11.8.13

သရုပ်ဆောင်သစ် အလင်းရောင်နှင့် တွေဆုံခြင်း

မဟော်ဂနီ ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး၏ စင်တင်သရုပ်ဆောင် အလင်းရောင်နှင့် တွေ့ဆုံ၍ မကြာမီ ရိုက်ကူးမည့် ၎င်း၏ပထမဆုံး ရုပ်ရှင်ဇာတ်ကားအကြောင်း၊ စက်တင်ဘာလတွင် ထွက်ရှိလာမည့် တစ်ကိုယ်တော် စီးရီးအကြောင်းနှင့် ၎င်းနှင့် ပတ်သက်သော ကောလာဟလများ အပေါ် အမြင်တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice : အနုပညာအလုပ်တွေ စလုပ်ဖို့ စိတ်ကူးဖြစ်ခဲ့ပုံလေး ပြောပြပေးပါဦး။



ALY : အနုပညာအလုပ်တွေ စလုပ်ဖြစ်တာကတော့ ကျွန်တော်ဆယ်တန်း အောင်ပြီးတဲ့အချိန်မှာ ဘာမှလည်း လုပ်စရာမရှိဘူး။ သင်တန်းတွေပဲ တက်စရာရှိတဲ့အချိန်မှာ ရှိုးပွဲတစ်ခု သွားကြည့်ဖြစ်တယ်။ အဲဒီပွဲမှာ မော်ဒယ်လ်တွေရဲ့ ဝတ်စားဆင်ယင်ပုံက အရမ်းမိုက်တဲ့အတွက် ငါလည်း မော်ဒယ်လ်လုပ်ရင် ကောင်းမယ်လို့ စိတ်ကူးမိပြီး ဆယ်တန်းအောင်ပြီး တက္ကသိုလ်မတက်ခင် အားလပ်တဲ့ အချိန်လေးမှာ အပျော်သဘောနဲ့ မော်ဒယ်လ်သင်တန်း စတက်ဖြစ်တယ်။

Voice : အလင်းရောင်ရဲ့ ပညာရေးပိုင်းကို ပြောပြပေးပါဦး။

ALY : ကျွန်တော်ဆယ်တန်းအောင် ပြီးတဲ့အချိန်မှာတော့ GTC စတက်ခဲ့တယ်။ နောက်ပိုင်းကျတော့ အင်္ဂလိပ်စာမေဂျာ ပြန်ပြောင်းခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ GTC မှာဆို စာအရမ်းလုပ်ရမယ်။ စာဘက်ကို အာရုံစိုက်ရင် ဒီအနုပညာ အလုပ်တွေကို သေချာလုပ်နိုင်မှာ မဟုတ်ဘူးဆိုပြီး အိမ်နဲ့ အတိုက်အခံတွေဖြစ်ပြီး GTC ကနေ အင်္ဂလိပ်စာမေဂျာ ပြောင်းယူခဲ့တာပါ။

Voice : အနုပညာရှင်တစ်ယောက် ဘဝကို မရွေးချယ်ခင် အလင်းရောင်ရဲ့ ရည်မှန်းချက်က ဘာလဲ။

ALY : အနုပညာရှင်တစ်ယောက် ဘဝကို မရွေးချယ်ခင်ကဆို ကျွန်တော်က Technician တစ်ယောက် ဖြစ်ချင်ခဲ့တာ။ ဆယ်တန်းအောင်တော့ GTC လိုင်းကို ရွေးဖြစ်တာကလည်း ကျွန်တော်ငယ်ငယ်ကတည်းက စက်ပစ္စည်းတွေ ကလိရတာကို ဝါသနာပါတဲ့အတွက် ရွေးဖြစ်ခဲ့တာ။
မော်ဒယ်လ်သင်တန်းတက်ပြီးတဲ့ အချိန်မှာ အနုပညာပိုးဝင်သွားပြီး ဘယ်လိုမှထိန်းလို့ မရတော့ဘူး။ အနုပညာအလုပ်တွေပဲ လုပ်ချင်နေတယ်။

