9.9.13

ပြည်ပရောက် မြန်မာနိုင်ငံဖွား တရုတ်များ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

နိုင်ငံတကာတွင် ရောက်ရှိနေသော မြန်မာနိုင်ငံဖွား တရုတ်လူမျိုးများကို မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်းက ပြောကြားသည်။

ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) ခန်းမတွင် စက်တင်ဘာလ ၈ ရက်နေ့က ပြုလုပ်သည့် ပြည်တွင်းပြည်ပရှိ တရုတ်လူမျိုး ၁၅၀၀ ကျော် တက်ရောက်သော သတ္တမအကြိမ်မြောက် မြန်မာပြည်ဖွား တရုတ်အမျိုးသား မိတ်ဖွဲ့စုံညီပွဲတော်တွင် ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။



မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်၌ အခြားနိုင်ငံခြားသားများထက်စာလျှင် နိုင်ငံအကြောင်း ပိုမိုနားလည်သည့် မြန်မာနိုင်ငံဖွားတရုတ်လူမျိုးများ ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပိုမိုအောင်မြင်မည် ယုံကြည်သောကြောင့် ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ပြည်ထောင်စုအစိုးရက မြန်မာနိုင်ငံဖွား တရုတ်လူမျိုးများကို နိုင်ငံတွင်း ပြန်လည် လာရောက် လုပ်ကိုင်ရန် တိုက်တွန်းနေပြီး လာရောက် လုပ်ကိုင်နေသူများလည်းရှိကာ ထပ်မံ၍ လာရောက်မည့် သူများကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

၂၀၀၀ ပြည့်နှစ်မှစ၍ ကျင်းပသည့် အဆိုပါပွဲကို မြန်မာနိုင်ငံဖွား တရုတ်လူမျိုး အချင်းချင်း အဆက်အသွယ် မပြတ်စေရန် ရည်ရွယ်၍ ၂ နှစ်လျှင်တစ်ကြမ် ကျင်းပခြင်း ဖြစ်ပြီး သတ္တမအကြိမ်မြောက်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံး ပြုလုပ်ခြင်း ဖြစ်သည်။ ယခင်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင်သာ ကျင်းပရာ မြန်မာနိုင်ငံမှ တရုတ်လူမျိုးများက သွားရောက်လေ့ ရှိသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံပြီးနှင့် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသည့် တရုတ်တို့၏ အကြီးစားလုပ်ငန်း အချို့တွင် ဒေသခံများ၏ ဆန့်ကျင်သဘောထား ကွဲလွဲမှုများနှင့် ရင်ဆိုင်နေရသည်။

(ကောင်းဆက်နိုင်)
The Voice Weekly

0 comments:

Post a Comment