11.8.13

၈ - ၈ - ၈၈ ဖြစ်ရပ်မှန်အချို့

ကျနော့်ရဲ့ ဆရာ...ဦးခမ်း (မှုးယစ်ဗဟိုက ကချင်တိုင်းရင်းသားကြီး ဦးခမ်းအောင် ရေးတာပါ)

မနေ့ က ၈ - ၈ - ၈၈ ရက်နေ့ ၂၅ နှစ်ပြည့်အထိန်းအမှတ်ပွဲ ကျင်းပနေတာတွေ ဒီနေ့ မနက် သတင်းစာမှာရော Facebook မှာရော ဖတ်ရတယ်။ အမှတ်ရစရာနေ့ တွေ၊ အမှတ်ရစရာ အကြောင်းအရာ၊ အဖြစ်အပျက်တွေတင်တဲ့ မိတ်ဆွေတွေပြောကြတာလည်း ဖတ်ရ ကြားရ ပါတယ်။ အထုးသဖြင့် ပစ်တာတွေ ခတ်တာတွေ၊ ဒဏ်ရာရတာတွေ..စုံလို့ ပဲ။



စိတ်မကောင်း စရာ၊ စိတ်မချမ်းသာစရာ သမိုင်းတကွေ့ ဖြစ်စဉ်တွေ.. ကျနော်ကတော့ မှတ်မှတ်ရရ မနေ့ က မူးယစ်ပြတိုက်မှာ ရဲအရာရှိကြီးတွေ ၂၀ ကျော်ကို crowd management and control, riot management and control သင်တန်းပို့ ချနေတဲ့ Belgian Police and Irish Police ကအရာရှိကြီး ၂ ယောက်နဲ့  ကျနော် ၈၈ အရေးအခင်းမှာ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ဖြစ်စဉ်သင်ခန်းစာတစ်ခုကို မျှဝေခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို ဘယ်သူ့ ကိုမှ တခါမှ ပြန်မပြောပြဘူးပါ။

တစ်နေ့်ညက အဲဒီဥရောပ ရဲအရာရှိ ကြီးတွေနဲ့  ညစာစားပွဲလေးတစ်ခုမှာ ကြုံဆုံရတော့ သူတို့  ဘာတွေသင်ကြားပို့ ချနေလဲ မေးမြန်း ဆွေးနွေးရင်းနဲ့  ကျနော်ကြုံခဲ့ဘူးတဲ့ ၈၈ အရေးအခင်း ကာလကဖြစ်စဉ်နဲ့  သူတို့ လိုလားတဲ့ ပုံစံကတိုက်ရိုက် ထပ်တူထပ်မျှ ဖြစ်နေတာ အံ့သြစွာသိ ခဲ့ရတယ်။ ဒါနဲ့ သူတို့ နားထောင်မယ်ဆိုရင် ပြောပြချင်တယ်..ဆိုပြီး ပထမဦးဆုံးအကြိမ် ဒီဖြစ်စဉ်ကို ပြောခဲ့တယ်။ သူတို့ တောင်းဆိုချက်ကြောင့် မနေ့ က ရဲအရာကြီးများသင်တန်းမှာ ထပ်မံ ရှင်းလင်းပြောပြခဲ့တယ်..ဒုတိယအကြိမ်ပေါ့။

အခုဒါ တတိယအကြိမ်။ မပြောချင်တာကလည်း ၈၈ အရေးအခင်းအကြောင်းက ဝမ်းသာစရာ၊ အပျင်းပြေပြောဖို့ ၊ ဂုဏ်ယူစွာပြောဖို့ ၊ စကားစပ်လို့ တောင်ပြောဖို့  မကောင်းတဲ့ တိုင်းပြည်ရဲ့  ဝမ်းနည်းစရာ သမိုင်းမှတ်တိုင် ဖြစ်စဉ်ကြီးမဟုတ်လား..ဒါကြောင့်လည်း ကျနော် မပြောချင်တာ၊ မပြောဖြစ် ခဲ့တာပါ။ ဒါပေမဲ့ ဖြစ်စဉ်ကတော့ အမှန်။ ကျနော် ကိုယ်တွေ့ ရင်ဆိုင် ဖြေရှင်းခဲ့ရတဲ့ဖြစ်စဉ်ပါ။

