24.7.13

မောင်စိန်ဝင်း(ပုတီးကုန်း) ပြောတဲ့ Fate, Forgive, Family, Fate

Fate ဆိုတာ ကံကြမ္မာ ဆိုတာပါပဲ။ ကံကြမ္မာ အကြောင်းပြောရရင် ဘာသာ တရားကစရလိမ့် မယ်။ ကျွန်တော် ဗုဒ္ဓဘာသာပါ။ ဗုဒ္ဓဘာသာမှာ တောင် မိရိုးဖလာ ဗုဒ္ဓဘာသာမဟုတ်ပါဘူး။ ကျွန်တော်က တကယ်ကို ယုံကြည် သက်ဝင် ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာတစ်ယောက်ပါ။
ဗုဒ္ဓ ဘာသာဝင် တစ်ယောက် အနေနဲ့ ကံတရားကို ယုံ တယ်။ ကျွန်တော်သိတဲ့ ကံကနှစ်ခု ရှိတယ်။ တစ်ခု က အခု ဘဝမှာဖြစ်နေတဲ့ ပစ္စုပ္ပန် ကံနဲ့ အတိတ်ကံ နဲ့ပါ။ လူတစ်ယောက် ရဲ့ဖြစ်စဉ်မှာ အဲဒီ ကံနှစ်ခုက အကျိုးပေးနေတာပါ။ အဲဒီမှာမှ ကံ "ကမ္မ" အလုပ် လို့ လူတွေက အဓိပ္ပာယ်ဖွင့်ကြတယ်။ အဲဒါက ပစ္စုပ္ပန်ကံ အတွက်တော့ မှန်တယ်။ လက်ရှိမှာ ကံကောင်းချင်ရင် ကောင်းတာလုပ်။ ဒီကံကို ကိုယ်က Control လုပ်ပြီးရွေးလို့ရတယ်။ အတိတ် ဘဝကဖြစ်ခဲ့တဲ့ ကံကိုတော့ ရွေးလို့မရတော့ဘူး။ အတိတ်ကလည်း ကောင်းတာ လုပ်ခဲ့တယ်။ အခု လက်ရှိမှာလည်း ကောင်းတာ လုပ်နေတယ်ဆိုရင် အပေါင်းနှစ်ခု ဆိုတော့ အမှတ် ပိုတက်သွားတာ ပေါ့။ အတိတ်တုန်း ကတော့ အပေါင်း။ အခုမှာ အနုတ်တွေလုပ်နေရင် အမှတ်တွေလျော့သွားမှာ ပေါ့။ အတိတ် မှာလည်း အနုတ်။ အခုလည်း အနုတ် ဆိုရင်တော့ ပိုဆိုးသွားပြီပေါ့။ ကံကို ကိုယ်ကပြဋ္ဌာန်းတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်း တာလုပ်ရင်တော့ မကောင်းတာတွေပဲ ဖြစ်မှာပေါ့။ အတိတ်ဘဝမှာ ကိုယ် ဘာတွေ လုပ်ခဲ့လဲ မသိတော့။ ဒီလက်ရှိမှာ ကောင်းတာတွေများများ လုပ်ရ မယ်။ ကံပစ်ချတဲ့ အတိုင်းပဲဆိုတဲ့သူတွေကိုတော့ ကျွန်တော်က အတိတ် ကံပဲယုံပြီး ဒီလက်ရှိ ဘဝကံကို မေ့လိုက်တဲ့ သူတွေ လို့ ပြောချင်တယ်။

"Forgive"

