9.9.13

မြန်မာ့အနာဂတ် ကာကွယ်ရေး စွမ်းအား



- ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ အမေရိကန်နိုင်ငံအစပြုတဲ့ အနောက်အုပ်စုတွေနဲ့ ပြဿနာ မတက်ချင်ပါဘူး။ ဒီနေ့ ရုရှား၊တရုပ်တို့တောင် ညင်ညင်သာသာသိမ်သိမ်မွေ့မွေ့နဲ့ သွားပါတယ်။ ဒါပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် ဖြစ်လာပြီးတဲ့နောက်မှာ အကောင်းဆုံးကို မျော်လင့်ခဲ့သလို အဆိုးဆုံးကိုလည်း ပြင်ဆင်ရပါတယ်။ အဲဒီအတွက် စိန်ခေါ်မှုနဲ့ ပေးဆပ်ရမှုတွေက ကြီးမားပါတယ်။ယနေ့အချိန်ထိတောင် နောက်မြီးဆွဲ ခံနေရတုန်းပါပဲ။

ဒီကိစ္စတွေ ဖြစ်ပျက်ခဲ့မှု အချိန်ကာလက နိုင်ငံတော်မှာ တပ်မတော်အစိုးရ လုံးလုံးလျားလျား တာဝန်ယူထားချိန် ဖြစ်ပါတယ်။ ယနေ့ခေတ်လို ပါတီစုံဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ခံ၊အရပ်သားအစိုးရ မဟုတ်ပါဘူး။တစ်နည်းအားဖြင့် ဒီနေ့မြင်နေရတဲ့ ပွင့်လင်းမြင်သာမှု၊လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း စတဲ့ ဂုဏ်ပုဒ်အမျိုးမျိုးရှိနေတဲ့ ပြည်တွင်း/ပြည်ပ နိုင်ငံရေးမြင်ကွင်းမျိုး မဟုတ်ပါဘူး။ အခြေအနေအမျိုးမျိုး/ အကျိုးစီးပွားအမျိုးမျိုးကြောင့် အမေရိကန်အပါအဝင် အနောက်အုပ်စု အပေါင်းအပါ နိုင်ငံအများစုက ကျဉ်ထားတဲ့အပြင် အချိန်ပြည့်စောင့်ကြည့်ပြီး ပိတ်ဆို့အရေးယူမှုတွေ အထပ်ထပ် ဆောင်ရွက်ခဲ့ချိန်ပါ။ ဒါ့အပြင် UN / ILO အပါအဝင် အစရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းများက Pressure အမျိုးမျိုးနဲ့ ဒဏ်ခတ်မှုအမျိုးမျိုး အရေးယူ ဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။

အဲဒီတုန်းက နိုင်ငံ၏မူဝါဒသဘောထား ရပ်တည်ချက်အရ၊ ပထဝီနိုင်ငံရေး၊ သံတမန်ရေး၊ အကျိုးစီးပွားရေးများအရ ပတ်သက်ဆက်နွယ်ခြင်းမရှိလို့ တသီးတသန့် ကြားနေနိုင်ငံတွေလည်း ရှိခဲ့ပါတယ်၊ အမေရိကန်ပါနေလို့ မီးစင်ကြည့်ကပြီး မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကိုသာ အဓိကထားကာ မြန်မာနိုင်ငံအပေါ်မှာ Positive လိုလို/ Neutral လိုလို/ Negative လိုလို အသွင်ပြောင်းနိုင်ငံတွေလည်း ရှိပါတယ်။ တစ်ဖက်မှာလည်း ရုရှားနဲ့တရုတ်က နိုင်ငံရေးအရ ပြောင်ပြောင်တင်းတင်း ထောက်ခံအားပေးခဲ့သလို စစ်ရေး၊စီးပွားရေးမှာလည်း ကျယ်ပြန့်တဲ့ ဆက်ဆံဆောင်ရွက်ခြင်းတွေ ရှိခဲ့ပါတယ်။ ဒါရဲ့နောက်ကွယ်မှာလည်း အကျိုးစီးပွား ရည်ရွယ်ချက်မျိုးစုံ ရှိပါတယ်။ အဲဒီတုန်းက မြန်မာကလည်း အခြေအနေအမျိုးမျိုးကို တွက်ဆပြီး ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်အကျိုးစီးပွား ရည်ရွယ်ချက်တွေ ရှိခဲ့မှာပါ။ ဒါက မနေ့တစ်နေ့ကလို လတ်လတ်ဆတ်ဆတ် ရှိနေသေးတဲ့ သမိုင်းနောက်ခံ အခြေအနေမှန်တစ်ခု ဖြစ်ပါတယ်။