ဖတ်ကြည့်ပြီးမှသုံးသပ်ကြပါ..ဝေဖန်ကြပါ.. အဲဒီနေ့ ကိုတိတိကျကျမမှတ်မိပါ။ အရေးအခင်းကာလ ဘယ်နေ့ ဘာဖြစ်တယ်ဆိုတာ မမှတ်ထားပါ။

နေ့ စဉ်အစီရင်ခံစာတွေ ပြန်လှန် ရှာဖွေရင်တော့ရှိပါတယ်။ အဲဒီလောက် မသွားချင်တော့ဘူး။ အရေးအခင်းစဖြစ်တော့ ကျနော်တပ်ရင်းတရင်းမှာ ဒုတိယတပ်ရင်းမှူးတာဝန်ထမ်းဆောင်နေ ပါတယ်။ ကျနော်တို့ တပ်ရင်းက တပ်ပြန်နားနေချိန်၊ ပြန်လည်ဖွဲ့ စည်း လေ့ကျင်နေချိန်၊ တနည်းအားဖြင့် စစ်ဆင်ရေးအရန်တပ်ရင်းပေါ့။ ချက်ချင်း ရန်ကုန်မှာအရေးပေါ်ရှိတယ်ဆိုပြီး အမိန့် ရတာနဲ့ တရင်းလုံးရန်ကုန်ကို အထူးမီးရထားနဲ့ ဆင်းရပါတယ်။

ရန်ကုန်ရောက်တော့ ဝန်ကြီးများရုံး၊ စက်ဆန်း၊ အသံလွှင့်ရုံ၊ သင်ကန်းကျွန်း၊ မီးရထားဝန်ကြီးဌာန (ယခု ဂရန်း မီးရထားဟော်တယ်လ်) တို့ မှာ လှဲ့ ပတ်ပြီး လုံခြုံရေး တာဝန် ထမ်းဆောင်ခဲ့ရတယ်။ အခု ပြောမဲ့ ဖြစ်စဉ်က မီးရထားဝန်ကြီးဌာနမှာ လုံခြုံရေးတာဝန်ကျစဉ်ကဖြစ်တာ။ အဲဒီနေ့ မနက်မှာ ကျနော့်စစ်ကြောင်းကိုတာဝန်ပေးတာက ဗိုလ်ချုပ်လမ်းအတိုင်း ရန်ကုန် ဆေးရုံကြီးဘက်ကနေ ချီတက်လာတဲ့ လူအုပ်ကြီးကို ရွှေတိဂုံဘုးရားလမ်းကျော်ပြီး ဗို်လ်ချုပ် ဈေးဘက်ကိုမလာစေဖို့  တားရမယ်။

ဆူးလေလမ်းအတိုင်း ဆူးလေဘုရားဘက်ချီတက်လာတဲ့ လူအုပ်နဲ့ မပေါင်းမိစေဖို့  အဓီကထားတားဆီးပိတ်ဆို့ ဖို့ ပဲ။ ကျနော်က တပ်ခွဲ ၂ ခွဲ စစ်ကြောင်းဆိုတော့ လူအင်အား ၂၀၀ နီးပါးရှိတယ်။ .5 machine gun mounted armored car ၂ စီးလည်း တွဲဖက်ပေး ထားတယ်။ အမှန်တော့ show of force အတွက်ပါ။ ဒါနဲ့  တပ်ခွဲတစ်ခွဲကို အခု စင်ထရယ် ဟိုတယ် and Traders Hotel junction ရှေ့  ဆူးလေလမ်းကို ပိတ်စေ ပြီး၊ တစ်ခွဲကို ရွှေတိဂုံဘုရားလမ်း နဲ့  ဗိုလ်ချုပ် လမ်းဆုံ မှာ နေရာချပိတ်စေခဲ့တယ်။

ပိတ်တယ်ဆိုတာ သံဆူးကြိုးတွေပါ barricades တွေပါ။ မနက် ၁၀ နာရီလောက်ကျတော့ ၂ ဖက်စလုံးမှာ လူထုတော်တော်များနေပြီ။ ဆူးလေလမ်း ဘက် ကတော့ ဗိုလ်ချုပ်လမ်းဖက်ကို မတိုးဘူး။ ဒါပေမဲ့ ပြည်သူ့ ဆေးရုံ ဗိုလ်ချုပ်လမ်းပေါ်က လူထုက ပိတ်ထားတာကို အတင်းတိုးနေတယ်။ လူအုပ်ကလည်း ထောင်နဲ့ ချီနေတယ်။ အော်ဟစ်ကြပေါ့။ အဆိုးဆုံးက မိန်းခလေးငယ်ငယ်တွေပဲ…ဆံပင်တွေ ဖားလား၊ နဖူးစီးအနီနဲ့  ခုန်ပေါက် အော်ဟစ်ပြီး (In English I would term it as “Hysterical”) barricade ဖွင့်ခိုင်းနေတော့ ကျန်တဲ့လူတွေလည်း သွေးဆူလာကြတယ်။ အလံတွေလည်း တလူလူနဲ့ ။ ဘုန်း ကြီး ၃ - ၄ ပါးပါပြီး သူတို့ ကတော့ လိုက်ထိန်းတဲ့ သဘောတွေ့ ရတယ်။

ကျနော်ရှေ့ တက်သွားပြီး PA system အော်လံလေးနဲ့ အော်ပြီးသတိ ပေးရတယ်… barricade ကိုမကျော်ပါနဲ့  လို့ .. ကျနော်တို့ မှာ အမိန့် က တိကျပြတ်သားစွာ ပေးထားတယ်။

လုံးဝ မကျော်စေနဲ့ .. ဗိုလ်ချုပ်လမ်းအတိုင်း ကျော်ပြီး ဆူးလေလမ်းက လူထုနဲ့ ပေါင်းဖို့  ကြိုးစားရင် ပစ်ပါ ဆိုတဲ့ အမိန့် ပဲ။ တစ်ခုတော့ရှိတယ်။ ပစ်ဆိုတိုင်း ဇွတ်ရွတ်ပြီးပစ်ဖို့ တော့ မဟုတ်ပါ။ ပထမအဆင့် ကျော်လာလျှင် ခေါင်းပေါ် ၁ဝ ပေ လောက်အထက်ကို ချောက်လှန့် တဲ့အနေနဲ့  သတိပေးတဲ့ အနေနဲ့ ပစ်ပါ။ ပစ်တဲ့အခါမှာလည်း စက်လတ်လို calibre ကြီးတဲ့ သေနတ် လက်နက်ငယ်ကိုသုံးပါ။ (တော်ရုံ အရပ်သားတွေအနေနဲ့  ကိုယ့်ကို မျက်နှာချင်းဆိုင် ပစ်ခံရရင် ကျည်ဆန် ကိုယ့်ပေါ်က၊ ကိုယ်အနားက လေကို ခွင်းသွားတဲ့အသံကြားရုံနဲ့  သွေးလန့် နိုင် ပါ တယ်။ ပြန်ဆုတ်သွားမယ်လို့ တထစ်ချယုံကြည်တယ်။)