Voice : အနုပညာအလုပ်တွေ အတွက် ကိုယ်ဖြစ်ချင်ခဲ့တဲ့ နည်းပညာရှင်တစ်ယောက် ဘဝကို စွန့်လွှတ်ခဲ့ရတဲ့ အတွက်ရော နောင်တရမိတာမျိုးရှိလား။

ALY : တစ်ခါတလေတော့ နောင်တရမိပါတယ်။ ကိုယ့်သူငယ်ချင်းတွေထဲက GTC မှာ ကျောင်းပြီးသွားတဲ့ လူတွေရှိနေပြီလေ။ ငါသာကျောင်းဆက်တက်ခဲ့ရင် ဆိုပြီး နောင်တရတာမျိုး ဖြစ်မိပါတယ်။ ဒါပေမဲ့ GTC ဆက်တက်ခဲ့ရင်လည်း အနုပညာလောကမှာ ဒီအခြေအနေထိတောင် ရောက်လာမှာ မဟုတ်ဘူးဆိုပြီး ကိုယ့်ကိုကိုယ် ဖြေသိမ့်ရတာပေါ့။

Voice : မော်ဒယ်လ်ဘဝမှာရော ဘာတွေလှုပ်ရှားခဲ့လဲ။ ဆုတွေရခဲ့တာမျိုးရော ရှိလား။

ALY : မော်ဒယ်လ်ဘဝမှာတော့ ကျွန်တော်က မန္တလေးကဆိုတော့ မတင်မိုးလွင်ဆီမှာ သင်တန်းတက်တယ်။ ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ခဲ့တယ်။ ဆုတွေကတော့ Great Wall Shopping Center ကလုပ်တဲ့ပြိုင်ပွဲမှာ Summer King ဆုနဲ့ title ဆုတွေရတယ်။ ရန်ကုန်ပြောင်းလာတဲ့ အခါမှာလည်း ကိုဂျွန်လွင်နဲ့ လက်တွဲပြီး မော်ဒယ်လ်ရှိုးတွေ လျှောက်တယ်။ ကြော်ငြာတွေ ရိုက်တယ်။ ပြိုင်ပွဲတွေတော့ မပြိုင်ဖြစ်တော့ဘူး။

Voice : မော်ဒယ်လ်စလုပ်တုန်းက အလင်းရောင်နာမည်နဲ့ မဟုတ်ဘူးထင်တယ်နော်။

ALY : ဟုတ်ကဲ့။ အရင်တုန်းကတော့ ကျွန်တော် ဝေယံမြင့်ဆိုတဲ့ နာမည်နဲ့ အနု ပညာအလုပ်တွေ လုပ်ခဲ့တာပါ။ လူတွေတော့ သိပ်မသိလိုက်ပါဘူး။

Voice : မန္တလေးမှာနေရာကနေ ရန်ကုန်ဆင်းပြီး အနုပညာအလုပ်တွေ လုပ်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါဦး။

ALY : ရန်ကုန် ဆင်းလာဖြစ်တာကတော့ ကိုဂျွန်လွင်ကြောင့်ပါ။ မန္တလေးမှာ မတင်မိုးလွင်ရှိုးပွဲတွေ မဟုတ်တော့ဘဲ အပြင်ကခေါ်တဲ့ ရှိုးပွဲတွေလျှောက်ရင်း ကိုဂျွန်လွင်နဲ့ တွေ့တယ်။ သူကနေ စာချုပ် ချုပ်ဖို့ ကမ်းလှမ်းပြီး ရန်ကုန်မှာလာနေဖို့ ခေါ်တာနဲ့ ဆင်းလာခဲ့တာပါ။