- တပ်မတော်အစိုးရလက်ထက်မှာ အခြားအစိုးရများနည်းတူ State Building ဆောင်ရွက်ရပါတယ်။ အဲဒီအောက်မှာ Defence Building လဲ ပါလာပါတယ်။ တပ်မတော်အစိုးရဖြစ်လို့ အခြား Sector တွေထက် Professional ဖြစ်တဲ့ Defence ဘက်ကို ပိုအားသာတယ်လို့ ပြောရင်လည်း ဟုတ်နိုင်ပါတယ်။ အဓိကကတော့ အရပ်သားအစိုးရ / တပ်မတော်အစိုးရ / မည်သည့်အစိုးရဖြစ်စေ State Building နဲ့အတူ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်စောင့်ရှောက်ရန် Defence Building သည်လည်း မလွဲမသွေ ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း နားလည်မိပါတယ်။

- ပြန်ဆက်စပ်ရင် ဖော်ပြခဲ့တဲ့ သမိုင်းအခြေအနေတစ်ခုမှာ ဖော်ပြခဲ့တဲ့ State Building နှင့်အတူ ဖော်ပြခဲ့တဲ့ Defence Building ကို တပ်မတော်အစိုးရက ဆောင်ရွက်ခဲ့တယ် ဆိုပါတော့ဗျာ။ ဒီနေရာမှာ အဓိက Issue နှစ်ခုကို တွေ့ရပါတယ်။

ပထမတစ်ခုက အမေရိကန်အပါအဝင် အနောက်အုပ်စုက ပိတ်ဆို့အရေးယူမှုအမျိုးမျိုး ဆောင်ရွက်နေပြီး ကမ္ဘာ့ဖြစ်စဉ် သာဓကများအရ သူတို့လိုချင်တဲ့အဆင့်ထိ ရောက်အောင် ပုံစံသွင်းတတ်တယ်၊ နောက်ဆုံး စစ်ရေးအရ အရေးယူရတဲ့ အနေအထားမျိုး ဖြစ်အောင် ကျုံးသွင်းတတ်တဲ့ အနေအထား ရှိပါတယ်။ ပူပူနွေးနွေးကြည့်ရင် အီရတ်၊လစ်ဗျားတို့ဖြစ်ပြီး အနီးဆုံးကတော့ မနက်ဖြန်သဘက် တွေ့နိုင်မဲ့ ဆီးရီးယားပါပဲ။ တစ်ခုတည်းသော ရုရှားအခြေစိုက်စခန်း ရှိတာတောင် အမေရိကန်က ဆင်ဖမ်းမယ် ကျားဖမ်းမယ် လုပ်နေပါပြီ။ Senate ကိုလည်း အထိုက်အလျောက် ညှိနိုင်းထားပြီး တရားဝင် Green Light ရတာနဲ့ Expire နီးတဲ့ဒုံးတွေနဲ့ သွေးပူစမ်းသပ် လေ့ကျင့်ခန်းတွေ လုပ်တော့မှာပါ။

အကယ်၍ မြန်မာနွေဦး မရှိခဲ့ဘူးဆိုရင်၊ ၎င်းတို့ရဲ့ ထပ်ခါတလဲလဲ မွှေးနေတဲ့ တို့မီး ရှို့မီးတွေ ပြည်တွင်းလောင်စာအခံကြောင့် အထမြောက်ခဲ့တယ်ဆိုရင်၊ မိမိတို့ရဲ့ အမျိုးသားစည်းလုံးမှု ဖြစ်နေတာထက် ပိုဆိုးခဲ့ရင်၊ မိမိတို့၏ Good Governance နဲ့ Clean Government မှအစပြု၍ အမှိုက်ကစ ပြဿဒ်မီးလောင်ခဲ့တယ်ဆိုရင် မြန်မာလည်း အီရတ်/လစ်ဗျားတို့လို သူတစ်လူ ငါတစ်မင်းနဲ့ ခိုကိုးရာမဲ့ စစ်တလင်းမဖြစ်ဘူးလို့ ယတြာချေထားလို့ မရနိုင်ပါဘူး။ ပြီးရင် “ယ" ကတစ်မျိုး “ဘ” ကတစ်သွယ်ပါ။ ဒါလည်း ရှိရင်းစွဲ အဖုအထစ်ဖြစ်စဉ်ပေါ်မှာ ၎င်းတို့ရဲ့ ထပ်ပိုးစနက်တွေပါပဲ။ ဒီကြားထဲ ခေတ်အဆက်ဆက် ပြည်တွင်း သောင်းကျန်းမှုတွေကလည်း ရှိသေး။ အချုပ်စစ်လိုက်ရင် သူတို့သွတ်သွင်းတဲ့ လမ်းကြောင်းနဲ့ ကိုယ်လျှောက်မဲ့ Road Map မတူတဲ့ ပြဿနာက Main Cause ဖြစ်ဖို့ ရာနူန်းများပါတယ်။

