8.8.13

ရှစ်လေးလုံးငွေရတုမှာ စစ်တပ်လည်းပြောင်းလဲဖို့လိုပြီ



ရှစ်လေးလုံးဆိုတာ လွန်ခဲ့တဲ့ ၂၅ နှစ်အကြာက ကျုပ်တို့ ကျောင်းသားတွေ စတင်ခဲ့တဲ့ ဒီမိုကရေစီ လှုပ်ရှားမှု အရေးတော်ပုံကြီးပေါ့ဗျာ။ လူထုလှုပ်ရှားမှုတွေထဲမှာမှ လူထုလူတန်းစားပေါင်းစုံ ပါဝင်တဲ့ အတော်လေး ကို ကြီးမားတဲ့ တော်လှန်ရေးလှုပ်ရှားမှုကြီးပါဘဲ။ ဒီလှုပ်ရှားမှုကြီးမှာ ကျုပ်တို့နဲ့ အတူ ဒေါ်စု လည်း ပါခဲ့တယ်၊ ဦးတင်ဦးလည်းပါတယ်၊ ဦးအောင်ကြီးလည်းပါတယ်၊ ဒါ့အပြင် တခြားလက်ဝဲ/လက်ယာ အင်အားတွေလဲ ပါဝင်ခဲ့ကြတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြောင့် ကျုပ်လည်းထောင်နန်းစံခဲ့ရသလို မိသားစုနဲ့လည်း ကင်းကွာခဲ့ရတယ်။ ၁၉၈၈ နောက်ပိုင်း အစိုးရတွေ အဆက်ဆက်ပြောင်းသွားပေ မယ့် လည်း ရှစ်လေးလုံး ကိုတော့ တောက်လျှောက်ဖိနှိပ်ခဲ့ကြတယ်။ ဘာအထိမ်းအမှတ်မှ လုပ်ခွင့်မရခဲ့ဘူး။ အထိမ်းအမှတ် မပြောနဲ့၊ သေခဲ့တဲ့လူတွေကိုတောင် အမျှဝေခွင့်မရခဲ့ဘူး။ ပါဝင်ခဲ့တဲ့ကျောင်းသားတွေ ကလည်း ထောင်ထဲ မှာနေရပြီး လွတ်မြောက်နေတဲ့ ရဲဘော်ရဲဘက်တွေ ကလည်း ပြည်ပနိုင်ငံတွေ ဆီ ခိုလှုံနေကြပြီဖြစ်လို့ ဒီကနေ့ လူငယ်တော်တော်များများဆိုရင် ရှစ်လေးလုံးအရေးတော်ပုံ ဆိုတာကို မသိ ကြတော့ဘူး။

ပြီးခဲ့တဲ့ ၂၀၁၁ မှာ အစိုးရအပြောင်းအလဲကို ထူးခြားတဲ့ပြောင်းလဲမှုမဟုတ်ဘူးလို့ အရင်က ထင်ခဲ့ပေမယ့် အခုတော့ အဲဒီပြောင်းလဲမှုက ၈၈ မျိုးဆက်များအတွက် သိသာထင်ရှား တဲ့ ပြောင်းလဲ မှု ဖြစ်ခဲ့ပြီ။ အရာရာကို ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ တိုင်းတာလို့ မရသေးပေမယ့် အရင်အစိုးရလက်ထက်နဲ့ စာရင်တော့ အများကြီး ပိုမိုပွင့်လင်းလာတာ၊ ပိုမိုလွတ်လပ်လာတာ၊ လူ့အခွင့်အရေး ပိုမိုရရှိလာတာ အမှန် ပဲ။ သမ္မတဦးသိန်းစိန်က ၂ နှစ်ခွဲအတွင်းမှာ ၆ ကြိမ်တိုင်တိုင် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ပါတယ်။ ဒုတိယ လွတ်ငြိမ်း ချမ်းသာခွင့်မှာ ကျုပ်နဲ့အတူ ကျုပ်တို့ရဲ့ ရဲဘော်ရဲဘက် သူငယ်ချင်းတွေလဲ လွတ်လာ ကြပြီ။ ထောင်က ထွက်တဲ့နေ့ဟာ အပျော်ဆုံးဆိုပေမယ့် ထောင်ကထွက်ချိန်မှာ ကျုပ်တို့အသက်က တွက်ကြည့်တော့ ၅၀ ကျော်နေကြပြီ။ အသက်တွေလည်း ရခဲ့သလို အဖြစ်အပျက်များစွာ အတွက် သင်ခန်း စာတွေလည်း ရခဲ့ကြပြီ။

    မနှစ်ကအထိ ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားတွေ ကို မြေအောက် အနေနဲ့ သာ နှစ်စဉ် ကျင်းပ နေခဲ့ကြရပြီး ပြည်ပမှာတော့ နိုင်ငံအလိုက်အသီးသီး ကျင်းပနေကြတယ် လို့ ရေဒီယို ကနေကြားကြားနေ ခဲ့တယ်။ တစ်နေ့ကျရင်တော့ ပြည်တွင်းမှာ တရားဝင်ကျင်းပခွင့် ရလိမ့်မယ် လို့တော့ မျှော်လင့်ခဲ့တယ်။ အခုတော့ တကယ်ကို ခမ်းခမ်းနားနား ကျင်းပခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးရပါတယ်။