Voice : အနုပညာအလုပ်အတွက် ပညာရေးကို စွန့်လွှတ်လိုက်ရတဲ့အခါ အိမ်နဲ့ ဘယ်လို အတိုက်အခံလုပ်ခဲ့ရလဲ။

ALY : ကျွန်တော်တို့ မျိုးရိုးထဲမှာက အနုပညာမျိုးရိုး မရှိဘူး။ ကျွန်တော် ဆယ်တန်းပြီးတော့ မော်ဒယ်လ်သင်တန်း စတက်မယ်လုပ်တဲ့အခါမှာ အဖေရော၊ အမေရော သဘောမတူဘူး။ ကျွန်တော်ကလည်း အရမ်းခေါင်းမာတဲ့အတွက် နိုင်ငံခြားက အဒေါ်ဆီကို ကျွန်တော် သင်တန်းတက်ချင်လို့ သင်တန်းဖိုး ပေးပါဆိုပြီး ပိုက်ဆံချေးတယ်။ အဒေါ်ကလည်း ပိုက်ဆံထုတ်ပေးတာနဲ့ တက်ဖြစ်သွားတာ။

Voice : ရန်ကုန်ကို ရောက်စမှာရော အလင်းရောင် ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရသေးလဲ။

ALY : ရန်ကုန်ကို ရောက်စမှာတော့ တော်တော်ကို အခက်အခဲများတယ်။ ရန်ကုန်ကို တက်လာတာကလည်း ကျွန်တော်တစ်ယောက်တည်းဆိုတော့ သူငယ်ချင်း အပေါင်းအသင်းလည်း မရှိဘူး။ အနုပညာ အသိုင်းအဝိုင်းမှာလည်း ခင်တဲ့သူမရှိဘူး။ အဲဒီအတွက် ရှုတင်တစ်ခုသွားပြီဆို မျက်နှာငယ်ရတယ်။ ရှိုးပွဲတစ်ခုသွားရင်လည်း ကိုယ့်အလှည့် မရောက်သေးရင် ကုပ်ကုပ်လေး ထိုင်နေရတယ်။ ရန်ကုန်ကမင်းသား၊ မင်းသမီးတွေ၊ မော်ဒယ်လ်တွေအားလုံးက အရမ်းတော်ကြတော့ ကိုယ့်ကိုယ်ကိုယ် သူတို့နဲ့ မယှဉ်နိုင်ဘူးဆိုပြီး အားငယ်ခဲ့ရတယ်။

Voice : မဟော်ဂနီ ထုတ်လုပ်ရေးနဲ့ လက်တွဲပြီး ဇာတ်ကားတွေ ရိုက်ဖြစ်သွားပုံလေး ပြောပြပေးပါဦး။

ALY : ကျွန်တော်က မော်ဒယ်လ် အဓိက လုပ်ချင်တာဆိုတော့ သရုပ်ဆောင်လုပ်ဖို့ အစက စိတ်မဝင်စားခဲ့ဘူး။ စာချုပ်မချုပ်ခင် လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်မှာ ကိုဂျမန်းက ကျွန်တော့်ကို မင်းသားတင်ဖို့ တစ်ခါကမ်းလှမ်းဖူးတယ်။ ကျွန်တော် တစ်ယောက်တည်းရဲ့ ရှေ့မှာပြောတာဖြစ်တဲ့ အတွက် မင်းသား မဖြစ်ချင်ဘူးဆိုပြီး ကျွန်တော်ငြင်းခဲ့တယ်။ သူကမ်းလှမ်းပြီး တစ်နှစ်အကြာမှာ ကျွန်တော် ကိုဂျွန်လွင်ဆီ ရောက်ပြီး ကြော်ငြာတို့၊ ဗီစီဒီတို့ ရိုက်ဖြစ်တယ်။ အဲဒီအချိန်မှာ ကိုဂျမန်းက မချမ်းချမ်းရဲ့ သိပ်ချစ်တယ်၊ အရမ်းမုန်းတယ် ဗီစီဒီမှာ ပါဝင်သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းတာနဲ့ မေမြို့ကို တက်ခဲ့တယ်။ ကျွန်တော့်အမေကလည်း မန္တလေးကနေ မေမြို့ကို လိုက်လာတဲ့ အချိန်မှာ ကိုဂျမန်းက အစ်မသားကို မင်းသား မလုပ်ခိုင်းဘူးလားလို့ ပြောတယ်။ အမေကလည်း သူ့သားကို မော်ဒယ်လ်အနေနဲ့ပဲ မမြင်ချင်တော့ နင်လုပ်ကို လုပ်ရမယ်၊ အခွင့်အရေးဆိုတာ ခဏခဏမရဘူးဆိုပြီး တိုက်တွန်းတာနဲ့ မိဘကို စိတ်ချမ်းသာစေချင်တဲ့အတွက် ဇာတ်ကားတွေရိုက်ဖို့ စိတ်ကူးခဲ့တာပါ။