ဒီတော့ အဲဒီတုန်းက တပ်မတော်ခေါင်းဆောင်များ တစ်ဖြစ်လဲ အစိုးရခေါင်းဆောင်များက အဆိုးဆုံးအခြေအနေထိ တွက်ဆပြင်ဆင်ခဲ့ပုံ ရပါတယ်၊ ဒါကြောင့် ကျုးကျော်စစ်ကို မျှော်ပြီး Defensive ဦးစားပေးတဲ့ ပြည်သူ့စစ်မဟာဗျုဟာဆိုတာ တွင်ကျယ် နေရာယူခဲ့တာလို့ ယုံကြည်နိုင်ပါတယ်။ ဆိုလိုရင်းကတော့ အမေရိကန်မဟာမိတ်တို့ရဲ့ ကျင့်ထုံးတွေကို ကောင်းကောင်းသဘောပေါက် နားလည်ပြီး Political Mean ကို ရှေ့တန်း၊ Military Mean ကို နောက်တန်းထားပြီး ခံစစ်ကစားခဲ့တယ်လို့ ယူဆပါတယ်။

ဒုတိယတစ်ခုက အမေရိကန်တို့နဲ့ သဟဇာတမဖြစ်တဲ့ နိုင်ငံတွေရဲ့ အနေအထားအများစုဟာ ဘေးကြပ်နံကြပ် ဖြစ်စေခြင်းပါပဲ။ အဖက်ဖက်က တရားတဲ့နည်း/ မတရားတဲ့နည်းတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဘောင်ကျဉ်းလာမယ်၊ အသိုင်းအဝန်းကျုံ့လာမယ်၊ ဥပမာအားဖြင့် အီရန်၊မြောက်ကိုရီးယား၊ကျုးဘား၊လစ်ဗျား၊ ဗင်နီဇွဲလား စတဲ့ နိုင်ငံတွေကို ကြည့်နိုင်ပါတယ်။ အထူးသဖြင့် စစ်ရေး ဆက်ဆံဆောင်ရွက်မှုများတွင် ပိုပြီးကြပ်တည်းစေတာကို တွေ့ရပါတယ်။သူတို့ဘက်ကလည်း သူတို့အယူအဆနဲ့မို့ မှားတယ်လို့ မပြောနိုင်သလို တစ်ဖက်ကကြည့်တော့လည်း မှန်တယ်လို့ မဆိုနိုင်ပါဘူး။ သန်ရာသန်ရာ အကျိုးစီးပွားတွေပါပဲ။

အဲဒီအချိန်တုန်းက မြန်မာပြည်ရဲ့ အနေအထားကိုလည်း ပြန်ကြည့်လို့ရပါတယ်၊ နိုင်ငံရေးမှာ အာဆီယံ၊မဲခေါင် အသိုင်းအဝန်း၊ ရုရှား၊တရုတ် ။ စီးပွားရေးမှာလည်း အာဆီယံထဲက စင်္ကာပူ/ထိုင်း/မလေးရှား နဲ့ တရုတ်၊အိန္ဒိယ။ ဒီအဝန်းအဝိုင်းလေးကိုပဲ အဓိကထားရပါတယ်။ စစ်ရေးဆိုရင်တော့ ပိုကျဉ်းတာပေါ့၊အစဦးပိုင်းကာလက တရုတ်ပဲရှိတယ်၊ နောက်ပိုင်း ရုရှား၊အိန္ဒိယ တိုးလာတယ်။တိုင်းပြည်ရဲ့ဓနအင်အားနဲ့ အဆင့်မြင့်တာတွေ မဝယ်နိုင်ခဲ့သလို ဝယ်ရင်လည်း မရနိုင်ပါဘူး။ ရောင်းတဲ့သူကလည်း အကြောင်းအမျိုးမျိုးကြောင့် ထိန်းထိန်းသိမ်းသိမ်း ရောင်းပါတယ်။ ဘယ်သူမှလည်း အလကားမပေးပါဘူး၊ ပေးခဲ့ရင်လည်း အသင့်အတင့်မျှသာဖြစ်ပြီး အကျိုးစီးပွားတစ်ခုခုနဲ့ ချည်နှောင်ခံရတာပါပဲ။ ရွေးချယ်စရာနည်းတော့ ဈေးကိုင်ခံရတာ၊ အရည်အသွေးနိမ့်တာတွေလည်း ကြုံပါလိမ့်မယ်။ ဒါကလည်း အပြစ်ပြောဖို့ခက်တဲ့ နိုင်ငံတကာမျက်လှည့်ပွဲတစ်ခုကို ကမ္ဘာ့ဇာတ်ခုံပေါ်မှာ တွေ့နေရသလိုပါပဲ။ လည်သူစားစတမ်းတော့ မဟုတ်ပေမဲ့ သူ့အကြောင်းနဲ့သူချည်းပါပဲ။အခြားနိုင်ငံတွေလည်း ဒီလိုပါပဲ။