ဒုတိယအဆင့်အနေနဲ့ ကာဘိုင်လို calibre သေးပြီး ဒဏ်ရာပဲရစေနိုင်တဲ့ လက်နက်ငယ်နဲ့  ဒူးအောက် ကိုပစ်ရမယ်။ (ဒါက ဗီယက်နမ်စစ်တုန်းကလည်းသုံးခဲ့တဲ့ နည်းပရိယယ်ပဲ။ ရန်သူ မသေပေမဲ့ ဒဏ်ရာရသွားရင် အုပ်ချုပ်မှုဆိုင်ရာတွေအလုပ်ပိုစေတယ်။ စိတ်ဓါတ်ရေးရာ အရ အထက်စည်းရတယ်ပေါ့ဗျာ…) ဒါမှမရဘူး.. နောက်ဆုံး အဆင့်ထိ ဆက်တိုးလာမယ်ဆိုရင် တတိယ အဆင့်အနေနဲ့ ကျန်တဲ့ လက်နက်ငယ်တွေ (ဘီအေ ၇၂ ၊ စက်လတ်) တွေသုံးပြိးပစ်ခတ်ဖို့ ပဲ။ (ဒီအဆင့်ထိတော့ မမျှော်မှန်းထားကြပါဘူးလေ) ဒီတော့ ကျနော်လည်း ကျနော့် တပ်ခွဲမှူးတွေ၊ တပ်စုမှူးတွေ။ တပ်စုတပ်ကြပ်ကြီးတွေအထိ လူကိုယ်တိုင် လုပ်ဆောင်ရမဲ့ အဆင့်ဆင့် procedures / measures တွေကို သေချာရှင်းပြရ ပါတယ်။ ပြီးရင် ရဲဘော် (တပ်သားတွေအဆင့်) ထိနားလည်အောင်ကိုယ်တိုင်လိုက်ရှင်းထားရ ပါတယ်။ အမှားခံလို့ မရပါ။

နောက်တစ်ချက်က ကျနော့်အမိန့် မရရင် လုံးဝ (လုံးဝ) ကျည် မထိုးရဘူး။ ပြောင်းထဲမှာ ကျည်မရှိဘူးဆိုတာ တပ်စုမှူးအရာရှိတွေကိုယ်တိုင်စစ်ဆေးပြီး သတင်းပို့  ခိုင်းရတယ်။ မတော်တဆဆိုတာမျိုး၊ လက်ယားလို့ ဆိုတာမျိုး မဖြစ်အောင်လို့ ပါ။

ဒီအတိုင်းပဲ တပ်ဖြန့် ထားတယ်။ ရှေ့ ဆုံးမှာ ကာဘိုင်သမားတွေ ဒူးထောက်ပြီး စောင့်တယ်။ ဒုတိယအဆင့်မှာ လက်နက်ငယ်နဲ့ မတ်တတ်ရပ်စောင့်တယ်။ နောက်ဆုံးမှာတော့ armored car နဲ့ ပေါ့။ ဆန်ဒပြတဲ့ လူအုပ်တဖက့်နဲ့  ကျနော့်တပ် တဖက်နဲ့  စောင်နေ တင်းနေကြတာ ၁၂ နာရီထိုး သွားတယ်။ တစ်ခုကတော့ သူတို့ ဖက်က barricades တွေကို တော့မကျော်ဘူး။ ရှေ့ ကို တွန်း တွန်းပြီးရွေှ့ နေတယ်။ ကျနော့်အထက် ကွပ်ကဲမှုကလည်း စကားပြောဆက်သွယ်ရေးစက်နဲ့  ညွှန်ကြား ချက်တွေပေးနေတယ်။ အခြေအနေတွေ အချိန်နဲ့ တပြေးညီတည်းမေးနေတယ်။ ကျော်ရင် ပစ်ဖို့ လည်း ခဏခဏသတိပေးညွှန်ကြားနေတယ်။

