17.9.13

နှစ်ကြိမ်မချိုးနိုင်သောမြစ်ရေ,သို့မဟုတ်,သိပ္ပံပညာ(၁)

Scientific Acceptablity Of Rebirth (အဖန်ဖန်မွေးဖွားခြင်း-လူဝင်စားခြင်း ကို သိပ္ပံနည်းကျ လက်ခံခြင်း)စာတမ်းကို ရေးသားတဲ့ Dr.Granville Dharmawardena (Ph.D (Cambridge) M.I.Chem.C, C..Chem, FIAutoE) ဟာ သီရိလင်္ကာနိုင်ငံသား တစ်ဦး ထင်ရှားတဲ့ သိပ္ပံပညာရှင်တစ်ဦး ဖြစ်ပြီး ယူကေနဲ့ အမေရိကားက nuclear science ဆိုင်ရာ ပြဋ္ဌာန်းစာအုပ်တွေ မှာ ရည်ညွှန်းခြင်း ခံရသူ ဖြစ်တယ်။ 

ကိန်းဘရစ် တက္ကသိုလ် မှာ ပညာသင်ပြီး အမေရိကား၊ နောက် သြစတြေးလျက Austrilian School Of Nuclear Technology၊ နောက် ပြင်သစ်က Atomic Energy Commission မှာ ထရိန်နင်ယူခဲ့တယ်။ ၂၀ရာစု မော်ဒန်သိပ္ပံနဲ့ ပိုအကျွမ်းဝင်တယ်။ လူဝင်စားခြင်း (Rebirth) သဘောကို ဒီစာတမ်းမှာ သူလေ့လာခဲ့တယ်။ သူက ရှေးရိုးသိပ္ပံ ဟာ ဘာကြောင့် လူဝင်စားခြင်းကို မရှင်းပြနိုင်သလဲ ဆိုတာကို ထောက်ပြပြီး လူဝင်စားခြင်းဟာ မော်ဒန်သိပ္ပံရဲ့အရာ ဖြစ်တယ်လို့ ဖော်ပြတယ်။ ကျနော်က သူ့စာတမ်းတစ်ခုလုံးကို ဘာသာ မပြန်နိုင်ပါဘူး။ ဒါပေမဲ့ ရှေးရိုးသိပ္ပံနဲ့ မော်ဒန်သိပ္ပံ အပေါ် သူ့ရဲ့ နားလည်မှုက သိပ်သည်း နက်နဲလွန်းသလောက် ဖတ်ဖို့နားလည်ဖို့ လွယ်ကူတယ်။ သူ့ရဲ့ စာတမ်းတစ်ခုလုံးကို မဖတ်နိုင်ရင်တောင် ရှေးရိုးသိပ္ပံနဲ့ မော်ဒန်သိပ္ပံမွေးဖွားခြင်း ဆိုတဲ့ ခေါင်းစဉ်နှစ်ခုလောက်ကို ဖတ်သင့်တယ်လို့ ထင်တယ်။ သူကတော့ မော်ဒန်သိပ္ပံဟာ သစ္စာနားနီးကပ်လာပြီ ဖြစ်ပြီး ဗုဒ္ဓ (Buddha) ရဲ့သင်ကြားမှု တွေနားကို နီးကပ်လာကြောင်း ထောက်ပြတယ်။ ကျနော်ကတော့ သိပ္ပံသုတတွေ လွယ်လွယ်ရဖို့နဲ့ တဆင့်ပြန် ပေးဖို့ကို ရည်ရွယ်ပြီး ဘာသာပြန်ပါတယ်။ မြန်မြန်ပြန်ဆိုလိုတဲ့ အတွက် တည်းဖြတ်ချိန် လျှော့ထားတယ်။ နောက်ကြောင်း ပြန်ပြီး ခဏခဏပြင်တဲ့ နည်းကိုသုံးပါမယ်။

ရှေးရိုးသိပ္ပံ(Classical Science -၁၇ ရာစုမှ ၁၉ ရာစုထိ)


သိပ္ပံပညာ ဆိုတာဟာ ကြောင်းကျိုး ဝေဖန်နိုင်တဲ့ လူ့မနော ရဲ့ ဆင်ခြင်တွေးခေါ်မှု လေ့ကျင့်ခန်းတစ်ရပ် ဖြစ်ပြီး သိပ္ပံနည်းကျ လေ့လာနည်း ဆိုတာဟာ ပရမတ္တသစ္စာကို နားလည်အောင် ကြိုးစားဖို့ အသုံးပြုတဲ့ အနောက်တိုင်းနည်းစနစ် ဖြစ်တယ်။

အနောက်တိုင်း မှာတော့ သိပ္ပံပညာဟာ နည်းပညာပိုင်း ကို ဖွံဖြိုးစေပြီး စက်မှုတော်လှန်ရေးကို သယ်ဆောင်လာတယ်။ နောက်တော့ လူတွေကို ရုပ်ဝတ္ထုပိုင်း အကျိုးကျေးဇူး အမြောက်အမြားပေးတယ်။ ချမ်းသာကြွယ်ဝမှုကိုပေးတယ်။ အနောက်တိုင်းရဲ့ နိုင်ငံရေးကို လွှမ်းမိုးတယ်။

ဒါတွေကြောင့် အနောက်တိုင်းကလူတွေနဲ့ အနောက်တိုင်းပညာရေးကို ရထားတဲ့လူတွေအတွက် သိပ္ပံပညာဟာ လက်သင့်ခံချင်စရာ ဖြစ်တယ်။ ယနေ့ခေတ်လူတွေဟာ သိပ္ပံနည်းကျတဲ့ အရာကို ယုံကြည်လေ့ ရှိကြတယ်။ သိပ္ပံနည်းကျ လေ့လာမှုဟာ အသိပညာကို ရှာဖွေဖို့ရန် တစ်ခုတည်းသော သင့်လျော်တဲ့ ချဉ်းကပ်မှုလို့ အမှားမှားအယွင်းယွင်း ယုံကြည်ကြတယ်။ အသိပညာရဖို့ သုံးတဲ့ အရှေ့တိုင်းရဲ့ ထိုးထွင်းသိ နည်းနာ ကို သိပ်အာရုံမစိုက်မိကြဘူး။

အကျွန်ုပ်တို့နဲ့ ရင်းနှီးတဲ့ ကြောင်းကျိုးသိ အမြင်နဲ့ ချဉ်းကပ်တတ်တဲ့ ၁၇ ရာစုနဲ့ ၁၉ ရာစုကြားပေါ်ပေါက်ခဲ့တဲ့ သိပ္ပံပညာကို ရှေးရိုးသိပ္ပံ (Classical Science) လို့ခေါ်တယ်။ စာအုပ်အချို့ ကတော့ မော်ဒန်သိပ္ပံ လို့ ရည်ညွှန်းတာလည်း ရှိပါတယ်။ ဒီစာတမ်းမှာတော့ ဒါကို ရှေးရိုးသိပ္ပံ လို့ပဲ သုံးနှုန်းမှာ ဖြစ်တယ်။ ၂၀ရာစု -ပါရာဒိုင်း ပြောင်းလဲခြင်း ရဲ့ ရလာဒ်ဖြစ်တဲ့ သိပ္ပံအသစ်ကိုတော့ မော်ဒန်သိပ္ပံဆိုတဲ့ ဝေါဟာရကို သုံးစွဲသွားမယ်။

ရှေးရိုးသိပ္ပံက ပြီးခဲ့တဲ့ ရာစုသုံးခုလုံးကို ကိုင်ဆုပ်လွှမ်းမိုးထားတယ်။ ရှေးရိုးသိပ္ပံကို အခြေတည်တဲ့ တန်ဖိုး-စံပြဋ္ဌာန်းမှု စနစ် ကို လူမှုရေးပညာရှင် ပစ်ထရင် ဆိုရော့ကင်း Pitrim Sorokin က လူမှုရေးနဲ့ ယဉ်ကျေးမှုပြောင်းလဲမှုကို လေ့လာတဲ့ အခန်းလေးခန်းပါ သူ့ရဲ့ ထူးခြားတဲ့ ကျမ်းစာအုပ်မှာ ခံစားမှုပြဋ္ဌာန်းစနစ် (A sensate value system) လို့ ရှင်းပြထားတာ ရှိတယ်။

ခံစားမှုပြဋ္ဌာန်းစနစ်က ရုပ်ဝတ္ထုဟာ ပရမတ္တသစ္စာ ဖြစ်ပြီး စိတ်ဖြစ်စဉ်တွေဟာ ရုပ်ရဲ့ပြဋ္ဌာန်းခြင်းကို ခံရတယ်လို့ ခံယူထားတယ်။ကျင့်ဝတ်-စံတွေ အားလုံးဟာ နှိုင်းရသဘောကို ဆောင်ပြီး ခံစားချက်ကသာ အသိပညာနဲ့ အမှန်တရားရဲ့ တစ်ခုတည်းသော အရင်းအမြစ် ဖြစ်တယ်လို့ ဒီစနစ်က ဟောကြားလေတော့တယ်။

လူသားရဲ့ ရှေးရိုးသိပ္ပံပညာ အပေါ် ယုံကြည်သက်ဝင်မှုဟာ ပြီးခဲ့တဲ့ ရာစုသုံးခုအတွင်းမှာ အတော်ခိုင်မာလာပြီးတော့ ရှေးရိုးသိပ္ပံက ချပေးလိုက်တဲ့ ခံစားမှုပြဋ္ဌာန်းစနစ် ဟာ လူ့သားရဲ့ လုပ်ဆောင်မှု အဖုံဖုံကို လွှမ်းခြုံထားခဲ့တယ်။ (အရှေ့တိုင်းအမြင် လွှမ်းမိုးတဲ့ နေရာတွေက လွဲရင်ပေါ့)။ (နောက်ပိုင်းမှာ ရှင်းပြသလိုပါပဲ) ရှေးရိုးသိပ္ပံက ပြသတဲ့ ကမ္ဘာ့အမြင်ဟာ အပြစ်မကင်းဖြစ်ခဲ့ရပြီး ဒီအပြစ်ဒေါသတွေက လူ့လုပ်ဆောင်မှု တနံတလျားကို လွှမ်းခြုံထားတဲ့အဖြစ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြီးတွေကို ဦးတည်ခဲ့ရတယ်။

ရှေးရိုးသိပ္ပံကို ဒေးကား Descartes' ရဲ့ ဒဿနအတွေးအခေါ်၊ ဖရန်စစ်ဘေကွန်ရဲ့ နိဿယ( methodology) နဲ့ အိုင်ဇက်နယူတန်ရဲ့ သချာင်္နဲ့ တည်ထောင်ခဲ့တာပါ။

၁၇ ရာစုတုန်းက ဒေးကား (Rene Descartes) က စကြာဝဠာမှာရှိတဲ့ အရာအားလုံးကို ရက်စ်အိပ်စတန်ဆာ-Res Extensa (ရုပ်ဝတ္ထု) နဲ့ ရက်စ်ကော်ဂစ်တန်စ်- Res Cogitans( စိတ်) ဆိုပြီး နှစ်စုစုပြခဲ့တယ်။ ရုပ်ဝတ္ထုပိုင်း- ရက်စ်အိပ်စတန်ဆာ ကို အရေးကြီးတဲ့ အစိတ်အပိုင်း လို့ ယူဆခဲ့ပြီး ဒီအပိုင်းထဲမှာတင် အသိပညာတွေကို စုဆောင်းလေ့လာမှုကို သိပ္ပံလို့ ခေါ်ဝေါ်ခဲ့တယ်။ သိပ္ပံကို (အသိပညာ) လေ့လာမှုအတွက် အလေးအနက် ပြုအပ်တဲ့ အထူးအစိတ်အပိုင်း အဖြစ် ယူဆခဲ့တယ်။ အခြားအပိုင်းဖြစ်တဲ့ စိတ်-ရက်စ်ကော်ဂစ်တန်စ် ကိုတော့ အလေးအနက် ပြုစရာလို့ မယူဆဘဲ သိပ္ပံပညာရှင်တွေ နှိုက်ထုတ် ရှာဖွေဖို့အထိ အဘိုးမတန်ဘူး လို့ ယူဆခဲ့တယ်။

ဒါကြောင့် စကြာဝဠာရဲ့ အရေးကြီးပြီး အလေးအနက်ပြုစရာ အသိပညာတွေဟာ ရုပ်ဝတ္ထု တနည်း သိပ္ပံပညာအပေါ်မှာပဲ ကန့်သတ်ထားခဲ့တယ်။ သိပ္ပံပညာအနေနဲ့ စကြာဝဠာနဲ့ ပတ်သက်ရင် ထိတွေ့တိုင်းတာလို့ရတဲ့ ရှုထောင့်တွေကပဲ လေ့လာဖို့ ထိန်းချုပ်ခံရတယ်။

သိပ္ပံပညာရှင်တွေက စကြာဝဠာကို ၀တ္ထုပစ္စည်းလို့ပဲ လက်ခံထားကြပြီးတော့ စကြာဝဠာရဲ့ တကယ့်ပရမတ်သစ္စာဟာ သက်မဲ့ဖြစ်တယ် သက်ရှိတွေမဟုတ်ဘူးလို့ ယုံကြည်ထားခဲ့ကြတယ်။

Written -Dr.Granville Dharmawardena
Translated-Ahlataya
အလှတရား<<<Thanks

0 comments:

Post a Comment