ဒီတော့ ရတဲ့လက်နက်၊ နည်းပညာ၊ အတွေ့အကြုံနဲ့ မျော်မှန်းထားတဲ့ Great Potential Enemy ၊ ရင်ဆိုင်ဆဲလုလု ဖြစ်တဲ့ Potential Enemy တွေကို ဘယ်လိုတုန့်ပြန်မလဲ။စစ်ရေးအရ အခြေခံ Source ကလည်း အင်အားကြီး (၃)နိုင်ငံပဲရှိပြီး ကမ္ဘာ့မဟာဗျုဟာကျားကွက်ထဲမှာ အချိန်မရွေး နယ်ရုပ်တစ်ရုပ်လို ချကျွေးခံရနိုင်တဲ့ အနေအထားပါ။ဒီမှာ အများကြီးတွေးစရာမရှိတဲ့ အဖြေက ထွက်လာပါတယ်။ အနောက်အုပ်စုကို စစ်ရေးအရ မာမာချာချာပြန်ခံနေတဲ့ (မိမိတို့နဲ့ မတိမ်းမယိမ်းရှိသော) လက်ချိုးရေတွက်လို့ရတဲ့ နိုင်ငံအချို့ ( မြောက်ကိုရီးယား၊ အီရန်၊ ဗင်နီဇွဲလား၊ ကျုးဘား၊လစ်ဗျား စသဖြင့်) စက်ကွင်းထဲကို တည့်တည့်မတ်မတ် ရောက်လာတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့ ဘာနည်းလမ်း၊ လက်နက်၊နည်းပညာတွေနဲ့ ဘယ်လိုပြင်ဆင်ဆောင်ရွက် တုန့်ပြန်နေလဲ၊ သူတို့နဲ့ ဘယ်လိုချိတ်ဆက် ဆောင်ရွက်မလဲ၊ ဘာတွေက မိမိတို့ ဓနအင်အားနဲ့ ရနိုင်မလဲ၊ဘယ်သူက မိမိနဲ့ အဆင်ပြေမလဲ စသဖြင့် သုံးသပ်ခဲ့မှာပါ၊ အဲဒီမှာ ဆောင်ရွက်ရင်းနဲ့ အခြေအနေအမျိုးမျိုးကြောင့် မြောက်နဲ့အဆင်ပြေခဲ့ပုံ ရပါတယ်။

အစပိုင်းက ပြောခဲ့သလိုပါပဲ အမေရိကန်နဲ့ ဘယ်သူမှ ရန်ဖက်မဖြစ်ချင်သလို သူတို့နဲ့အဆင်မပြေတဲ့သူ/ အသိုင်းအဝန်းနည်းသူ /ရန်များသူ/ နိုင်ငံရေး ဂုဏ်သိက္ခာ အားနည်းသူ/ မိမိတို့နဲ့ သမိုင်းဆိုးမှတ်တမ်းများ ရှိခဲ့သူနဲ့လည်း ပေါင်းချင်မယ် မထင်ပါဘူး။ဒါပေမဲ့ အခြေအနေအချိန်အခါအရ ဘေးကြပ်နံကြပ်ဖြစ်ချိန်မှာ ကူဖော်မိတ်ဖက်ဆိုတာ လိုအပ်လာတော့ အခြေအနေ နီးစပ်သူအချင်းချင်း ဆက်သွယ် ဆက်ဆံမိကြတယ်လို့ သုံးသပ်နိုင်ပါတယ်။ အပေါ်ကပြောခဲ့တဲ့ နိုင်ငံကြီးတွေနဲ့ပါဆိုရင် Defence Building အတွက် အတန်အသင့် ပြည့်စုံနိုင်ကြောင်း ယူဆခဲ့မယ်လို့လည်း ထင်ပါတယ်။အကယ်၍ အဲဒီတုန်းက မိမိတို့သာ တာဝန်ရှိသူတွေ ဖြစ်ခဲ့ကြမယ်ဆိုတဲ့ အတွေးနဲ့ခံစားကြည့်ရင် မြန်မာနဲ့ တရုတ်၊ရုရှား၊မြောက်၊အိန္ဒိယတို့နဲ့ စစ်ရေးဆက်ဆံမှုတွေ ရှိခဲ့တာ အထူးအဆန်း မဟုတ်သလို မဖြစ်သင့် မဖြစ်ထိုက်ဘူးလို့လည်း ဆိုမယ်မထင်ပါဘူး။

ဒီနေရာမှာ မေးစရာတစ်ခုရှိတာက အပေါ်ကနိုင်ငံတွေနဲ့ စစ်ရေး ဆက်ဆံဆောင်ရွက်ခြင်းတွေလုပ်ပြီး Defence Sector မှာ ထင်သလောက် မတိုးတက်ပါလား ဆိုတဲ့ မေးခွန်းပါ။ ဒါအတွက် ပထမဆုံးအချက်က ဘယ်ပေတံ၊ ဘယ်လို Criteria တွေနဲ့ စံထားပြီး မေးတာလဲဆိုတာ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ ဒါမှ ကျယ်ပြန့်တဲ့ အနေအထားတစ်ခုကို မှန်ကန်တဲ့ Focus ဖမ်းနိုင်မှာပါ။ ဒါပေမဲ့ ဒါက အမှား/အမှန် ခွဲခြားဖို့ မလိုသလို ခွဲခြားလို့ရတဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး၊ အားသားချက်/ အားနည်းချက်ကိုသာ အဖြေထုတ်ရမှာပါ။ Defence Building မှာ နဂိုမူလကိုက Confidential / Restricted တွေ ရှိနေတာမို့ မသိတာများပြီး သိတာနည်းတဲ့ အနေအထားနဲ့ သုံးသပ်မေးမြန်းတယ်ဆိုရင်တော့ ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။

မြင်နေ တွေ့နေ ကြားနေရတဲ့ အားနည်းချက်( အားသာချက် ခဏထား) အပေါ်မှာ မေးမြန်းထောက်ပြတယ် ဆိုခဲ့ရင် မြောက်နဲ့လုပ်လို့၊ တရုပ်နဲ့လုပ်လို့ ဆိုတာထက် ကိုယ်ရဲ့ အဖွဲ့အစည်းအနေအထားကို ပြန်လေ့လာသုံးသပ်ဖို့က ပိုအရေးကြီးပါတယ်။ ချို့ယွင်းချက်ရှိနေရင် ဘယ်သူနဲ့လုပ်လုပ် အားနည်းချက်တွေ အပြစ်အနာအဆာတွေ ရှိနေဦးမှာပါ။ ဒါကို တစ်ဦးတစ်ယောက်တည်း တချို့တစ်ဖွဲ့တည်း ခေါင်းစဉ်တပ် ပုံချလိုက်ရုံနဲ့ ပြီးသွားမဲ့ကိစ္စ၊ အဆင်ပြေသွားမဲ့ကိစ္စ မဟုတ်ပါဘူး။ ခြုံကြည့်ရင် Policy နဲ့ Strategy သာမန်ထက်ပိုလို့ ဒီအနေအထား ရောက်နေတာဖြစ်ပြီး Action Plan / Implementation Management နဲ့ System တွေမှာ အားနည်းချက်အချို့ ရှိနေတာလို့ မြင်ပါတယ်။ ဒါကိုလည်း Political Transition Current မှာ တပါတည်း လိုက်ပါနိုင်မယ်လို့ မျှော်လင့်ပါတယ်။

- နောက်တစ်ခုက မြောက်က တောင်သမ္မတ ချန်ဒူးဝှမ်နဲ့ ထိပ်တန်းအရာရှိကြီးတွေကို လုပ်ကြံဖို့ရည်ရွယ်ချက်နဲ့ မိမိတို့လေးစားတန်ဖိုးထားတဲ့ အာဇာနည်ဗိမာန်မှာ ဗုံးခွဲတယ်။ နောက်ဆက်တွဲက အသက်ဆုံးရှုံးမှုတွေရှိခဲ့သလို တိုင်းပြည်တန်ဖိုးနဲ့ ဂုဏ်သိက္ခာ ထိခိုက်ခဲ့ရတယ်။
ဒီလိုနားကြည်းစေတဲ့ သမိုင်းဖြစ်စဉ်တွေလည်း ရှိနေပါသေးတယ်။