ကျနော်ဘာလုပ်ရမလဲ… သေချာတာကတော့ ဖြစ်နိုင်လျှင် ဒီလူထုကို ကျနော်မပစ်လိုပါ… ဒါပေမဲ့ အမိန့် ကလည်းရှိနေသည်.. ဒိလိုမျိုး အခြေအနေမကြုံဖူးပါ.. လက်နက်ကိုင်ထားတဲ့ ရန်သူနဲ့ ဆိုရင်တော့ဘာမှပြောစရာ မရှိပါ။ သူပစ်ကိုယ်ပစ်ပဲ.. ကျနော်တို့ ခေတ်မှာ rubber bullets, plastic bullets တွေ smoke bombs / water canons တွေ မရှိပါ။ live rounds တွေပဲပေးထားတယ်။ ကျနော်တို့ က ရဲတွေမဟုတ်ပါ။ စစ်တပ်ပါ။ နောက်ဆုံးတော့ ကျနော် အကြံတစ်ခုရသည်.. ကျနော် အော်ဟစ်နေတဲ့ လူထုနားကပ်သွားတယ်။ ပြီးတော့ သူတို့ ထဲက ကိုယ်စားလှယ် ၄ ဦးကို ဆွေးနွေးဖို့  ဖိတ်ခေါ်လိုက်တယ်။ လူငယ်အဖွဲ့ ထဲက ၂ ယောက်၊ ဘုန်းကြီးထဲက ၁ ပါး၊ မိန်းခလေးတွေထဲက တစ်ယောက် သူတို့ ဘာသာရွေးပြီး ကျနော်နဲ့ ဆွေးနွေးဖို့ ပါ။ အချိန် ၁ဝ မိနစ်ပေးလိုက်တယ်။

စကော့ဈေး ညာဘက် အခုကားတွေရပ်သည့်နေရာ ဓါတ်တိုင်အောက် တွင် စောင့် လိုက်တယ်။။ လူအုပ်ုထဲက ကိုယ်စားလှယ် ၃ ဦးထွက်လာတယ်။ လူငယ်အဖွဲ့ က ၁ ယောက်၊ အမျိုးသမီး ငယ်အဖွဲ့ က ၁ ယောက်နဲ့  ဘုန်းကြီးထဲက တစ်ပါး။ ကျနော် သူတို့ နဲ့  ၄ဝ မိနစ်လောက်ဆွေးနွေးတယ်။ အဓိက message ကတော့ ရှင်းရှင်းပဲ။ ကျနော်က စစ်သား။ အမိန့် ရထားတယ်။ ခင်ဗျားတို့  ဒီစည်းကျော်ရင်ပစ်ရမယ် ဆိုတာပဲ။ ဒါပေမဲ့ ကျနော်ဖြစ်နိုင်ရင်မပစ်ချင်ဘူး။ ခင်ဗျားတို့ က လက်နက်ကိုင်ထားတဲ့ ရန်သူမဟုတ်ဘူး။ လက်နက်လည်းမရှိဘူး။

ကျနော်တို့ ဟာ မြန်မာလူမျိုးအချင်းချင်းပဲ။ နိုင်ငံခြားသားတွေလည်း မဟုတ်ဘူး။ အဲဒီတော့ ကျနော်လည်း ခင်ဗျားတို့ လို ပဲ ကျင်းထဲကြပ်ထဲရောက်နေတယ်။