Forgive ကတော့ ခွင့်လွှတ်တာပါပဲ။ ခွင့်လွှတ်မှု ဆိုတာကလည်း ဘာသာရေး နဲ့နွှယ်ပြီး ပြောလို့ရတယ်။ ခွင့်လွှတ်မှု အကြောင်း ပြောမယ် ဆိုရင်။ နံပါတ်တစ်က ကိုယ်ကျိုးစွန့်ရမယ်။ နံပါတ် နှစ်က သည်းခံခွင့်လွှတ် တတ်ရမယ်။ နံပါတ်သုံးက ကိုယ်ချင်း စာနာတတ်ရမယ်။ နံပါတ်လေးက အမှားအမှန် ခွဲနိုင်ရမယ်။ အဲဒီလေးခုကို ထိန်းသိမ်း နိုင်ရင် နိဗ္ဗာန်ရောက် တယ်။ နိဗ္ဗာန်သွားဖို့အတွက် သည်းခံခွင့်လွှတ်နိုင်ရမယ်။ ဒီတော့ သာသာရေး အနေနဲ့ ပြောရရင် ခွင့်လွှတ်တာက အရေးပါတဲ့ ကိစ္စပါပဲ။ ပုထုဇဉ် တစ်ယောက် အတွက်တော့ စိတ် တို၊ စိတ်ဆိုး၊ မကျေနပ်တာတွေ၊ ပူပန် တာတွေ ရှိတာပေါ့။ ဒေါသတရားတွေများလာရင် ခွင့် မလွှတ်နိုင်တဲ့ ကိစ္စတွေဖြစ်သွားကြတယ်။ ခွင့်လွှတ် ရမယ်ဆိုတဲ့ အသိဝင်လာတာနဲ့ အဲဒီဒေါသတွေ လည်း ငြိမ်းသွားတယ်။ အေးချမ်းသွားတာပေါ့။ ဒါဆို ခွင့်မလွှတ်နိုင်လောက်တဲ့ ဒေါသတရားတွေရှိ တယ်။ ဒါပေမဲ့ ကလဲ့စားချေ တာမျိုးအထိ မဖြစ် တော့ဘူးပေါ့။ ကျွန်တော် ခွင့်မလွှတ်နိုင်တဲ့ ကိစ္စ ဆိုရင် လူတစ်ယောက်ကမသိလို့မှားတာ မဟုတ်ဘဲ သိသိကြီးနဲ့ တစ်စုံ တစ်ယောက် ကို ထိခိုက်နစ်နာ အောင်လုပ်ရင်၊ စိတ်ယုတ်မာချင်စိတ်နဲ့ လုပ်တာ တွေဆိုရင် ခွင့်မလွှတ်ချင်ဘူး။ ဒါပေမဲ့ ဒါတွေကို စောစော ကပြောသလို ပြန်ဖြေလိုက်ရင် ရင်ထဲငြိမ်း သွားပါတယ်။ ကျွန်တော်တို့ လူတွေမှာ Mind Set ဆိုပြီး စိတ်ထဲ စွဲနေတတ်တာတွေ ရှိတယ်။

ကျွန်တော်တို့ မြန်မာလူမျိုးတွေက ခွင့်လွှတ်သည်းခံ တတ်၊ ရောင့်ရဲ တတ်ကြတယ်။ ဒါပေမဲ့လည်း တချို့ကိစ္စတွေမှာတော့ ဒီလိုပြောလို့ မရပြန်ဘူး။ ခွင့်လွှတ်လို့မရတဲ့ ကိစ္စတွေလည်း ရှိတတ်တယ်။ ဥပမာ... နိုင်ငံတော် ကိစ္စတွေပေါ့။ နိုင်ငံရေးမှာ မှားပြီး ကျောင်းသားတွေ အသတ်ခံရ။ ထောင်ချ ခံရတဲ့ ကိစ္စဆိုရင်အမှန်ကို ချစ်တဲ့သူ တစ်ယောက် အနေနဲ့ဆိုရင် ခွင့်လွှတ်ချစ်စရာမဟုတ်ဘူး။ လူနည်းစုအာဏာတည်မြဲဖို့ လူများစုက ခံလိုက်ရ တာကိုး။ ဒါပေမဲ့ အဲဒါကို ပြန်ဆင်ခြင်တော့လည်း ဒါတွေကို ခွင့်မလွှတ်နိုင်လို့ဆိုပြီး ကလဲ့စားချေတာ လည်း မဟုတ်ဘူး။ မလိုဘူးပေါ့။ ဒါကိုမေ့ခိုင်း တာလည်း မဟုတ်ပြန်ဘူး။ ဒါက သမိုင်းဖြစ်သွား ပြီလေ။

Family

Family ဆိုတာ မိသားစုပေါ့။ မိသားစုဆိုတာ ရဲဘော်ရဲဘက်တွေပါပဲ။ တိုက်ပွဲတစ်ခုကို တိုက်နေ ကြတဲ့အချိန်မှာ သေအတူ ရှင်မကွာ သွေး စည်း နေကြတဲ့ ရဲဘော်ရဲဘက်တွေပါ။ ကျွန်တော်ကတော့ ကိုယ့်မိသားစု မှ Family လို့ မပြောချင်ဘူး။ ကိုယ့် ရဲ့ လုပ်ဖော်ကိုင်ဖက် (အပေါင်းအသင်း) သူငယ် ချင်းတွေလည်း မိသားစုပါပဲ။ ခုနကပြောတဲ့ ရဲဘော်ရဲဘက် စိတ်ရှိတဲ့ သူငယ်ချင်းက မိသားစု တွေပဲ။