အင်္ဂလိပ်က မြန်မာကို မတရားသိမ်းပိုက်တယ်၊ နှစ်ပေါင်း(၁၀၀)ကျော် ကျွန်ပြုတယ်။ တိုင်းရင်းသားညီအကို မောင်နှမများ အသက် သွေး ချွေး မြောက်များစွာ ပေးဆပ်ပြီး လွတ်လပ်ရေးနဲ့ လဲခဲ့ရတယ်။ နောက်ဆုံးအထွက်မှာ တိုင်းပြည်နဲ့လူမျိုးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လွတ်လပ်ရေးဖခင်ကြီး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ အသက်တွေကို နူတ်ဆက်လက်ဆောင်အဖြစ် ယူသွားတယ်။ တောင်ပေါ်ပြည်မ ခွဲခြားခဲ့တယ်။ နှစ်ပေါင်း(၆၀)ကျော်ကြာနေတဲ့ ပြည်တွင်းသောင်းကျန်းမူရဲ့ ကနဦးတရားခံကြီးပေါ့။ ပြောမယ်ဆိုရင် အများကြီးပါပဲ။

ဂျပန်လည်း ထိုနည်းလည်းကောင်းပါပဲ။ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး အခြေအနေတွေနဲ့ ကြုံခဲ့ကြရတာပါ။ ကင်ပေတိုင်ဘယ်လို ရက်စက်ကြမ်းကြုတ်တယ်ဆိုတာ ယနေ့အချိန်ထိ မြန်မာ့ရုပ်ရှင်တွေထဲမှာ ပါနေဆဲပါ။

တရုတ်လည်း ရှိပါသေးတယ်။ ကူမင်တန်တရုတ်ဖြူ နဲ့ ဗကပသမိုင်းမှာ အဓိက ဒါရိုက်တာကြီးပါ။ ကျွန်တော်တို့ရဲဘော်တွေရဲ့ အသက်ပေါင်းများစွာပေးပြီး မျက်ဖြူလန်အောင် တိုက်ခဲ့ရတဲ့ သမိုင်းဖြစ်စဉ်တွေ ထင်ထင်ရှားရှား ရှိပါတယ်။ တပ်မတော်မှာ ရွပ်ရွပ်ချွံချွံတိုက်ခဲ့ကြလို့ ဘွဲ့တံဆိပ်တွေ ချီးမြှင့်တာ အဲဒီကာလတွေက အများဆုံးလို့ ပြောကြပါတယ်။

အလားတူပါပဲ စစ်ရေးသာမက နိုင်ငံရေး၊စီးပွားရေး၊ဘာသာရေး၊ယဉ်ကျေးမူ စတာတွေနဲ့ ကျွန်တော်တို့အပေါ်မှာ သမိုင်းဆိုးရေးသွားတဲ့သူတွေလည်း ရှိပါတယ်။
ဒီလိုပါပဲ ကျွန်တော်တို့ကိုလည်း ထိုင်းက သမိုင်းလှန်ပြီး စွပ်စွဲနိုင်ပါသေးတယ်။

နောက်ပြီး ထင်ရှားတဲ့ သာဓကတစ်ခုက မဆလခေတ် (၂၆)နှစ်တာ ကာလအများစုမှာ မြန်မာ-အမေရိကန် ဆက်ဆံရေးဟာ အမြင့်မားဆုံးနဲ့ အကောင်းဆုံး အခြေအနေတစ်ခုမှာ ရှိခဲ့ပြီး မြန်မာ-တရုတ် ဆက်ဆံရေးက ပါးလွှာပြီး အိမ်နီးချင်းပုံစံတောင် မမီပါဘူး။ ၁၉၈၈ နောက်ပိုင်း တပ်မတော်အစိုးရ တက်လာတော့ ပြောင်းပြန်ဖြစ်သွားတဲ့ အခြေအနေပါ။ ဒီလိုဖြစ်စဉ်မျိုး အခြေအနေမျိုးတွေ ကမ္ဘာအနှံ့အပြားမှာ နေရာမလွဲ အများအပြား ရှိနေကြပါတယ်။

ဆရာကြီး ဒေါက်တာသန်းထွန်း ပြောသလို သမိုင်းဆိုတာ မအအောင် သင်ရတယ် ဆိုတဲ့အတိုင်း သမိုင်းကမေ့ပျောက်စရာ မဟုတ်တဲ့အတွက် သင်ခန်းစာ ယူတတ်ရပါမယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ အမြဲတမ်းမိတ်ဆွေ၊အမြဲတမ်းရန်သူ မရှိပါဘူး။အကျိုးစီးပွားသာ ရှိပါတယ်။ ရိုးရှင်း သဘောပေါက်လွယ်ပြီး လက်တွေ့ကျတဲ့ စကားပါ။ ဒီလိုပါပဲ မိမိနိုင်ငံရဲ့ အခက်အခဲတွေကို ပြေစေမယ်၊အကျိုးစီးပွားကို ဖြစ်စေတယ်ဆိုရင် သူ့အကျိုးကိုယ့်အကျိုး ဖြစ်စေတဲ့ မိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ဆောင်ရွက်တာ နိုင်ငံတစ်ခုရဲ့ Right ပါပဲ။ ဒီသဘောဒီသဘာဝကို မဟာအင်အားကြီးနိုင်ငံတွေတောင် နားလည်လက်ခံ ဆောင်ရွက်နေကြတာပါပဲ။အဲဒီထဲမှာ ခြေတစ်လှမ်းဦးတဲ့သူကတော့ ပိုပြီးတာစားတာပေါ့။ဒါပေမဲ့လည်း လည်လွန်းတဲ့ဘီး အတွက်ကတော့ Risk များပါတယ်။

