမထိခိုက်မိအောင် ရှောင်ရှား ပေးကြပါရန် မေတ္တာရပ်ခံ ထားပါသည်။ မေလကုန်ပိုင်းတွင် အတိုက်အခံ အဖွဲ့ခေါင်းဆောင်များ တစ်ပတ်ကျော် ကြာအောင် အီစတန်ဘူလ်တွင် အစည်းအဝေး ထိုင်ခဲ့ကြသည်။ သို့သော်လည်း ခေါင်းဆောင်သစ်ကို မရွေးချယ် နိုင်ခဲ့ကြသေးဟု ဆို၏။ အမေရိကန်နှင့် ရုရှားတို့ ဂျီနီဗာတွင် ကျင်းပရန် ကြိုးစားလျက်ရှိသော ဖြစ်နိုင်ရန် အလားအလာရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် မဟာဗျူဟာမှာလည်း မလုပ်ကြရသေးဟု သိရသည်။

အာဆတ် အစိုးရက ဆီးရီးယား ပြည်သူများကို ကိုယ်စားမပြုသော ပြည်ပသြဇာခံ ပြည်ပြေးများ ဖြစ်နေသည့် အလျောက် အာဆတ်က သူ၏နိုင်ငံရေး အတိုက်အခံများကို ထပ်ကာထပ်ကာ ပယ်ချခဲ့သည်။ ၎င်းအား သမ္မတနေရာမှ ဆင်းပေးရန် တောင်းဆိုခြင်းကို အရေးစိုက်ခြင်း မရှိဘဲ သမ္မတ သက်တမ်းစေ့သည် အထိ ဆက်လက် တာဝန်ထမ်းဆောင်ကာ နောက်နှစ်တွင် ကျရောက်မည့် သမ္မတ ရွေးကောက်ပွဲမှာလည်း သူပြန်အရွေး ခံဦးမည်ဟု ပြောသည်။ မကြာသေးမီ ရက်သတ္တပတ်များက ဆီးရီးယား တပ်မတော်သည် ဆန့်ကျင်ဘက် သူပုန်အုပ်စုများထံဆုံးရှုံး လက်လွှတ်လိုက်ရသော နယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်လျက် ရှိသည်။ အထူးသဖြင့် ဟုမ်းမြို့ မြို့တွင်း၊ ဒမတ်စကပ် မြို့တော် ပတ်လည်နှင့် ဆီးရီးယား မြောက်ပိုင်းတို့တွင် ဖြစ်ပါသည်။ လေ့လာသူများ အဆိုအရ လက်ဘနွန်မှ ဟဇ်ဘိုလာ စစ်သွေးကြွ လှုပ်ရှားမှုအဖွဲ့မှ တိုက်ခိုက်ရေး သမားများက အာဆတ် အစိုးရတပ်များ ဘက်မှ သူပုန်များကို တိုက်ပေးကြကြောင်း သိရ၏။ ယခင်လကလည်း လက်ဘနွန် နယ်စပ်မှ ကူဆာမြို့ကို ဆီးရီးယား အစိုးရတပ်များ သိမ်းပိုက်နိုင်အောင် ဟဇ်ဘိုလာတို့က ကူညီ တိုက်ပေးခဲ့ကြသည်။ အစိုးရတပ်က ပါလ်ဖိုင်ရာနှင့် အခြားအနီး ပတ်ဝန်းကျင်တွင် စုနေကြသော သူပုန်တပ်များကို ထိုးနှက်တိုက်ခိုက်ကာ ဘက်ဟောက်ဒ်၊ ဂျူးရက်အယ်- ရှားယား၊ ခါလ်ဒီယေးနှင့် တော်ဘီဆေးတို့တွင် ရှိသော အဆောက်အအုံများကို ပြန်လည် သိမ်းပိုက်ခဲ့သည်။ သူပုန်အုပ်စုများ အထူးသဖြင့် အယ်လ်ကိုင်ဒါနှင့် ဆက်နွှယ်သည့် သူများနှင့် အခြားဆွန်နီ အစွန်းရောက် အုပ်စုများသည် ဆီးရီးယား အစိုးရ အရာရှိများကို မကြာခဏ ပစ်မှတ်ထားကြောင်း၊ အစိုးရအပေါ် သစ္စာရှိသော သူများနှင့် စစ်ဘက် အဆောက်အအုံများကို ကားဗုံးခွဲခြင်းနှင့် အသေခံ ဗုံးခွဲခြင်းများကို ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။ အာဆတ်က မော်စီနှင့် မွတ်စလင် ညီအစ်ကိုတော်များ အဖွဲ့၏ ဖြစ်ရပ်ကို ကြည့်၍ ဘာသာရေးကို နိုင်ငံရေး သို့မဟုတ် ပါတီက ဂိုဏ်းဂဏ အကျိုးအတွက် အသုံးချလျှင် ကမ္ဘာ့မည်သည့် နေရာမှာမဆို ကျဆုံးသွားမည်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယား ပြည်တွင်းစစ်တွင် ဆော်ဒီအာရေဗျနှင့် ကာတာတို့သည် သူပုန်များဘက်သို့ ငွေကြေး၊ လက်နက်နှင့် ရိက္ခာများ ကူညီနေကြသူများ ဖြစ်ကြောင်း၊ သူပုန်အုပ်စုများ အတွင်း မညီညွတ်မှုကြောင့် အမေရိကန် အရာရှိများ စိတ်ပျက်လျက်ရှိပြီး သူပုန်ညွန့်ပေါင်း အဖွဲ့သည် သူပုန် အုပ်စုများ အားလုံးတွင် တစ်ခုတည်းသော ဗဟိုကွပ်ကဲမှု ဌာနချုပ်ကို တည်ဆောက်ရန် ကြိုးပမ်းဆဲဖြစ်ကာ မအောင်မြင်သေးကြောင်း၊ အယ်လ်ကိုင်ဒါနှင့် ဆက်စပ်နေသည့် အဖွဲ့လည်း ရှိနေခြင်းကြောင့် သူပုန်အုပ်စုအပေါ် သံသယရှိနေကြောင်းဖြင့် အခြေအနေကို အကဲခတ်နိုင်ကြောင်း၊ သမ္မတ အာဆတ်က ၎င်းကို လွယ်လွယ်ဖြင့် ဖြုတ်ချရန် မလွယ်ကြောင်းနှင့် နောက်ထက် သမ္မတသက်တမ်းကိုပင် ဝင်ရောက် အရွေးခံမည် ဖြစ်ကြောင်း ကြေညာ သွားသည်ကို လေ့လာ အကဲခတ်နိုင်ပါရန် ရေးသား ရပါသည်။

ကိုကိုဟန်

မြ၀တီ

0 comments:

Post a Comment