မိသားစုထဲမှာ စောစောက ပြောခဲ့တဲ့ခွင့်လွှတ်သည်းခံစိတ်ရှိရမယ်။ အင်္ဂုတ္တိုရ်ပါဠိတော် အပဏ္ဏကသုတ်မှာ ဟောထားတာရှိတယ်။ ကိုယ် ကျိုးစွန့်ရမယ်။ သည်းခံခွင့်လွှတ်ရမယ်။ စာနာညှာတာ ထောက်ထားရမယ်။ မှားမှန်ခွဲရမယ် ဆိုတာတွေပေါ့။ အဲဒီလေးချက် ပြည့်စုံတဲ့သူတိုင်းက ဒါက မိသားစုပဲ။ မိသားစု တစ်စုရဲ့ အဓိကလိုအပ် တာလည်း ဒါတွေပဲ။ ကိုယ်နဲ့ တစ်သွေးတစ်သား တည်း မဟုတ်ပေမယ့် ပြောခဲ့တာတွေနဲ့ ကိုက်နေ ရင် ဒါကမိသားစုပဲ။ မိသားစုစိတ်ဓာတ်ဆိုတာ ဒါကိုပြောတာပါ။

ကျွန်တော်ဆိုရင် ငယ်ဘဝ မိသားစုမှာ အများနဲ့မတူတဲ့ လိုအပ်ချက်ရှိခဲ့တယ်။ ကျွန်တော်က လူတကာ သုံးခွင့်ခေါ်ခွင့်ရခဲ့တဲ့ စကားလုံးကို ခေါ်ခွင့်မရခဲ့ဘူး။ အဲဒါ အဖေ ဆိုတဲ့ စကားလုံးပဲ။ ကျွန်တော်လေးလသားမှာ အမေနဲ့ အဖေက ကွဲသွားကြ ရတယ်။ ကျွန်တော့်ကို အဖေ ဆိုတာ သေသွားပြီလို့ပဲ အမေ့ မိသားစုက အသိ ပေးခဲ့ကြတာ။ ကျောင်းအပ်တော့လည်း အဘိုးကို အဖေနာမည် နဲ့အပ်ပေးခဲ့တာ။ ကျွန်တော့် အဖေ ကအခုထိ အသက်ရှင်နေ တုန်းပါ။ အမေသေမှ ကျွန်တော်က အဖေ့ကို သွားတွေ့ခွင့်ရခဲ့တာ။ သွားတွေ့တော့လည်း အသက်တွေကြီးမှ ဆိုတော့ တစ်ယောက် နဲ့ တစ်ယောက်က သူကလည်း သား လို့ခေါ်မထွက် ကိုယ်ကလည်း အဖေ လို့ခေါ် မထွက် တဲ့အဆင့်တွေ ရောက်သွားတယ်။ ကျွန်တော့်ရဲ့ ပထမ မိသားစု ဘဝမှာ အမေ့ရဲ့မိသားစုနဲ့ နေခဲ့တာ ပေါ့။ ကျွန်တော့်အမေ ဘက်က လည်း စီးပွားရေး တွေ တောင့်တင်းကြတော့ အဖေဆိုတာ မလိုအပ် ဘူးလို့ ကျွန်တော့်ကို ရိုက်သွင်းခဲ့တာပါ။ အဖေ့ရဲ့ လိုအပ်ချက်ကိုလည်း နားမလည် ခဲ့ဘူး။ ဒါပေမဲ့ အခု အသက်အရွယ် ရလာတော့ ကျွန်တော့် အဖေကို ခွင့်လွှတ်နိုင်ပါတယ်။ မပတ်သက်တာပဲ ရှိတယ်။ အဖေ့ကို နားလည်ပေးနိုင် တယ်။ ပြောချင်တာတော့ မိသားစု ဆိုတာက သည်းခံ ခွင့်လွှတ်တယ်။ စာနာ နားလည်ပေးတယ် ဆိုတာပါရမယ်။ ဒီလိုမှ မဟုတ် ရင် မိသားစုက အချိန် မရွေး ပြိုကွဲသွားနိုင်တယ်။ လူတွေက အချစ်တွေ၊ မေတ္တာတွေကို အရေးကြီး တယ်လို့ထင်ကြတယ်။ ကျွန်တော်လည်း ငယ်ငယ် တုန်းက ဒီလိုပဲထင်ခဲ့တာ။ အမှန်တော့ မဟုတ်ဘူး။ နားလည်မှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုက မိသားစုတစ်ခု မှာ အရေးကြီးဆုံးပါပဲ။

ဖြိုးစုပိုပို
Yati Magazine

0 comments:

Post a Comment