6.8.13

ကျောင်းတွင်း ဗိုလ်ကျသူ တစ်ဦးပမာ ပူတင် လုပ်ဆောင်ဟု အမေရိကန် လွှတ်တော်အမတ် ဝေဖန်

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်သည် အက်ဒ်ဝပ် စနိုးဒန်၏ အမှုကိစ္စနှင့် ပတ်သက်၍ ‘စာသင်ကျောင်းတွင် အနိုင်ကျင့် ဗိုလ်ကျသူ’ တစ်ဦးကဲ့သို့ ပြုမူ လုပ်ဆောင်လျက် ရှိသည်ဟု အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော် အမတ် တစ်ဦးက ဝေဖန် ပြောကြားလိုက်ကြောင်း AP သတင်းဌာနက ရေး သား ဖော်ပြသည်။


သို့အတွက်ကြောင့် အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမား အနေနှင့် ရှေ့လတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော ရုရှား အစိုးရနှင့် ဆွေးနွေးပွဲကို ဖျက်သိမ်းသင့်သည်ဟု ဒီမိုကရက်တစ် ပါတီမှ အထက်လွှတ်တော် အမတ် ချတ်စကူးမားက တိုက်တွန်း ဆော်သြလိုက် သည်။

ချတ်စကူးမားသည် အမေရိကန်ပြည်ထောင်စု၊ အမျိုးသား လုံခြုံရေး အေဂျင်စီ၏ လျှို့ဝှက်ချက်များကို ဖွင့်ချသူ အက်ဒ်ဝပ် စနိုးဒန်အား ခိုလှုံခွင့်ပေးရန် ရုရှား အစိုးရ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သမ္မတ ပူတင် အပေါ် အထက်ပါအတိုင်း ဝေဖန် ပြောဆိုခြင်း ဖြစ်သည်။

“ထွက်ပြေး တိမ်းရှောင်နေရတဲ့ အမေရိကန် ထောက်လှမ်းရေးပညာရှင် အက်ဒ်ဝပ် စနိုးဒန်ကို ရုရှား အစိုးရက ခိုလှုံခွင့် ပေးလိုက်တဲ့ သဘောက ဘာကို ညွှန်ပြနေသလဲဆိုရင် အမေရိကန်-ရုရှား ဆက်ဆံရေးဟာ စစ်အေးခေတ်ကာလ နောက်ပိုင်း မလိုမုန်းထားစိတ် အများဆုံး အချိန်ကာလ ထဲကို ရောက်နေတယ် ဆိုတဲ့ အချက်ပါပဲ” ဟု အထက်လွှတ်တော် အမတ် ချတ်စကူးမား က ပြောကြားသည်။

အမေရိကန် ထောက်လှမ်းရေးအဖွဲ့နှင့် အစိုးရတို့၏ သူလျှိုလုပ်သော လုပ်ငန်းစဉ်များ သာမက အခြား လျှို့ဝှက်ထားသော သတင်း အချက်အလက်များကို ဖွင့်ချခဲ့သူ စနိုးဒန်သည် မော်စကို လေဆိပ်တွင် အချိန်အတန်ကြာ နေထိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်တွင် ရုရှားနိုင်ငံ၌ ယာယီ ခိုလှုံခွင့် ရရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စုက စနိုးဒန် ခိုလှုံနေသော နိုင်ငံများအနေနှင့် ၎င်းအား ဖမ်းဆီး လွှဲပြောင်းပေး ရန် တောင်းဆိုခဲ့သော်လည်း ရုရှားသမ္မတ ပူတင်က ယင်းကိစ္စကို ထပ်ခါတလဲလဲပင် ပယ်ချခဲ့သည်။

ရုရှားသမ္မတ၏ အပြုအမူနှင့် ပတ်သက်၍ အဆိုပါ လွှတ်တော်အမတ်က “ပူတင်ဟာ စာသင်ကျောင်း ထဲမှာ အနိုင်ကျင့် ဗိုလ်ကျတဲ့ အပြုအမူမျိုး လုပ်ပြနေတာပါ။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် အဲဒီလို ဗိုလ်ကျတာမျိုးကို ရင်ဆိုင် ဖြေရှင်းမှု မပြုခဲ့ဘူးဆိုရင် အနိုင်ကျင့်တဲ့ သူတွေ ဟာ ပိုပြီး ဆိုးလာလေ့ ရှိပါတယ်” ဟု သုံးသပ် ဝေဖန်သည်။

ထိုသို့ စနိုးဒန်အား ရုရှားတွင် ယာယီ ခိုလှုံခွင့် ပေးလိုက်မှုနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု အနေနှင့် ‘အလွန်အမင်း စိတ်ပျက်မိသည်’ ဟု အိမ်ဖြူတော်မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားပြီး ပူတင်နှင့် အိုဘားမားတို့ အကြား ကျင်းပ ပြုလုပ်ရန် စီစဉ်ထားသော ဆွေးနွေးပွဲသည် ခြိမ်းခြောက်မှု ခံနေရသည်ဟု သုံးသပ်သည်။

ရှေ့နေဖြစ်သူ ဘရုစ်ဖိန်းက ၎င်းအနေနှင့် အက်ဒ်ဝပ်စနိုးဒန်၏ အမှုကိစ္စတွင် သက်ဆိုင်သူများ (အမေရိကန်ပြည်ထောင်စု၊ မစ္စတာ စနိုးဒန်၊ စနိုးဒန်၏ ဖခင် လွန်ဆိုသူနှင့် ရုရှားနိုင်ငံ) တို့၏ အကျိုး စီးပွားနှင့် ပတ်သက်၍ ဘုံ တူညီချက် တစ်ရပ်ကို ရှာဖွေ ဖော်ထုတ်ကာ အမှုကိစ္စကို မျှတမှု၊ လူသား ယဉ်ကျေးမှု ဆိုင်ရာ မူဝါဒ စည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိအောင် လုပ်ဆောင် သွားမည် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားသည်။

The Voice Weekly

0 comments:

Post a Comment