16.7.13

စင်ကာပူသို့ သခွားမွှေးတင်ပို့မည်


မြန်မာ့လယ်ယာထွက်ကုန် သခွားမွှေးကို သြဂုတ်လ ဒုတိယပတ်မှစတင်၍ စင်ကာပူနိုင်ငံသို့ တင်ပို့သွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်း မန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ အသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဦး က ပြောကြား သည်။

မြန်မာ့သခွားမွှေးကို တရုတ်နိုင်ငံသို့ ပြည်တွင်းကုမ္ပဏီတစ်ခုက ၂၀၀၈ ခုနှစ်တွင် တင်ပို့ခဲ့ပြီး စင်ကာပူနိုင်ငံသည် မြန်မာ့သခွားမွှေး ဒုတိယမြောက် ပြည်ပဈေးကွက် ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၂ ခုနှစ်အတွင်းက သခွားမွှေး တန်ချိန် ၇၀ ခန့်ကို စင်ကာပူ ဈေးကွက်သို့ တင်ပို့ခဲ့ပြီး ယခုနှစ်တွင်မူ သီတင်းတစ်ပတ်လျှင် သခွားမွှေး တန်ချိန် ပျမ်းမျှ ၂၅ တန်ခန့် တင်ပို့ရန် လျာထားကြောင်း ၎င်းကပြောကြားသည်။

စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုတ်သီးစိမ်းနှင့် ဒန့်ဒလွန်သီးတို့ကိုလည်း စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာများအတွက် အဓိကတင်ပို့ပြီး သခွားမွှေးကိုမူ စင်ကာပူနိုင်ငံသားများအတွက် အဓိကတင်ပို့ကြောင်း တရုတ်သို့ သခွားမွှေး တင်ပို့သည့် ရန်ကုန်မြို့တော် အခြေစိုက် ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“သခွားမွှေးက ကျောက်ဆည်၊ စဥ့်ကိုင်၊ ဘုတလင်နဲ့ ရွှေဘိုဘက်တွေမှာ အထွက်များတယ်” ဟု ၎င်းကဆိုသည်။

စင်ကာပူဈေးကွက်သို့ သခွားမွှေးအပြင် ကျွဲကောသီးများကိုပါ သြဂုတ်လနှင့် စက်တင်ဘာလများတွင် တင်ပို့သွားရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်သူများ အသင်းထံမှ သိရသည်။

တရုတ်နိုင်ငံသို့ မြန်မာစိုက်ပျိုးရေး သီးနှံများကို တင်ပို့ရောင်းချရာတွင် တရုတ်ဝယ်လက်များ၏ ဈေးနှိမ်ခံရခြင်းနှင့် ကုန်သွယ်မူ အသာစီးယူခြင်းများကြောင့် စင်ကာပူသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံထက် ပိုမိုအကျိုးများနိုင်ကြောင်း ရန်ကုန်မြို့တော် အခြေစိုက် စိုက်ပျိုးရေး လုပ်ငန်းရှင်များက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment