11.8.13

ရွှေဘိုတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသော သာသနိက အဆောက်အအုံများစွာနှင့် အိမ်ခြေအချို့မှာ ပြန်လည် တည်ဆောက်နိုင်ခြင်း မရှိသေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၁ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရသော သာသနိက အဆောက်အအုံများစွာနှင့် လူနေအိမ်ခြေ အချို့မှာ လက်ရှိအချိန်ထိ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။


ရွှေဘိုမြို့ ကျောက်မြောင်းမြို့နယ်ခွဲရှိ နွယ်ငြိမ်း၊ မခေါက်၊ မလား၊ ရွှေခွန်၊ ရွှေတိုက်၊ ခက်သင်၊ ဆယ်ပင်ကျွန်း အစရှိသော ကျေးရွာများရှိ သာသနိက အဆောက်အအုံ အများစုမှာ ပြန်လည်တည်ထားနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

"အဆောက်အအုံတွေပြင်ဖို့ ဘိလပ်မြေတော့ အစိုးရဘက်က ချပေးတယ်။ ရွာတွေမှာက စီးပွားရေး ပြေလည်ကြတာ မဟုတ်တော့ ပြန် မပြင်နိုင်သေးတာပါ။ စေတီတွေ အများစုက ရှင်းလင်းထားတဲ့ အဆင့်ပဲ ရှိနေသေးတယ်" ဟု ကျောက်မြောင်းနယ် ဒေသခံတစ်ဦး က ပြောကြားသည်။

ကျေးရွာအချို့တွင် ငလျင်ဘေး အထောက်အပံ့ ရရှိငွေများအား အလွဲသုံးမှုများ ရှိနေခဲ့ကြောင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးဝေရာတွင် စနစ်တကျ မရှိခဲ့ကြောင်းလည်း သိရသည်။ "ငလျင်ကြောင့် စာသင်ကျောင်း ပြိုကျသွားတော့ အစိုးရ အထောက်အပံ့အပြင် ရွာမှာတစ်အိမ်ထောင်ကို သဲတို့၊ ကျောက်စရစ်တို့ မပေးမနေရ တောင်းခဲ့တယ်။

စာရင်းကို ရွာကလူတွေ မသိရဘူး။ ရွာကစေတီရော၊ ဘုန်းကြီးကျောင်း တံတိုင်းရော အခုထိ မပြင်နိုင်သေးဘူး" ဟု ဆယ်ပင်ကျွန်းကျေး ရွာမှ ဒေသခံတစ်ဦးက ဆိုသည်။အင်အားပြင်းငလျင် လှုပ် ခတ်ခဲ့မှုကြောင့် ရွှေဘိုနယ် တစ်ဝိုက်တွင် မြောက်မြားစွာပျက်စီး ဆုံးရှုံးမှု ပမာဏအား ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိဘဲ အနယ်နယ်အရပ်ရပ်မှ လာရောက်ထောက်ပံ့မှုများ ရှိခဲ့သော်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ထိရောက်မှု အားနည်းခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က လှုပ်ခတ်ခဲ့သော ရေဘိုငလျင်ကြောင့် ပျက်စီးသွားသော သာသနိက အဆောက်အအုံ တစ်ခုကို တွေ့ရစဉ်
Eleven Media Group

0 comments:

Post a Comment