ဒါ့အပြင် အစိုးရကို အတိုက်အခံလုပ်ပြီး ကျင်းပရတာမဟုတ်ဘဲ အစိုးရကပါ ပူးပေါင်းပါဝင်ခဲ့တဲ့ အတွက် အထူးဂုဏ်ယူမိပါတယ်။ သမ္မတဦးသိန်းစိန်ကို အစကတည်းက တကယ့်ကို ပြုပြင်ပြောင်းလဲရေး ကို လိုလားသူ ဖြစ်တယ်လို့ ယူဆခဲ့ဖူးတယ်။ သူ့အကြံပေးတွေကလည်း ထိထိရောက်ရောက်လုပ် နိုင်တာတွေ တွေ့ရတယ်။ သမ္မတတစ်ဦး ကောင်းတယ်ဆိုတာ အကြံပေးတွေအပေါ်မှာ အများကြီး မူတည် ပါတယ်။ အခုဆိုရင် ကျုပ်တို့ ရှစ်လေးလုံးအရေးတော်ပုံနှစ်ပတ်လည်အခမ်းအနားကြီးကို အစိုးရဝန်ကြီးတွေ ကတောင် တက်ရောက် အားပေးခဲ့တယ်။ တကယ့်ကို ကြီးမားတဲ့ပြောင်းလဲမှုလို့ ကျုပ်မြင်ပါတယ်။ မနေ့က ဆိုရင် ဝန်ကြီးဦးအောင်မင်းက ကျုပ်တို့ကို စကားတွေ အများကြီးပြောသွားတဲ့အပြင် နိုင်ကျဉ်းအားလုံးလွှတ် ဆိုတဲ့နေရာမှာ အောင်မြင်ပါစေ လို့ တောင် ရေးခဲ့သေးတယ်။ အဓိကပြောတာကတော့ ငြိမ်းချမ်းရေး စကားပေါ့ဗျာ။ ဦးအောင်မင်းက ငွေ ၁၀ သိန်း၊ ဦးအုန်းမြင့်က ၅ သိန်းလှူသွားခဲ့တယ်။ ကျုပ်အပါအဝင်၊ ရဲဘော်ရဲဘက် အားလုံးရော ပရိတ်သတ်တွေရော ဝမ်းသာကြည်နူးရပါတယ်။ အစိုးရရဲ့ အားပေးမှုကို ကြိုဆိုပါတယ်။ တစ်ချိန်က ကျုပ်တို့ ဆန္ဒပြခဲ့ကြတယ်။ ပြည်သူလူထုလိုလားချက်ကို ဖော်ထုတ်ခဲ့ကြတယ်။ ဒါကို အင်အားသုံးပြီးဖြိုခွဲခံခဲ့ရတယ်။ အခု အစိုးရက ဒီမိုကရေစီကိုပြောင်းသွားတော့ ကျုပ်တို့ကို ပြန် အားပေးလာတယ်။ 

သမ္မတရုံးဝန်ကြီးတွေဆိုတော့ အစိုးရရဲ့ ခွင့်ပြုချက်အရ လာတက်တာပေါ့ဗျာ။ သမ္မတကြီး ကိုယ် တိုင် ပူးပေါင်းပါဝင်တာနဲ့ အတူတူပဲလို့လည်း ယူဆမိတယ်။ဒီနေ့တော့ ဒေါ်စုကိုယ်တိုင် လာတယ်။ ပြိုင်ဘက်ပါတီ ဖြစ်တဲ့ ကြံ့ဖွံ့ပါတီကဦးဌေးဦးနဲ့ ဦးသိန်းဇော်တို့လဲ လာတက်တယ်။ ဒါဟာ လူတိုင်းပြောနေ တဲ့ အခြေအနေ ကောင်းတဲ့ လက္ခာဏာလို့ပဲ မှတ်ယူရမှာပါ။
ပြောချင်တာက နောက်ထပ် ပူးပေါင်းပါဝင်ဖို့ တစ်ဖွဲ့ပဲကျန်တော့တယ်။ အဲဒါကတော့ စစ်တပ်ပါ။ စစ်တပ် ကို ပြောချင်ပါတယ်။ ယခုအချိန်အခါဟာ အရာရာပြောင်းလဲနေပါပြီ။ အစိုးရက လည်း ပြောင်း လဲနေပြီ။ ဒီလိုအခြေနေမျိုး မှာ တွေဝေမနေဘဲ အားပေးဖို့လိုတယ်လို့ ထင်ပါတယ်။ ကာချုပ်ပြောနေတဲ့ BIA, BDA ကို ဆက်ခံခဲ့တဲ့ တပ်မတော် ဘာညာနဲ့ ပြောနေစရာမလိုဘူး… အားလုံးပြောင်းလဲနေ ပြီဖြစ်လို့ စစ်တပ်ပါပြောင်းလဲဖို့ပဲ လိုတော့တယ်။
မာဃ (၈၈ ကျောင်းသားဟောင်း)

0 comments:

Post a Comment