16.7.13

အကြမ်းဖက် အဖွဲ့များထံ အမေရိကန် လက်နက်များ ရောက်နေ

အမေရိကန်နှင့် အနောက်နိုင်ငံထုတ် လက်နက်များသည် အီရန်တို့ ကျောထောက် နောက်ခံပြုထားသော ရှီးယိုက် တိုက်ခိုက်ရေး သမားများ လက်သို့ ရောက်ရှိနေလျက် ရှိသည်။ ၎င်းရှီးယိုက် အဖွဲ့များသည် ဆီးရီးယား အစိုးရ ဆက်လက် အာဏာတည်မြဲရေး အတွက် ကူတိုက်ပေးေ နသော အဖွဲ့များဖြစ်သည်။


အဆိုပါ အမေရိကန်နှင့် အနောက်နိုင်ငံ ထုတ်လက်နက်များကို မည်သို့သောနည်း လမ်းများ (ဥပမာ- ဖမ်းဆီးရမိခြင်း၊ ခိုးယူခြင်း၊ မှောင်ခိုဈေးကွက်မှ ဝယ်ယူခြင်း) ဖြင့်ရောက်ရှိနေသည်ကို မသိရပေ။ လက်နက် မှောင်ခို ဈေးကွက်များဟု ဆိုရာတွင် ဆီးရီးယား၊ တူရကီ၊ အီရတ်နှင့် လစ်ဗျားတို့တွင် ရှိသည်ဟု ဆိုလိုသည်။ ရှီးယိုက် တိုက်ခိုက်ရေး အဖွဲ့များ၏ ဝက်ဘ်ဆိုက်များ၊ ဖေ့စ်ဘွတ် စာမျက်နှာများတွင် ဝါဒဖြန့်ချိရေး ဓာတ်ပုံများကို ကြည့်ပါက လက်နက်များသည် အသစ်များ အတိုင်း ၎င်းတို့လက်ဝယ် သို့ ရောက် ရှိနေခြင်း ဖြစ်နေကြောင်း ဝါရှင်တန် အင်စတီကျု အရှေ့အနီး အနားရေး ရာ မူဝါဒနှင့် တွဲဖက်ဖွင့်လှစ် ထားသော jihadology.net ၏ ဝေဖန်ရေး သမား ဖိလစ်စမိုက်သ်က ပြောကြားခဲ့သည်။

ဆီးရီးယားတွင် အစိုးရအား ထောက်ပံ့သော လက်နက်များနှင့် သူပုန်များကို ထောက်ပံ့သော လက်နက်များဖြင့် တောင်လို ပုံနေပြီဖြစ်ရာ တစ်ချိန်တွင် ယင်းလက်နက်များသည် အမေရိကန် ပြည်ထောင်စုဘက်သို့ ပြောင်းလှည့်လာနိုင် ကြောင်း ယခင်အောက် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဟလီကင် အမတ်ရော့စ် လေတီနင်က ပြောကြားသည်။

ဆီးရီးယားမှာ မိတ်ဆွေလား၊ ရန်သူလား ခွဲခြားရန် အလွန်ခက်ခဲပါကြောင်း၊ ထိုလက်နက်များကို မရောက်သင့်သည့် လူများ လက်ထဲသို့ မရောက်ပါဘူးဟူ၍ အာမခံနိုင် သူမရှိပါ။ မည်သို့ပင် နည်းအမျိုးမျိုးဖြင့် ကာကွယ်ထားသည် ဖြစ်ပါစေ လူမှားပြီး မရောက်စေရပါဘူး ဟူ၍ မဆိုနိုင်ကြောင်း ၎င်းကပင် ပြောကြားခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီဆာကီက အစိုးရ အနေဖြင့် မရောက်သင့်သူတွေဆီကို မှားပြီး ရောက်မသွား ရအောင် ဖြစ်နိုင်သမျှ အားလုံးလုပ်သည်။ သို့ဖြစ်၍ လက်နက်များကို တိုက်ရိုက် ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး စူပရင်း မီဘီထရီ ကောင်စီနှင့် အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ဆလင်း အစ်ထရစ်မှ တစ်ဆင့်ပေးရန် သဘောတူ ထားကြောင်းပြောကြားသည်။

