16.7.13

ချင်းတွင်းမြစ်တွင်း အပျော်စီးသင်္ဘောခရီးစဉ် ပြေးဆွဲမည်

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်တွင် အပန်းဖြေလုပ်ငန်းများ လုပ်ကိုင်နေသည့် Orient Express ကအပျော်စီးသင်္ဘော Orcaella ဖြင့် ဇူလိုင်လ ၂၂ ရက်နေ့မှစ၍ ချင်းတွင်းမြစ်တွင်း စတင်ပြေးဆွဲမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ Group Operations Manager, Ms.Niana Sophie Tomaschko က ပြောကြားသည်။


Orcaella အပျော်စီးသင်္ဘောဖြင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသ များကို သွားရောက်လေ့လာမည့် ၁၁ ညအိပ်၊ ၁၂ ရက် ခရီးစဉ်ဖြစ်ပြီး လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅,၆၁၀ ကျသင့်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ချင်းတွင်းမြစ်က သွားရခက်ခဲတယ်။ ဒါကြောင့် ရေတက်ကာလကို ရွေးချယ် ထားတာ” ဟု Ms.Niana Sophie Tomaschko ကပြောဆိုသည်။

အဆိုပါ အပျော်စီးသင်္ဘောပေါ်တွင် အပန်းဖြေနားနေ စားသောက်ခန်း၊ အိပ်ခန်းနှင့် ကိုယ်ကာယလေ့ကျင့်ခန်း၊ ရေကူးကန်နှင့် ကျန်းမာရေး စောင့်ရှောက် မှုပေးမည့် ဝန်ဆောင်မှု ဧရိယာများ ပါဝင်အောင် ဒီဇိုင်းဆွဲတည်ဆောက်ထားခြင်းဖြစ်ကာ ခရီးသည် ၅၀ ခန့် လိုက်ပါနိုင်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

ခရီးစဉ်လမ်းကြောင်းမှာ မန္တလေး- မုံရွာ- ကလေး-မင်းကင်း -ဟုမ္မလင်း အထိ ပြေးဆွဲမည်ဖြစ်ပြီး အပြန်ခရီးစဉ်ကို ပုဂံ (ညောင်ဦး) တွင် အဆုံးသတ်မည် ဖြစ်ကြောင်း၊ ခရီးလမ်းတစ်လျှောက် သဘာဝ အလှအပရှုခင်းများ ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ကာ ထင်ရှားသည့် စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ ကျေးရွာများသို့ လည်ပတ်ရမည် ဖြစ်ကြောင်း Ms.Niana Sophie Tomaschko ကဆိုသည်။

Orcaella ချင်းတွင်းမြစ်သွား အပျော်စီးသင်္ဘော ခရီးစဉ်များကို ဇန်နဝါရီလမှ ဧပြီလအတွင်း တစ်ကြိမ်နှင့် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်းတစ်ကြိမ် တစ်နှစ်လျှင် နှစ်ကြိမ် ပြေးဆွဲကြောင်း Orient Express ထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment