6.9.13

သုံးနှစ်အတွင်း အပြီးတည်ဆောက်မည်ဟု စည်ပင်က ပြောကြားခဲ့ သည့် မြေနီကုန်းဈေးဟောင်း နေရာအား ၁၉ နှစ် ကြာသည့်တိုင် တည်ဆောက်ပေးခြင်း မရှိဘဲ ထူးကုမ္ပဏီသို့ ရောင်းချထားဟု အမည်စာရင်းပေါက်နေ

၁၉၉၅ ခုနှစ် မတ် ၂၅ ရက်က ရန်ကုန်မြို့တော်စည်ပင်မှ သုံးနှစ်အတွင်း အပြီးတည်ဆောက် ပေးမည်ဟု ပြောကြား ခဲ့သည့် မြေနီကုန်း ဈေးဟောင်းနေရာအား ၁၉ နှစ် ကြာသည့်တိုင် တည်ဆောက်ပေးခြင်း မရှိသည့်အပြင် ကုမ္ပဏီတစ်ခုသို့ ရောင်းချထားသည် ဟု မြေနီကုန်း ဈေးဟောင်း မှ ဈေးသူ ဈေးသားများက ပြောကြားသည်။


စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ အဆိုပါ ဈေးဟောင်း နေရာတွင် ပြုလုပ်သည့် မြေနီကုန်း ဈေးဟောင်းနေရာ၌ ဈေးသစ် အမြန်ဆုံး ဆောက်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲတွင် ဈေးသူဈေးသားများက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇ အမည်စာရင်း ပေါက်နေ သည်ဟု ဆိုသည့် မြေနီကုန်း ဈေးဟောင်းနေရာတွင် အဆင့်မြင့် မြေ စိုက်ဈေးအဖြစ် ပြန်လည် ဆောက်လုပ်ပေးရန် ယာယီ မြေနီကုန်းဈေး (သံလွင်ဈေး) ဈေးသူဈေးသားများက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ နှစ်ကြိမ်တိုင် တင်ပြပြီး ဖြစ်သည့်အပြင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အဆိုပါမြေအား အမည်ပေါက် ပိုင်ဆိုင်ထားသည်ဟု ဆိုသော ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇတို့ထံသို့ တင်ပြထားကြောင်း ဈေးသူဈေးသားများက ပြောကြားသည်။
''မနှစ်က ဦးကျော်မင်းရယ်၊ ဦးသိန်းညွန့်ရယ်၊ ဦးမြတ်ခိုင်ရယ်တို့က ကျွန်မတို့ကို ခေါ်တွေ့တယ်။ အဲဒီမှာ ရွှေပြည်နန်း ဦးကျော်မင်းက ဒီမြေနေရာကို သူဦးတေဇဆီက ၀ယ်ထားတယ်။

မတောင်းပါနဲ့တော့လို့ ပြောတယ်။ သူဘယ်လောက်နဲ့ ၀ယ်တယ် ဆိုတာ မသိပေမယ့် ဦးတေဇက ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော်နဲ့ ၀ယ်ထားတယ်လို့ သိရတယ်။ ဦးတေဇ ၀ယ်ထားတယ် ဆိုတာလည်း သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောတာ။ ဦးတေဇက ဘယ်သူ့ဆီက ၀ယ်တယ်ဆိုတာ ဂရန်မှာ ပိုင်ရှင်အမည် မပါဘူး။ ကျွန်မတို့က ပိုင်ရှင်အမည်ပေါက်ရှိလဲ တောင်းမှာပဲ။ လွန်ခဲ့တဲ့ ၁၉ နှစ်က စည်ပင်က ဈေးသစ်ကို သုံးနှစ်အတွင်း ဆောက်ပေးမယ် ဆိုပြီးပြောတယ်။ ဒါပေမဲ့စည်ပင်က ဈေးသစ် ဆောက်မပေးတဲ့အပြင် မြေနေရာကို ရောင်းထားတယ်'' ဟု ဈေးသာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်မြမြက ပြောကြားသည်။

မြေနီကုန်း ဈေးသူဈေးသားများက ဈေးဟောင်း မြေနေရာတွင် အဆင့်မြင့် မြေစိုက်အခိုင်အမာ ဈေးအဖြစ် ပြန်လည် ဆောက်လုပ်ပေးရန် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီသို့ တင်ပြထားရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းက စိစစ်ရာ မှန်ကန်သည့်အတွက် ဆက်လက် ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြ ထားသည်ဟု ဒေါ်မြမြက ပြောကြားသည်။
စမ်းချောင်းမြို့နယ် ရဲစခန်း၏ တရားဝင် ခွင့်ပြုမိန့်နှင့် ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြပွဲတွင် ဈေးသူဈေးသား ၁၀၀ ၀န်းကျင်က ''မြေနီကုန်း ဈေးဟောင်းနေ ရာ ပြန်လည် ရရှိရေး''၊ ''မြို့တော်စည်ပင် ကတိတည်ပါ''၊ ''မြေနီကုန်း ဈေးဟောင်းနေရာတွင် ဈေးအသစ် အမြန်ပြန်လည် တည်ဆောက်ရေး''၊ ''မြေနီကုန်း ယာယီဆိုင်းဘုတ် ပြန်ပေးရေး'' စသည့် ကြွေးကြော်သံများဖြင့် တစ်နာရီကြာ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ယင်းမြေနီကုန်း ဈေးဟောင်းသည် ၁၉၅၂ ခုနှစ်တွင် မြေနီကုန်း ရပ်ကွက်အတွင်း ဂရန်အမည်ပေါက် ဈေးဖြစ်ကြောင်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာမှ ဈေးအား ပိုမိုကောင်းမွန်အောင် တည်ဆောက်မည် ဟူသည့် အကြောင်းပြချက်ဖြင့် ၁၉၉၅ ခုနှစ် မတ် ၂၅ ရက်တွင် အဆိုပါဈေးမှ ဈေးသူ ဈေးသားများအား ကမာရွတ်မြို့နယ်၊ သံလွင်လမ်းပေါ်ရှိ မြေနေရာတွင် ယာယီမြေနီကုန်း ဈေးအဖြစ် သတ်မှတ် ပေးခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် သံလွင်ဈေးဟု အမည်ပြောင်းလဲ သတ်မှတ် ပေးခဲ့ကြောင်း သိရသည်။

မြေနီကုန်း ဈေးဟောင်းသူ/သားများက ဆန္ဒထုတ်ဖော် နေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
Eleven Media Group

0 comments:

Post a Comment