8.8.13

ဥရောပ အထူးအခွန်ကင်းလွတ်ခွင့်ရ မြန်မာ့ရေထွက်ကုန်ဝယ်ရန် ဗြိတိန်နှင့် အရှေ့အာရှနိုင်ငံများ စိတ်ဝင်စား

ဥရောပ အထူးအခွန်ကင်းလွတ်ခွင့်ရ မြန်မာ့ရေထွက်ကုန် ဝယ်ယူရန် ဗြိတိန်နှင့် အရှေ့အာရှနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနှင့် ဟောင်ကောင်တို့က စိတ်ဝင်စားလျက် ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။


ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ့ရေထွက်ကုန်များအပေါ် ဥရောပသမဂ္ဂ နိုင်ငံများက အထူးအခွန်ကင်းလွတ်ခွင့် ခွင့်ပြုလိုက်သဖြင့် ယင်းနောက်ပိုင်း မြန်မာ့ရေထွက်ကုန်များသည် ပြည်ပတင်ပို့ရန်အတွက် အခြေအနေကောင်းများ ရရှိလာခြင်း ဖြစ်ကြောင်း မြန်မာ့ရေထွက်ကုန် များကို ပြည်ပတင်ပို့နေသည့် ရေထွက် ပို့ကုန် လုပ်ငန်းရှင်များက ပြောကြားသည်။

“အမေရိကန် တီလားဗီးယား ဈေးကွက်ကလည်း ပို့နိုင်ရင် အကျိုးရှိတယ်။ ဟောင်ကောင်က ငါးနီတူဝယ်ဖို့ ကမ်းလှမ်းတယ်။ ထိုင်းက ရေငန်ပုစွန် စပ်တူမွေးဖို့ ကမ်းလှမ်းတယ်။ ဒါကိုကြည့်ရင် ရေလုပ်ငန်းအပေါ် စိတ်ဝင်စားလာတာကို တွေ့နိုင်တယ်” ဟု ဦးဟန်ထွန်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မကြာသေးမီ လပိုင်းအတွင်းက ဖြစ်ပွားခဲ့သော အထည်ချုပ်စက်ရုံ ပြိုကျမှုကြောင့် လုပ်သားအများအပြား သေဆုံးခဲ့ရာ ဥရောပသမဂ္ဂက အထူးအခွန်ကင်းလွတ်ခွင့်ကို ပြန်လည် ရုပ်သိမ်းမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ယင်းသို့ ဘင်္ဂလားဒေ့ရှ်သည် အထူးအခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းခံရပါက မြန်မာနိုင်ငံသို့ ပြည်ပစီးပွားရေး ရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်သည်ဟု ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်လျက် ရှိကြသည်။

ယင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဥရောပနိုင်ငံများ၏ အထူးအခွန်ကင်းလွတ်ခွင့်ကို လက်လွှတ်လိုက်ရမည် ဆိုပါက မြန်မာ့ရေလုပ်ငန်းတွင် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ခြေဦး လှည့်လာနိုင်ခြေ ရှိသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆိုသည်။

ဥရောပအဖွဲ့ဝင် နိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရန်အတွက် EU အသိအမှတ်ပြု အအေးခန်းစက်ရုံများ ရှိရမည်ဖြစ်ပြီး ၂၀၁၃ မတိုင်မီက EU အသိအမှတ်ပြု အအေးခန်းစက်ရုံ ၁၃ ရုံသာ ရှိသေးသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လတွင် အအေးခန်းစက်ရုံတစ်ရုံ EU အသိအမှတ်ပြုလက်မှတ် ထပ်မံရှိခဲ့ပြီး လာမည့်နှစ်လအတွင်း အအေးခန်းစက်ရုံ လေးရုံ EU အသိအမှတ်ပြု လက်မှတ်ရရန် အတွက် ထောက်ခံပေးရန် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ရေထွက်ပို့ကုန် စစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်ဝေက ပြောကြားသည်။

လက်ရှိ မြန်မာ့ရေထွက်ကုန်များကို တရုတ်၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ဥရောပနိုင်ငံ အချို့သို့ တင်ပို့လျက်ရှိပြီး အဓိကတင်ပို့သည်မှာ ငါးမြစ်ချင်းနှင့် ပုစွန်တို့ ဖြစ်ကြောင်း ရေထွက်ပို့ကုန် ထုတ်လုပ်သူများနှင့် ပို့ကုန်တင်ပို့ ရောင်းချသူများ အသင်းထံမှ သိရသည်။

မြန်မာ့ရေထွက်ကုန် တင်ပို့မှုသည် ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော်ခန့် ရရှိလျက်ရှိကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

The Voice Weekly

0 comments:

Post a Comment