Voice : ဇာတ်ကားတွေက ဘယ်နှကားလောက် ရိုက်ပြီးသွားပြီလဲ။

ALY : ကျွန်တော်နှစ်ကားတော့ ရိုက်ပြီးသွားပါပြီ။ ကိုရန်အောင်၊ မစိုးမြတ်သူဇာ၊ ကိုသူရိယ၊ ကိုပိုင်ဇေရဲထွန်း၊ မချမ်းမီမီကိုတို့နဲ့ ရိုက်ထားတဲ့ ဆွဲစားပစ်လိုက်ရယ်၊ ကိုသူရိယ၊ မဝတ်မှုန်ရွှေရည်တို့နဲ့ သရုပ်ဆောင်ထားတဲ့ အသည်းကြီးဝတ်ရည် ဇာတ်ကားရယ် နှစ်ကားရှိပါပြီ။

Voice : သရုပ်ဆောင်အလုပ်က ကိုယ်သိပ်ဝါသနာမပါဘဲ မိဘရဲ့ တိုက်တွန်းမှုနဲ့ လုပ်ခဲ့ရတာဆိုတော့ ဇာတ်ကား ရိုက်ကူးရေးပိုင်းမှာ ဘယ်လိုအခက်အခဲတွေ တွေ့ခဲ့ရလဲ။

ALY : အခက်အခဲတွေကတော့ အများကြီးပါပဲ။ ဇာတ်ကားတွေမှာက စကားပြောခန်းတွေ ရိုက်ရင် ကျွန်တော့်အတွက် အခက်အခဲ ရှိတယ်။ စကားပြောမပါဘဲ သရုပ်ဆောင်ရုံ သက်သက်ဆိုရင်တော့ ကျွန်တော့်အတွက် သိပ်မခက်ခဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ မော်ဒယ်လ်ဘဝမှာ ကြော်ငြာတွေ ရိုက်ခဲ့ရတာဆိုတော့ သရုပ်ဆောင်ဖို့က ကိုယ်နဲ့သိပ်မစိမ်းဘူးလေ။

Voice : မဟော်ဂနီ ထုတ်လုပ်ရေးကနေ အလင်းရောင် ခေါင်းဆောင်အနေနဲ့ ပါဝင်မယ့် ရုပ်ရှင်ကားကြီး တစ်ကားရိုက်ဖို့ ရှိတယ်လို့ သိရတယ်။ အဲဒီအကြောင်းလေး ပြောပြပေးပါဦး။