အမေရိကန် လက်နက် အတော်များများ အကြမ်းဖက်သမားများ လက်ဝယ်ရောက်ရှိနေခြင်းမှာ ၂ဝဝ၉ ခုနှစ်က အီရတ်သို့ အမေရိကန်က လက်နက်များ အကြီးအကျယ် ရောင်းချပေးပြီး သည့်နောက် မှောင်ခို ဈေးကွက်ကို ရောက်သွား နိုင်ကြောင်း စစ်ပွဲ လေ့လာရေး ဌာန အကြီးတန်း သုတေသီ ခရစ္စတိုဖာ ဟားမားက ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုက အီရတ်သို့ ရောင်းချ ပေးခဲ့ရာတွင် M-16 အလက်(၈ဝဝဝဝ)၊ M-4 အလက် (၂၅ဝဝဝ)နှင့် M-203၂ဝ၃ ဗုံးပစ်လောင်ချာ အလက် (၂၅၅ဝ) ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီက ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ လက်နက်များကို နိုင်ငံခြား စစ်ဘက်သို့ ရောင်းချပေးရာတွင် တတိယလူ လက်ထဲသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သဘောတူညီချက် မရရှိဘဲ လုံးဝလွှဲပြောင်း ပေးခြင်းမပြုရဟု စည်းကမ်းချက်နှင့် အခြားကန့်သတ်ချက် များပါ ရှိကြောင်း၊ အမေရိကန် ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီးဌာန လုံခြုံရေးပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ ပြောရေး ဆိုခွင့်ရှိသူ နေးလ်ဟက်လန်းက ပြောကြားခဲ့သည်။ အဆိုပါ အေဂျင်စီသည် နိုင်ငံခြား စစ်ဘက်သို့ အမေရိကန် ပြည်ထောင်စုက အကူအညီ ပေးခြင်းများတွင် ကြီးကြပ် အုပ်ချုပ်ရသော ဌာနဖြစ်သည်။

ယင်းသို့ ထိန်းချုပ်မှုများ လုပ်ထားသော်လည်း အမေရိကန်က ရောင်းချသော လက်နက်များသည် အရှေ့အလယ်ပိုင်း ဒေသ တစ်လျှောက် စစ်သွေးကြွ အုပ်စုများ ထံသို့ မကြာခဏ ရောက်ရှိသွားသည်သာ ဖြစ်သည်ဟု သြစတြေးလျ နိုင်ငံ ပတ်သ်မြို့ အခြေစိုက် လက်နက် ကျွမ်းကျင်သူ နစ်ဂျဲန်ဈန်ဂျုံးစ်က ပြောသည်။

ယခင်နှစ်ကတည်းက ဆီးရီးယား စစ်မြေပြင်မှ အမေရိကန် လက်နက်များသည် ဆီးရီးယား သူပုန်တပ်ဖွဲ့ များ၏ လက်ထဲတွင် အဓိက ရောက်ရှိသည်ကို သတိပြုမိခဲ့သည်။ လက်နက်များရနိုင်သည့် အဖြစ်နိုင်ဆုံး နေရာမှာ လက်ဘနွန် ဖြစ်သည်။ အကြောင်းမှာ၂ဝဝ၆ ခုနှစ်က အမေရိကန် လက်နက်တွေ တပ်ဆင်ထားသော အစ္စရေးတို့နှင့် အမေရိကန် လက်နက်များ ထောက်ပံ့ခဲ့သော လက်ဘနွန် စစ်တပ်တို့ တိုက်ခိုက်ခဲ့ ကြသေးသည်။

စမိုက်သ်က ဆိုရှယ် မီဒီယာ ဆိုက်များမှ ဓာတ်ပုံများကို ထောက်ပြလျက် အီရန်စစ်ဘက်က ပြသနေသော အာဇာနည် ရှီးယိုက် တိုက်ခိုက်ရေး သမားများ ကိုင်ဆောင် နေသောလေဆာနှင့် ဟိုလိုဂရပ်ဖစ် ဆိုက်များ တပ်ဆင်ထားသော အမေရိကန်လုပ် M-16 များ၊ M-4 များနှင့် M-203 ဗုံးပစ် လောင်ချာများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလားတူ လက်နက်များ သူပုန် တိုက်ခိုက်ရေး သမားများ လက်ထဲတွင်လည်း တွေ့ရပြန်သည်။ အယ်နူစရာ ဖရန့်နှင့် အတူ တိုက်ခိုက်ရေး သမားများသည် အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့နှင့် အပေါင်းပါအဖွဲ့ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားသည်။ ဆီးရီးယားပြည်တွင်း စစ်မှ ဗီဒီယိုများနှင့် ဓာတ်ပုံ များတွင် တွေ့မြင်နိုင်သည်။ ယခုနှစ်တွင် ဗြိတိသျှ စစ်ရေးသုံးသပ်သူ အီလီယော့ ဟစ်ဂင်က ဂျီဟတ်ဒီခါရှယ် မီဒီယာ ဆိုက်တွင် ဖော်ပြထားသော ဗီဒီယိုနှင့် ဓာတ်ပုံများ ရှာဖွေရာတွင် အယ်နူစရာအဖွဲ့က ဆော်ဒီအာရေဗျ ငွေဖြင့် ခရိုအေးရှားမှ လက်နက်များ ဝယ်ယူခဲ့ပြီး ဂျော်ဒန်မှ တစ်ဆင့် ဆီးရီးယား သူပုန်များထံ လွှဲပြောင်း ပေးခဲ့ကြောင်း သိရှိရ သည်။ ဤစစ်ဆင်ရေး လုပ်ငန်းကို အမေရိကန်အား အပြည့်အဝ အသိပေး၍ လုပ်ခြင်းဖြစ်ပါကြောင်း၊ လက်နက်များသည် လွတ်လပ်သော ဆီးရီးယား တပ်မတော် (FSA)သို့ ပေးရန်ဖြစ်ကြောင်း၊ FSA သည် အမေရိကန် ပြည်ထောင်စုက ဆက်ဆံရန် အလိုလားဆုံး အဖွဲ့ဖြစ်သည်။

လွန်ခဲ့သော နှစ်လခန့်က ယင်းလက်နက်များသည် အာရာအယ်ရှန်နှင့် ဂျက်ဟက် အယ်နူစရာတို့ လက်ထဲသို့ ရောက်ရှိ နေခြင်းကြောင့် FSA အပြင်ဘက်သို့ လက်နက်များ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

ဟားမားကပြောရာတွင် အီရန်တို့လုပ်သမျှ ခအရာတိုင်းသည် ဝါဒဖြန့်ချိရေး သဘောက အမြဲတမ်း ပါနေတတ်ကြောင်း၊ ဤဓာတ်ပုံများ ထည့်ပေးလိုက်ခြင်းသည် ပြည်တွင်း အတွက်ရော အနောက်နိုင်ငံ အတွက်ပါ တစ်ချက်ခုတ် နှစ်ချက်ပြတ် ရည်ရွယ်ပြီး လုပ်ပုံရပါကြောင်း ပြောပြသည်။

သူတို့၏ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ခုလုံးကို ပြလိုခြင်းဖြစ်သည်။ ယင်းမှာ အီရန်တို့ ကျောထောက် နောက်ခံရှိသော ရှီးယိုက် တိုက်ခိုက်ရေး သမားများသည် အဆင့်မြင့် လေ့ကျင့်ရေး သင်တန်းများကို တက်ရောက်ပြီးသူများဖြစ်၍ တကယ့်

ကျွမ်းကျင်သော Professionals များဖြစ်ကြောင်းနှင့် အစိုးရ အာဏာ ဆက်လက် တည်မြဲရေးအတွက် အနောက်နိုင်ငံ၏ လက်နက်များကို အသုံးပြုနေကြောင်းပြသ လိုခြင်းဖြစ်သည်ဟု စမိုက်သ်က ပြောကြားခဲ့သည်။

ဓာတ်ပုံအများစုမှာ ကူဆာတိုက်ပွဲမှ ရိုက်ယူထားသော ဓာတ်ပုံများပင်ဖြစ်ပြီး ယင်းကူဆာ တိုက်ပွဲကြီးကို အီရန်တို့ ကျောထောက် နောက်ခံပြုထားသော လက်ဘနွန် ရှီးယိုက်တိုက်ခိုက်ရေး သမားများဖြစ်သည့် ဟဇ်ဘိုလာ အဖွဲ့က လက်ဘနွန် နယ်စပ်ရှိ မဟာဗျူဟာ အချက်အချာ ကျသော ကူဆာမြို့ကို အစိုးရ တပ်များ ပြန်လည် သိမ်းပိုက်ရာတွင် ရက်သတ္တ သုံးပတ်ကြာအောင် ဟဇ်ဘိုလာတို့ ကူတိုက် ပေးရကြောင်း သိကြပြီးဖြစ်သည်။

ယင်းဓာတ်ပုံများအနက် တစ်ပုံမှာ လက်ဘနွန် ဟဇ်ဘိုလာ တိုက်ခိုက်ရေး သမား ဂျူဆူးရ်မူဟာမက် အစ္စမေးလ်ပုံဖြစ်ပြီး မေလ ၂၄ ရက်က ကျဆုံးသွားကြောင်း ကြေညာထားခဲ့သူ ၎င်းပုံတွင် သူက M-4ကို ပခုံးသိုင်း လွယ်ထားကြောင်း တွေ့ရ

မည်ဖြစ်ကြောင်း၊ M-203 ဗုံးပစ်လောင်ချာ တစ်လက်လည်း ပါကြောင်း၊ M-4တွင် EOTech ဆိုက်ချိန်ခွက် တပ်ဆင် ထားသည်။

EOTech သည် အမေရိကန် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ယင်းကုမ္ပဏီမှ အမြန်ချိန်ရွယ် ပစ်ခတ်နိုင်သော ဟိုလိုဂရပ်ဖစ် ပစ္စည်းများကို စစ်ဘက်နှင့် အရပ်ဘက်သေနတ် သမားများအတွက် ရောင်းချပေးသော ကုမ္ပဏီဖြစ်သည်။ ပင်တဂွန် စစ်ဌာနချုပ်၏ ကန်ထရိုက် စာချုပ်စာတမ်းများက ကုမ္ပဏီ အနေဖြင့် အမေရိကန် အထူးစစ်ဆင်ရေး ဌာနချုပ်သို့ ၂ဝ၁ဝ ပြည့်နှစ် မေလတွင် အမေရိကန် ဒေါ်လာ ၂၅ သန်း တန်ဖိုးရှိသော သေနတ်ဆိုက်များကို ရောင်းချခဲ့ကြောင်း ဖော်ပြ ထားသည်။

အခြား ရုပ်ပုံများတွင် ရှီးယိုက် တိုက်ခိုက်ရေး သမားများသည် ပုံဖျက်ထားသော စစ်ယူနီဖောင်းနှင့် နည်းဗျူဟာ မြောက် ချပ်ဝတ် တန်ဆာများ ဝတ်ဆင်ထားသည်။ ကျည်ကာ အင်္ကျီ၊ ဒူးပတ်၊ လက်အိတ်နှင့် တံတောင်ဆစ်ပတ် စသည်တို့ ဝတ်ဆင်ထားကာ အီရတ်တွင် တိုက်ပွဲဝင်ရန် အမေရိကန် တပ်ဖွဲ့ဝင်များ ဝတ်ဆင်သည်နှင့် အလွန်တူသည်။

ပုံတစ်ခုတွင် ဟဇ်ဘိုလာ တိုက်ခိုက်ရေး သမားများသည် ဖိုက်ဘာဦးထုပ်ကို ပိုက်ကွန်စွပ်ကာ ပုံဖျက်ထားသဖြင့် အစ္စရေး တပ်သားများနှင့် တူနေသည်။

အမေရိကန် လက်နက်များ အကြမ်းဖက် သမားများထံသို့ ရောက်ရှိသွားခြင်းနှင့် ပတ်သက်၍ နယူးယောက် တိုင်းမ် သတင်းစာက ဖော်ပြရာတွင် ဆီးရီးယားသူပုန်များထံ လက်နက်များ ပေးပို့ရာတွင် CIA က ပါဝင်ခဲ့သည်ဟု ဆိုသည်။ လက်နက်များသည် ဆီးရီးယား အယ်လ်ကိုင်ဒါ အုပ်စုခွဲ ဂျက်ဟက် အယ်နူစရာ (Jabhat al- Nusra) အဖွဲ့သို့လည်း ရောက်ရှိ ခဲ့သည်။ ၂ဝ၁၂ ခုနှစ်ကတည်းက လက်နက်များကို လေယာဉ်ဖြင့် တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အမေရိကန်၊ တူရကီ၊

ကာတာ၊ ဆော်ဒီအာရေဗျနှင့် အခြားနိုင်ငံတို့သည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မွတ်စလင် ညီအစ်ကို တော်များ အဖွဲ့နှင့် အယ်လ်ကိုင်ဒါ အပေါင်းပါ သူပုန်တို့အား ၂ဝ၁၁ ခုနှစ်အစောပိုင်း ကာလက ထောက်ပံ့ နေခဲ့ကြသည်ဟု ဆိုသည်။

အထူးစစ်ဆင်ရေး ဆက်ဆံရေး အရာရှိနှင့် အထူးစစ်ဆင်ရေး တိုက်ပွဲဝင် တပ်သားများသည် ၂ဝ၁၁ ခုနှစ်ကတည်းက ဆီးရီးယား မြေပေါ်တွင် ရှိနေကြသည်ဟု ဆိုသည်။

၂ဝဝ၇ ခုနှစ်အစောပိုင်းကပင် ကာတာ အစိုးရက တူရကီ နိုင်ငံခြားရေး ဝန်ကြီး ဒါဗိုတိုဂလူ ထံသို့ အမေရိကန် ဒေါ်လာ ၁ဝ ဘီလီယံ ပေးပို့ပြီး တူရကီနှင့် အာရပ် အစိုးရများသည် CIA ၏ အကူအညီဖြင့် မကြာသေး မီလများက စစ်ရေးအကူ အညီများကို တိုးမြှင့်၍ ဆီးရီးယား သူပုန်အဖွဲ့ကို ပေးခဲ့သည်။

နယူးယောက် တိုင်းမ်၏ အဆိုအရ ၂ဝ၁၂ ခုနှစ် နောက်ပိုင်းတွင် ဂျော်ဒန်ဆော်ဒီ အာရေဗျနှင့် ကာတာ စစ်ဘက် ကုန်တင် လေယာဉ်များ ပုံစံဖြင့် အခေါက်ပေါင်း ၁၆ဝ ပို့ဆောင် ပေးခဲ့သည်ဟု ဆိုသည်။ နယူးယောက် တိုင်းမ်က ဆက်လက် ဖော်ပြသည်မှာ အမေရိကန် သမ္မတက လူကို မသေစေနိုင်သည့် ပစ္စည်းများသာ ထောက်ပံ့မည် ဆိုသည်။ CIA က လျှိုဝှက်ရုံးများကို အသုံးပြုကာ အာရပ် အစိုးရများကို ခရိုအေးရှားမှ လက်နက်များ အမြောက်အမြား ဝယ်ယူ ရရှိ နိုင်အောင် အကူအညီ ပေးခဲ့သည်ဟု ဆိုသည်။

ပခုံးထမ်း၍ မြေပြင်မှ ဝေဟင်သို့ ပစ်ခတ်ရသော ဒုံးကျည်များ အပါအဝင် သင်္ဘော ဖြင့်လစ်ဗျားမှ တင်ဆောင်လာသော လက်နက်များသည် တူရကီသို့ ရောက်ရှိလာပြီး ဆီးရီးယား သူပုန်များသို့ ဖြန့်ဝေ ပေးခဲ့သည်ဟုဆို၏။ တစ်ဖန် ဆော်ဒီ အာရေဗျနှင့် အီရတ်အကြား ယခင်လက်နက် မှောင်ခိုလမ်းကြောင်း ပြန်ပွင့်သွားခဲ့ပြီး ဆီးရီးယားရှိ အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်သည့် ဂျက်ဟက်အယ် နူစရာအပါအဝင် အင်အား၊ လက်နက်နှင့် အခြားကိရိယာများ မှောင်ခို လမ်းကြောင်းမှ ရရှိသည်ဟုဆို၏။

သို့ဖြစ်၍ အမေရိကန် လက်နက်များ နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက် အဖွဲ့များ၏ လက်ထဲသို့ ရောက်ရှိ သွားနိုင်သည်ကို တွေ့ရမည် ဖြစ်သည်။

ဆောင်းပါးရှင်- ကိုကိုဟန်

မြ၀တီ

0 comments:

Post a Comment