အခုအခြေအနေမှာလည်း UN Resolution ကြောင့် မြောက်နဲ့ထိုက်သင့်တဲ့ စစ်ရေးဆက်သွယ်မှုတွေ ဖြတ်တောက်ထားတာ၊ တရုပ်ကိုလည်း အားကိုးမှုလျော့ချထားတာ တွေ့နေရပြီး အသွင်ပြောင်းလဲမှု အမျိုးမျိုး၊ ဖြေလျော့မှုအမျိုးမျိုးဖြင့် မြန်မာ့နွေဦးကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ရေးချယ်ပြီး နိုင်ငံတကာမျက်နှာစာသို့ ရဲရဲဝင့်ဝင့် ထွက်လာတာပါ။ ဒီမှာလည်း မနေ့တစ်နေ့က မျက်နှာချင်း မဆိုင်ချင်တဲ့သူတွေနဲ့ အပြန်အလှန် အကျိုးစီးပွားတွေအတွက် ပခုံးဖက်နေတာ တွေ့ရပါလိမ့်မယ်။ “အဖြူ” တွေ့ရခဲတဲ့ နေပြည်တော်မှာ အခုတော့ ခြေချင်းလိမ်နေကြပါပြီ။ (၂၂)နှစ်ကျော် ကျောခိုင်းထားတဲ့ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ နော်ဝေး၊ ဂျပန် စသဖြင့် ကာလာစုံ ပါဝင်ပါတယ်။ အမြဲတမ်းမိတ်ဆွေ/ ရန်သူ မရှိဘူးဆိုတဲ့ သက်သေပါ။ အပြောင်းအလဲပါ။ တခါတရံ အမြှောက်ကြိုက်ပြီး နွားရှေ့ထွန်းကြူး နေသလားလို့တောင် နားမလည်စွာနဲ့ စိုးရိမ်မိရပါသေးတယ်။

ဒီနေရာ ဒီအခြေအနေမှာလည်း စဉ်းစားချင့်ချိန်စရာတွေ ရှိနေပါသေးတယ်။ အဖြူတွေ အနီတွေ ရောက်လာတိုင်း အလုံးစုံအဆင်ပြေမယ်လို့ တွက်လို့မရသေးပါဘူး။ နိုင်ငံရေးနှင့် စီးပွားရေးဆက်ဆံမှုတွေ အသင့်အတင့်သာ ရှိသေးပြီး ဆက်လက်လည်း အချိန်နဲ့အရှိန် ယူရဦးမှာဖြစ်တဲ့အတွက် ယခင်လမ်းဟောင်းများက လျှောက်တတ်ရင် အကျိုးစီးပွားဖြစ်ထွန်းဆဲပါ။မဖြစ်မနေလည်း လျောက်နေရပါသေးတယ်။ လမ်းသစ် လမ်းဟောင်း နှစ်ခုလုံး ဒွေးလမ်းဖြစ်လာပြီ ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။တစ်ဖက်ကလည်း နိုင်ငံရေးရာသီဥတုပေါ် မူတည်ပြီး အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်လာနိုင်တာမို့ တရားသေထားလို့ မရပါဘူး။Back up လိုပါတယ်။