ခင်ဗျားတို့  ကျနော့် နေရာမှာ ဆိုရင် ဘယ်လို ဆုံးဖြတ်မလဲ…ဘာလုပ်စေချင်လဲ..ကျနော်ဘာ လုပ်ပေးရမလဲ…ဒါပေမဲ့ သတ်မှတ်ထားတဲ့ စည်းတော့ကျော်မရဘူး…ခင်ဗျားတို့  ဒီသွေးဆူနေ တဲ့ လူအုပ်ကို ထိန်းနိုင်မလား.. တာဝန်ယူနိုင်မလား.. ဒီရက်တွေမှာ ကုန်တိုက်တွေဖေါက်။ ဆိုင်တွေဖေါက်၊ လုယက်မှုတွေ၊ ကားတွေလှန်ပြီးမီးရှို့ တာတွေ၊ ဓါတ်တိုင်တွေချိုးပစ်တာတွေ၊ သံသယရှိတဲ့လူတွေကို ခေါင်းဖြတ်သတ်တာတွေ.. ဘာမှငြင်းဆန်လို့ မရ၊ ငြင်းဆန်ခွင့်မပေး တာတွေ၊ ခင်ဗျားတို့ လူအုပ်ထဲမှာ ခင်ဗျားတို့  အာမခံနိုင်တဲ့လူတွေဘယ်လောက်ပါသလဲ၊ အာမမခံနိုင်တဲ့လူတွေဘယ်လောက်ပါသလဲ..ဖျက်ဆီးလိုက်တဲ့ ဆိုင်တွေ၊ကားတွေ၊ အဆောက် အဦတွေ..ဒါတွေဟာ ကိုယ်မြန်မာလူမျိုးတွေပိုင်ဆိုင်တာတွေပဲ.. အားလုံးပိုင်ကြတာပဲ.. ခင်ဗျား တို့ တောင်းဆိုတဲ့ ဒီမိုကရေစီ ရရင် ဒါတွေအားလုံး ပြန်တည်ဆောက်ယူရမှာ မဟုတ်လား..မူလ ကထဲက ဆင်းရဲတဲ့နိုင်ငံဖြစ်နေရတဲ့အထဲ ဒါတွေဖျက်ဆီးရင် ဘယ်သူအကျိုး ရှိမလဲ..တိုင်းပြည်ပဲနစ်နာမယ်.. အစကနေ သုညကနေပြန်စရမယ်.. ဒီတော့ စဉ်းစားကြပါ..ဘာလုပ်ချင်တာလဲ.. (အဲဒိအချိန်မှာ ဒေါက်တာမောင်မောင်ရဲ့ ကြားဖြတ်အစိုးရ တိုင်းပြည်တာဝန်ယူတော့မယ်ဆိုပြီး ရေဒိယိုကကြေငြာတယ်..) ဒီအစိုးရဘာလုပ်ပေးမလဲဆို တာ စောင့်ကြည့်ဖို့ မသင့်ဘူးလား… စသည်စသည်များကို ဆွေးနွေးလိုက်တယ်.. သူတို့ တွေဝေသွားတယ်။

အထူးသဖြင့် ဘုန်းကြီးက တကာကြီးပြောတာတရားပါတယ်..ဘုန်း ဘုန်းလည်း ဒီလုအုပ်လိုက်ထိန်းရင်းနဲ့  ဆွမ်းစားလွတ်သွားပြီ လို့ စပြောတယ်.. အင်မတန် ပြင်းထန်နေတဲ့ မိန်းခလေးလည်း ဘာဆက်ပြောရမှန်းမသိပဲ ငြိမ်နေတယ်.. ကျနော်က တ ကယ်တော့ သူ့ ကိုကြောက်တာ..စိုးရိမ်တာ.. နောက်သူတို့ အချင်းချင်း ဆွေးနွေးဖို့  အချိန်ပေးလိုက်တယ်..အဖြေတစ်ခုရအောင်ပေါ့.. ခဏကြာတော့.. ဗိုလ်မှူး.. ကျနော်တို့ အဆိုတစ်ခုပြုချင်တယ်တဲ့..ပြောပါဆိုတော့ကျနော်တို့  ကိုသံဆူးကြိုးတွေ နည်းနည်းဖယ်ပေးပါတဲ့..ဒါပေမဲ့ ကျနော်တို့ လူအုပ်ကိုစည်းရုံးပြီး ဆူးလေ လမ်းဖက်ကို ပေါင်းဖို့  မကြိုးစားတော့ပါဘူး.. ဆေးရုံကြီးကိုပဲ တစ်ပါတ် ပတ်ခွင့်ပြုပါ..တဲ့။