ALY : ရုပ်ရှင်ကားကြီးကတော့ ဒီလ ၂၀ ရက်နေ့မှာ စရိုက်မယ်။ နာမည်ကတော့ ရည်းစားဦးလို့ ပေးထားတယ်။ ဒါရိုက်တာက ကိုဝင်းလွင်ထက်။ သရုပ်ဆောင်တွေက ကျွန်တော်ရယ်၊ မဝတ်မှုန်ရွှေရည်ရယ်၊ မအားဝေရယ် ပါမယ်။ ကျွန်တော်သရုပ်ဆောင်ရမယ့် နေရာက နည်းနည်းဗီလိန် ဆန်တယ်။ ဇာတ်လမ်းပုံစံလေးကတော့ အရမ်း Romantic ဖြစ်တဲ့ လူငယ်အချစ် ဇာတ်ကားလေးပါပဲ။

Voice : ဒီရုပ်ရှင်ဇာတ်ကားက ကိုယ့်ရဲ့ပထမဆုံး ရုပ်ရှင်ကားကြီး ဖြစ်သလို၊ ခေါင်းဆောင်အနေနဲ့ ပါဝင်ရမှာ ဖြစ်တဲ့အတွက် အလင်းရောင်ရဲ့ခံစားမှုက ဘယ်လိုရှိလဲ။

ALY : ကျွန်တော့်ရဲ့ခံစားမှုကတော့ ကိုယ့်ရဲ့ပထမဆုံး ရုပ်ရှင်ကားကြီး ဖြစ်တဲ့အတွက် တအားရင်ခုန်နေတယ်။ ပြီးတော့ ပထမဦးဆုံး ကိုယ်ခေါင်းဆောင်အနေနဲ့ ပါဝင်ရမယ့်ကားလည်း ဖြစ်တော့လေ။ အရင်တုန်းကဆို ဇာတ်ကားတွေမှာက ကိုသူရိယနဲ့တွဲပြီး ပါရတယ်။ သရုပ်ဆောင် ရမယ့်ဇာတ်ဝင်ခန်းတွေများရင်လည်း သူနဲ့ကိုယ်နဲ့ တစ်ယောက်တစ်ဝက်စီ မျှပြီးရိုက်ရတာဆိုတော့ သိပ်မပင်ပန်းဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်ကားကို ရိုက်မယ့်ဒါရိုက်တာ ကိုဝင်းလွင်ထက်နဲ့က ကြော်ငြာတွေ၊ ဗီစီဒီတွေ ရိုက်ဖူးနေတာဆိုတော့ သိပ်မစိမ်းဘူး။ သူကတော့ သင်ပေးမယ် ထင်ပါတယ်။

Voice : တလောတုန်းက အလင်းရောင်နဲ့ ပတ်သက်ပြီး မဟော်ဂနီ ထုတ်လုပ်သူနဲ့ မော်ဒယ်လ် တစ်ယောက်တို့ Facebook ပေါ်မှာ အပြန်အလှန် ပြောဆိုမှုတွေ ဖြစ်ကြတဲ့အပေါ် ဘာပြောချင်လဲ။

ALY : ကျွန်တော့်အနေနဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြန်ဖြေရှင်းစရာ မရှိပါဘူး။ အဲဒီကိစ္စ ဖြစ်နေတုန်း အချိန်ကလည်း ကျွန်တော့်ကို ဖုန်းဆက်ပြီး မေးကြတယ်။ Facebook က အဲဒီရက်ပိုင်းအတွင်းမှာ ကျွန်တော်လည်း မသုံးဖြစ်တော့ တကယ်မသိလိုက်ဘူး။ တစ်ယောက်နဲ့တစ် ယောက် အထင်လွဲမှားပြီး ဖြစ်ကြတဲ့ ပြဿနာလို့ ထင်ပါတယ်။

Voice : အလင်းရောင် တစ်ကိုယ်တော် စီးရီးထွက်ဖို့ ရှိတယ်လို့ သိထားတယ်။ ဒီစီးရီး စစီစဉ်ဖြစ်ပုံလေး ပြောပြပေးပါဦး။