စစ်ရေးပိုင်း ဆက်ဆံဆောင်ရွက်ခြင်းကတော့ အဝေးကြီးမှာ ရှိနေပါသေးတယ်။ ဒါက ထောင်မြင်ရုံနဲ့ ရာစွန့်လို့မရတဲ့ ကိစ္စ၊ Risk ယူလို့ မရတဲ့ ကိစ္စပါ။ ထိုင်စောင့်နေတဲ့ Potential Enemy တွေရဲ့ Threat က Correction လုပ်လို့မရပါဘူး။ ဘွာတေးမရှိပါဘူး။နောက်ပြီး နှစ်ကြာ ဆန့်ကျင်ဘက်ရှိသူ၊ မဟာဗျုဟာ အားပြိုင်ဘက် နိုင်ငံကြီးနှစ်ခုနဲ့ ယခုချိန်ထိ ပလဲနံပါတ်သင့်သူ၊ ယင်းအနက် တရုတ်နဲ့ အိမ်နီးချင်းဖြစ်သူကို အမေရိကန်တို့က စစ်ရေးအရ ဘယ်လို Deal လုပ်လာနိုင်သလဲ ဆိုတာလည်း မေ့ထားလို့ မရပြန်ပါဘူး။ သူတို့ရဲ့ ဆက်ဆံတတ်တဲ့ Policy နဲ့ Practice ကို နားလည်ရပါမယ်။ အနီးစပ်ဆုံး Vietnam မှာ တွေ့နိုင်ပါတယ်။ စီးပွားရေးကို ရှေ့တန်းတင်ပြီး နိုင်ငံရေးကို သာမန်အဆင့်သာ သွားပါတယ်။ စစ်ရေးဆက်ဆံမှုကတော့ နှစ်ကာလတစ်ခု ကြာသည့်တိုင်အောင် Non- Combat Exchange Activity ထက် မပိုသေးပါဘူး။ ဒါကြောင့် Vietnam ရဲ့ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုနဲ့ စစ်ရေးဆက်ဆံဆောင်ရွက်မူဟာ ရှရှားအုပ်စုထဲမှာပဲ အပြည့်အဝ ရှိနေပါတယ်။

အချို့နိုင်ငံတွေဆို သူတို့ Norm နဲ့ တစ်ခုခုမကိုက်ခဲ့ရင် / အစာမကြေတာ တစ်စုံတစ်ရာဖြစ်ရင် Spare Parts ဆက်မရောင်းတာ၊ ပစ္စည်း ဆက်မရောင်းတာမျိုးတွေ မြင်နေရပါတယ်၊ ဂရုပြုစရာတွေပါ။ မီးစတစ်ဖက် (hard power) ရေမုတ်တစ်ဖက် ( soft power) ကိုင်ပြီး Smart Power အမည်ခံ Global Policing လုပ်တတ်တဲ့ အကျင့်တွေကြောင့် နိုင်ငံချင်း သွင်ပြင်လက္ခဏာ မတူတဲ့ အခြေခံအနေအထားအပေါ်မှာ ပြဿနာမီးပွား မရှိလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။

မိမိတို့လည်း အနောက်အုပ်စုနဲ့ စစ်ရေးအရ စခန်းသွားတဲ့အခါမှာ အရှည်တွေးပြီး သတိမလျော့ဖို့ လိုပါမယ်။ တွန့်ဆုတ်နေဖို့လည်း မလိုသလို ရဲတင်းစရာလည်း မလိုတဲ့အတွက် နှစ်စုနှစ်ဖွဲ့ သင့်တင့်မျှတတဲ့ အနေအထားမျိုး ဖန်တီး သွားရနိုင်ပါတယ်။ ဂျော်ဂျီယာလို ရှေ့နောက်မကြည့်ပဲ အဟောင်းစွန့် အသစ်မွေးမိလို့ တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရတာတွေက သင်ခန်းစာယူစရာတွေပါ။ ကိုယ့်အခြေအနေ ကိုယ့်ပုံစံနဲ့ တွက်ခြေကိုက်နိုင်မဲ့ ဒွေးလမ်းတည်ပြီး သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ တစ်ခုရှိတာက နိုင်ငံတကာအဝန်းအဝိုင်းထဲကို ရောက်လာပြီဆိုရင် အများလက်ခံ သတ်မှတ်ထားတဲ့ ပညတ်ချက်တွေကိုတော့ လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။ အခုလည်း လေးစားလိုက်နာနေလို့ ဒီအခြေအနေရောက်နေတာ ဖြစ်ပါမယ်။

Message လည်း ရှည်သွားပြီမို့ ဒီနေရာမှာပဲ ချုပ်လိုက်ပါမယ်။

State Building ကို ဆောင်ရွက်ရာတွင်-
) အကျိုးစီးပွား အရင်းမရှုံးပါစေနဲ့
) တိုင်းပြည်နဲ့လူမျိုးတို့ရဲ့ အကျိုးစီးပွားကို အစဉ်ထိန်းသိမ်းနိုင်ပါစေ
) သင့်လျော်မျှတတဲ့ အကျိုးစီးပွားအမြတ်များ ဖြစ်ထွန်းပါစေ
) ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာမြင့်မားသော တန်ဖိုးရှိသော နိုင်ငံဖြစ်ပါစေ
) နိုင်ငံတကာနှင့် သဟဇာတ ညီညွတ်စွာ ရပ်တည်နိုင်ပါစေ
လို့ ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ ဆန္ဒအရင်းခံ တင်ပြလိုက်ပါတယ်။

PATRIOT

0 comments:

Post a Comment