ကျနော်က ဒါဆိုရင် တစ်ပါတ်ပတ်ပြီးရင် ခင်ဗျားတို့  သပိတ်လှန်မလား.. လူစုခွဲမလားလို့  အာ မခံချက်တောင်းလိုက်တယ်..သူတို့ လူအုပ်နဲ့ ပြန်ဆွေးနွေးပါရစေလို့ ပြောတယ်.. ကျနော် လည်း အချိန် နာရီဝက်ထပ်ပေးလိုက်တယ်.. နာရီဝက်မပြည့်ခင်မှာ.. သဘောတူပါတယ်တဲ့.. (ကျနော် အသက်ရှူလို့ ပြန်ရသွားတယ်) ရဲဘော်တွေကို barricade နောက်နည်းနည်းရွှေ့ ပြီး ဟပေးလိုက်တယ်။

လူအုပ်ကြီးက ရွှေတိဂုံ ဘုရားလမ်းအတိုင်း သိမ်ကြီးဈေးဘက်ဆင်းသွားတယ်။ ဆေးရုံတစ်ပါတ်ကို ပတ်တယ်။ တစ်နာရီလောက်ကြာတော့ ကျနေိာ့ထိပ်ပြန်ရောက်လာပြီး အလံတွေလှဲ သပိတ်လှန်လိုက် တယ်။ လူစုခွဲသွားကြတယ်။ ကျနော့်တာဝန် ကျနော် ကြေပါတယ်။

လူအုပ် ဆူးလေလမ်းဖက်မပေါင်းမိဘူး။ လူအုပ်လည်း သူတို့ ဆန်ဒပြည့်ဝသွားတယ်.. win win situation ပဲ။

ကျနော်ကတော့ ပိုစိတ်ချမ်းသာတာ ပေါ့… ဒီနေ့ အထိ အိပ်ပျော်တယ်.. ကျနော် ၈၈ အရေးအခင်းမှာ တစ်လကျော်လောက်ရန်ကုန်မှာရှိခဲ့တယ်။ စ ဆုံး သေနတ် တစ်ချက်မှ မဖေါက်လိုက်ရ မပစ်လိုက်ရဘူး။ (ကျနော့်ကိုတော့ ဝန်ကြီးများရုံးမှာ တစ်ည.. ၃၉ လမ်း ၄ဝ ထိပ် ဒုတိယထပ်တိုက်ခန်းတစ်ခုကနေ လက်နက်ငယ်နဲ့  နာရီဝက်လောက် အပစ်ခံ ခဲ့ရပါတယ်။) ကျနော်တို့အခြေအနေနဲ့ ယှဉ်ရင် လက်ပန်းတန်းတောင်ဖြစ်စဉ်မှာ မနက်ကြီး ၃ နာရီလောက် အိပ်နေတဲ့ လုအုပ်ုကို မျက်ရည်ယိုဗုံးတွေနဲ့  လူစုခွဲ ပစ်ခတ်ခဲ့တယ်ဆိုတာဖတ်ရတော့ ဘယ်လို မှစဉ်းစား မရဘူး… ရဲအရာရှိကြီးတွေကို ခင်ဗျားတို့  လွန်ခဲ့တဲ့ ၂၅ နှစ်မှာတုန်းက ဘယ်မှာတာဝန်ထမ်းဆောင်နေ ကြလဲ လို့ မေးတော့ ၂ဝ ထဲက ၂ ယောက်ပဲ တပ်ထဲ (ဒုဗို်လ်အဆင့်) ရဲထဲ (ဒုရဲအုပ်အဆင့်) နဲ့ ရောက်နေပြီ။

မှက်ချက်။ ။ ကျန်တဲ့အရာရှိကြီးများက အထက်တန်းကျောင်းသားဘဝပဲရှိကြသေးတယ်။ ရဲအရာရှိကြီးများ negotiation, dialogue ဆိုတာ နားလည် ကျင့်သုံးနိုင်ပါစေ လို့ … ကျနော်ဒီဖြစ်စဉ်ကို fB မှာမတင်ချင်ဘူး။


( Credit to Tawwat Wat )

0 comments:

Post a Comment