ALY : ကျွန်တော့်ရဲ့ စီးရီးနာမည်ကို ‘ရင့်ကျက်လာပြီ’ လို့ပေးထားပါတယ်။ သီချင်းတွေကတော့ ကိုယ်ပိုင်သံစဉ်သီချင်း နှစ်ပုဒ်နဲ့ ကော်ပီသီချင်း ဆယ်ပုဒ်ပါမယ်။ တေးရေးတွေကတော့ ကိုကလုန်း၊ ကိုနန္ဒနဲ့ ကိုဂျမန်းတို့ပါမယ်။ စက်တင်ဘာလမှာ ထွက်ဖို့တော့ မှန်းထားတယ်။ ဒီစီးရီးစစီစဉ် ဖြစ်တာက ကိုဂျွန်လွင်က ကျွန်တော်သီချင်း ဆိုတတ်မှန်းသိတော့ စီးရီးထုတ်ပေးမယ်လို့ ပြောတယ်။ ကျွန်တော့်ကို ငါးနှစ်စာချုပ် ချုပ်မယ်လို့ပြောတော့ ကျွန်တော်က ငါးနှစ်များတယ်ဆိုပြီး မချုပ်ဖြစ်ဘူး။ အဲဒီအချိန်မှာ ကိုဂျမန်းနဲ့ ကားရိုက်ဖို့အတွက် စာချုပ်ချုပ်တော့ စီးရီးထုတ်ဖို့အတွက် သူတို့နှစ် ယောက်ပေါင်းပြီး လုပ်ပေးမယ်ဆိုတာနဲ့ လုပ်ဖြစ်တာ။

Voice : ဂီတကို ဘယ်အချိန်ကစပြီး စိတ်ဝင်စားခဲ့တာလဲ။ ကိုယ်နားထောင်ရင်ရော ဘယ်အဆိုတော်တွေရဲ့ သီချင်းတွေ နားထောင်ဖြစ်ခဲ့လဲ။

ALY : ဂီတကိုတော့ ငယ်ငယ်ကတည်းက စိတ်ဝင်စားပါတယ်။ အပြင်မှာ သီချင်းတွေ အော်ဆိုပြီး ကိုယ့်အသံကို လူကြားအောင်တော့ မလုပ်ရဲဘူးပေါ့။ ဒါပေမဲ့ Greal Wall က လုပ်တဲ့ မော်ဒယ်လ် ပြိုင်ပွဲမှာက အကရော၊ မော်ဒယ်လ်ရော၊ သီချင်းဆိုတာရော သုံးခုလုံးပြိုင်ရတယ်။ ကိုယ် မဖြစ်မနေ ဆိုရတော့မယ်ဆိုတော့ သူငယ်ချင်းတွေကို အကူအညီတောင်း၊ သီချင်းတွေကျင့်ပြီး ပွဲမှာဆိုလိုက်တဲ့အခါ ပွဲစီစဉ်သူတွေရော ပရိသတ်တွေကပါ အသံကောင်းတယ်၊ သီချင်းဆိုပါလားလို့ ပြောတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာတယ်။ သီချင်းဆိုတာက ဝါသနာတော့ ပါတယ်။ လူကြားထဲ ထုတ်မပြရဲတာပေါ့နော်။ အခုမှ ကိုဂျွန်တို့၊ ကိုဂျမန်းတို့ စီးရီးထုတ်ပေးဖို့ စီစဉ်တော့ ဆိုဖြစ်သွားတာပါ။
ကျွန်တော် နားထောင်ရင်တော့ Pop သီချင်းတွေ၊ R&B သီချင်းတွေ နားထောင်ရတာ ကြိုက်တယ်။ အဆိုတော်တွေကတော့ မိန်းကလေးထဲမှာ မချမ်းချမ်း၊ မနီနီခင်ဇော်၊ ယောက်ျားလေးထဲမှာ ကိုကျော်သီဟ၊ ကိုလွှမ်းပိုင်တို့ကို ကြိုက်တယ်။

