11.8.13

စားအုန်းဆီဈေး ဆက်တိုက်ကျ

ပြည်ပ စားအုန်းဆီဈေးကျ၍ ပြည်တွင်း စားအုန်းဆီဈေးနှုန်းသည် သြဂုတ်လအတွင်း ဆက်တိုက် ကျဆင်းလျက် ရှိကြောင်း ရန်ကုန်နှင့် မန္တလေး စားသုံးဆီ ကုန်သည်ကြီးများထံမှ သိရသည်။

ပြည်ပမှ စားအုန်းဆီ အဓိကတင်သွင်းလျက်ရှိသော မလေးရှား၊ အင်ဒိုနီးရှားနှင့်

ဖိလစ်ပိုင်နိုင်ငံတို့၌လည်း စားအုန်းဆီ ဈေးနှုန်း ကျဆင်းလျက် ရှိကြောင်း၊ ပြည်တွင်းသို့ စားအုန်းဆီ အဓိက တင်သွင်းလျက်ရှိသော မလေးရှားနိုင်ငံ၌ စားအုန်းဆီ ထွက်ရှိချိန်ဖြစ်ရာ ကုန်ကြမ်းပေါ၍ ဆီဈေးကျလျက် ရှိကြောင်း မန္တလေးမြို့ အာရှသား ဆီစက်ပိုင်ရှင် ဦးသန်းလွင်က ဆိုသည်။

“စားအုန်းဆီဈေးကျနေတာ ဟုတ်တယ်။ စားအုန်းဆီဈေးနှုန်း ၁၀ကျပ်၊ ၂၀ ကျပ် ကွာတာကတော့ နေ့စဉ်အပြောင်းအလဲ ရှိနေတယ်” ဟု ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံမှ ဆီကုန်သည်တစ်ဦးက ဆိုသည်။

သြဂုတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၌ စားအုန်းဆီ တစ်ပိဿာ (လက်ကား) ဈေး ၁၄၉၀ ကျပ် (ပီပါအလှယ်) ရှိကြောင်း၊ သြဂုတ်လ ၁၀ ရက်နေ့တွင် မန္တလေးမြို့၌ စားအုန်းဆီ တစ်ပိဿာ (လက်ကား) ဈေး ၁၆၀၀ ကျပ် ရှိကြောင်း၊ ယခုသြဂုတ်လအတွင်း စားအုန်းဆီဈေးနှုန်းမှာ ငွေကျပ် ၆၀ ခန့် အပြောင်းအလဲရှိကာ ဈေးကျလျက် ရှိကြောင်း ရန်ကုန်နှင့် မန္တလေးမြို့ စားသုံးဆီကုန်သည် ကြီးများက ထပ်လောင်းပြောကြားသည်။

ပြည်တွင်း စားအုန်းဆီ ဝယ်လိုအားမှာ ပုံမှန်ဈေးကွက်အတိုင်း လည်ပတ်လျက် ရှိကြောင်း၊ ရန်ကုန်မှမန္တလေးသို့ စားအုန်းဆီ ဝင်ရောက်မှုတွင် ယခင်ကဲ့သို့ လှောင်လက် မရှိတော့ကြောင်း ဦးသန်းလွင်က ထပ်လောင်း ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment