24.7.13

ဦးလထော်ဘရန်ရှောင်နှင့် တွေ့ဆုံခြင်း

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသား ၇၃ ဦးကို ယနေ့ (ဇူလိုင် ၂၃ရက်) လွှတ်ပေးခဲ့ရာ ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်တွင် လွန်ခဲ့သည့် ငါးရက်က ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံရသော ဦးလထော်ဘရန်ရှောင်လည်း လွတ်မြောက်သူများတွင် ပါဝင်လာခဲ့သည်။ ကေအိုင်အေ အရာရှိ ဟူသော စွပ်စွဲချက်ဖြင့် ပုဒ်မ ၁၇/၁ အရ
အမိန့်ချလိုက်ပြီး ပြန်လည် လွတ်မြောက်လာသူ ဦးလထော်ဘရန်ရှောင်ကို The Voice က ဆက်သွယ်မေးမြန်း ခဲ့ရာတွင် ၄င်းမှာ ဗမာစကားကျွမ်းကျင်မှု အားနည်းသည့် အတွက် ဇနီးဖြစ်သူ ဒေါ်ဇေညွယ်က ဘာသာပြန် ပြောဆို ပေးခဲ့သည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice : ဦးဘရန်ရှောင်အနေနဲ့ ဒီနေ့ လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ဘာများပြောချင်လဲ ခင်ဗျ။

UBS : ဇူလိုင်လ ၁၈ ရက်နေ့က အမိန့်ချပြီး နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာ တဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကေအိုင်အေစစ်သားလည်း မလုပ်ခဲ့ဘဲနဲ့ ထောင်ဒဏ် ၂နှစ် ချတာကိုတော့ ခံရခက်တယ်။ အဲဒီအမိန့် ချတဲ့နေ့က ကျွန်တော်တို့ ရှေ့နေရဲ့ လျှောက်လဲချက်တွေ၊ သက်သေတွေကို မစဉ်းစားဘဲနဲ့ ကြိုတင်ရေးလာတဲ့ အမိန့်စာကိုပဲ ဖတ်ပြပြီး အမိန့်ချ ခဲ့တယ်။ကေအိုင်အေစစ်သား ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး။

Voice : ဟုတ်ကဲ့။ ကေအိုင်အေတပ်သား ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုရင်ဆိုင်နေရတုန်းက ထောင်ထဲမှာ ဘယ်လို နေခဲ့ရလဲခင်ဗျ။ ရိုက်နှက်တာမျိုး ရှိလားခင်ဗျ။

UBS : အချုပ်သားဆိုပေမယ့် ထောင်ထဲမှာ ကျနေတဲ့သူတွေလို နေရတာပါပဲ။ ထောင်ထဲရောက်တဲ့ အချိန်တော့ ရိုက်နှက်တာမရှိဘူး။အဖမ်းခံရတုန်းက ရိုက်နှက်ပြီး စစ်မေးတယ်။

Voice : ပြီးခဲ့တဲ့ ၁၈ ရက်နေ့က အမိန့်ချလိုက်ပြီး ခု ငါးရက်အကြာမှာ လွတ်မြောက်တာက နိုင်ငံတော်သမ္မတရုံး ဝန်ကြီးက မြစ်ကြီးနား ဆွေးနွေးပွဲတုန်းက ကေအိုင်အေအဖြစ် ဝန်ခံလိုက်ရင် တစ်ပတ်အတွင်း လွှတ်ပေးမယ် ကတိပေး ပြောထားတာ ရှိတယ်လို့ ကြားထားပါတယ် ခင်ဗျ။ အဲဒါနဲ့များ သက်ဆိုင်သလား။

UBS : ကေအိုင်အေ အဖြစ်တော့ ဝန်ခံခိုင်းတာ မပါပါဘူး။ ကျွန်တော့် မိန်းမကို တစ်ပတ်အတွင်း လွှတ်ပေးမယ် ယုံလား၊ ယုံတယ်ဆို ထမင်းကျွေးမလား လို့ပဲ မေးတာပါ။

Voice : အဲဒီကတည်းက တစ်ပတ်အတွင်း လွှတ်ပေးမယ်လို့ ဆိုလိုတာလား။ အမိန့်ချပြီးမှ လွှတ်ပေးမယ်လို့ ပြောပေးမယ်လို့ ပြောခဲ့တာလားဗျ။

UBS : ဒီနေ့မှ လွတ်လာတော့ အမိန့်ချပြီး တစ်ပတ်အတွင်း လွှတ်ပေးတဲ့သဘော ဖြစ်သွားတာပေါ့။

Voice : ဒီနေ့လွှတ်ပေးမယ် ဆိုတာကိုရော ကြိုသိရလား ခင်ဗျ။

UBS : ဒီမနက်မှပဲ သိတာပါ။ နေ့လယ် ၁ နာရီကျော်မှာ လွတ်လာပါတယ်။

(ဓါတ်ပုံ - မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာသူ ဦးလထော်ဘရန်ရှောင်ကို ဇူလိုင် ၂၃ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် အတူ တွေ့မြင်ရစဉ်)

မင်းထက်စံ
The Voice Weekly

0 comments:

Post a Comment