Voice : သရုပ်ဆောင်တစ်ယောက်အတွက် ဖက်ရှင်ကလည်း အရေးကြီးတော့ ဖက်ရှင်ပိုင်းကို ဘယ်လိုဂရုစိုက်ဖြစ်လဲ။ ဘယ်လို ဖက်ရှင်မျိုးတွေဝတ်ရတာ သဘောကျလဲ။

ALY : ကျွန်တော့်အမြင်ကတော့ သရုပ်ဆောင်အတွက်က ဖက်ရှင်ပိုင်းကို ၁၀၀ ရာခိုင်နှုန်း ဂရုစိုက်သင့်တယ်လို့ ထင်တယ်။ ကိုယ့်ပရိသတ်တွေကြား၊ လူတွေကြားထဲမှာ သွားလာရတဲ့အခါ ဆွဲဆောင်မှုရှိ တဲ့ဖက်ရှင်တစ်မျိုးတော့ ကိုယ့်မှာ ရှိသင့်တယ်ထင်တယ်။ ကျွန်တော် အကြိုက်ဆုံး ဖက်ရှင်ကတော့Gentlemen ပုံစံဝတ်ရတာ ကြိုက်တယ်။ ပေါ့ပေါ့ပါးပါး သွားလာရမယ့် အခါမျိုးဆိုရင်တော့ တီရှပ်နဲ့ ဂျင်းနဲ့ ဝတ်ရတာ ကြိုက်တယ်။

Voice : စိတ်ညစ်စရာတွေ ကြုံလာရတဲ့ အခါမှာရော ကိုယ့်ရဲ့စိတ်ကို Relax ဖြစ်အောင် ဘယ်လိုထွက်ပေါက်ပေးဖြစ်လဲ။

ALY : ဘယ်လို စိတ်ထွက်ပေါက် ပေးဖြစ်လဲဆိုတော့ ကျွန်တော် ကြိုးစားနေဆဲ ကာလမှာပဲ တိုက်ခိုက်တာတွေ အရမ်းများလာတယ်။ ပုံမှန်ကတော့ ကျွန်တော်က ဘာမှစိတ်ထဲမှာ Feel မထားတတ်ဘူး။ ဒါပေမဲ့ နောက်ပိုင်းပြောတာတွေ အရမ်းများလာပြီး စိတ်ထဲမှာ Feel ဖြစ်လာရင်၊ စိတ်ဓာတ်ကျလာရင် ကျွန်တော် လုံးဝ အိပ်နေလိုက်တယ်။ အိပ်နေလိုက်လို့ မပျောက်ဘူးဆိုရင် ကျွန်တော့် သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး အပြင်သွားလိုက်တယ်။ တစ်ခါတလေ ရွှေတိဂုံဘုရား သွားဖြစ်တယ်။ ဒါမှ မဟုတ်လည်း Shopping ထွက်လိုက်တယ်။

Voice : ကိုယ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေ ထွက်လာရင်ရော အလင်းရောင် ဘယ်လိုခံစားရလဲ။

ALY : ကိုယ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေ ထွက်လာရင်တော့ ကျွန်တော် အတိုင်းမသိ ဝမ်းနည်းပါတယ်။ ကောလာဟလ ဆိုတာတော့ အနုပညာသမားတိုင်း ကြုံရမှာပဲ။ ဒါပေမဲ့ ကိုယ်မဟုတ်တဲ့ ကောလာဟလကြီးကို ကြားရပြီဆိုရင် ဘယ်လိုကြီးလဲမသိဘူး။ ရင်ထဲမှာတစ်မျိုးပဲ။ မှန်တာကို ကြားရရင်တောင် အဲဒီလောက်ဖြစ်မှာ မဟုတ်ဘူး ထင်တယ်။

(သန့်ဇင်ဦး)
The Voice Weekly

0 comments:

Post a Comment