17.9.13

အမေရိကန်ရေတပ်စခန်း ပစ်ခတ်မှု ၁၃ ဦးသေဆုံး


သေနတ်သမား တစ်ဦးသည် ဝါရှင်တန်ဒီစီ မြို့တော်ရှိ ရေတပ်စခန်း တစ်ခုတွင် သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ပြီး လူ(၁၂)ဦးကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း ပစ်သတ်ခြင်း ခံခဲ့ရသည်။


အမေရိကန်ရေတပ်စခန်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ပစ်ခတ်မှုအ တွင်း သေနတ်သမားအပါအဝင် စုစုပေါင်း လူ ၁၃ ဦးသေဆုံးကြောင်း သိရသည်။ ယခုအခါ အကြမ်းဖက်ပစ်ခတ်သူ၏ အမည်ကို ဝါရှင်တန်ရဲတပ်ဖွဲ့ အတည်ပြု ထုတ်ပြန်ခဲ့ပြီ ဖြစ်သည်။ သေနတ်သမား တစ်ဦးသည် ဝါရှင်တန်ဒီစီ မြို့တော်ရှိ ရေတပ်စခန်း တစ်ခုတွင် သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ပြီး လူ(၁၂)ဦးကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း ပစ်သတ်ခြင်း ခံခဲ့ရသည်။ စုစုပေါင်း အသေအပျောက် (၁၃)ဦးထိ ရှိစေခဲ့သည့် ယင်းရမ်းကား တိုက်ခိုက်မှု၏ တရားခံမှာ အေရွန်အလက်ဆစ်ဟာ ဝါရှင်တန် ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။ အသက်(၃၄)နှစ်ရှိ အလက်ဆစ်သည် တက္ကဆက်စ်ရှိ ဖို့သ်ဝေါ့သ်တွင် နေထိုင်သူ ဖြစ်သည်။ တနင်္လာနေ့ က ဖြစ်စဉ်အတွင်း နောက်ထပ် လူ(၈)ဦးလည်း ဒဏ်ရာများ ရရှိခဲ့သည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားသည် ယခုသတင်းကို ကြားသိပြီးသည်နှင့် အိမ်ဖြူတော်နှင့် ကက်ပီတော်လ် အဆောက်အအုံတို့တွင် အလံအားလုံးကို တိုင်တစ်ဝက်သာ လွှင့်ထူစေပြီး ဝမ်းနည်းကြေကွဲကြောင်း ပြသခဲ့သည်။ ၎င်းက ယခုလုပ်ရပ်သည် သူရဲဘောင် ကြောင်လွန်းသည့် တိုက်ခိုက်မှုဟုလည်း ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ အလက်ဆစ် အနေဖြင့် မည်သည့်အကြောင်းကြောင့် ယခုလို အကြမ်းဖက် တိုက်ခိုက်ခဲ့သည် ဆိုခြင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ သေဆုံးသူများ၏ အသက်အရွယ်သည် (၄၆)နှစ်မှ (၇၃)နှစ်ကြားတွင်ဖြစ်ကြောင်း ရဲများက ပြောကြားထားသည်။ ပစ်ခတ်မှု ဖြစ်ပွားပြီး ကတည်းက အဆိုပါ ရေတပ်ဌာန အနီးတွင် ရဟတ်ယာဉ်များ ဝဲပျံ စောင့်ကြည့်မှုများ ပြုလုပ်ထားခဲ့သည်။

အလက်ဆစ်သည် AR-15 ဆီမီး အော်တိုမက်တစ် ရိုင်ဖယ်တစ် လက်၊ ပြောင်းတိုသေနတ် တစ်လက်နှင့် ပစ္စတိုတို့ကို ကိုင်ဆောင်လာကာ ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းဟု မျက်မြင်များက ပြောကြားခဲ့သည်။ "ရဲတွေ ရောက်လာချိန်မှာတော့ အပြန်အလှန် ပစ်ကုန်ကြတာပါပဲ"ဟု မျက်မြင်တစ်ဦးက ဆိုသည်။ FBIမှ စုံထောက်တစ်ဦးဖြစ်သော ဗလာရီ ပါလာဗီက သံသယ တရားခံသည် ရေတပ်၏ အင်တာနက်ကွန်ရက် ချိတ်ဆက်မှုအတွက် တစ်ဆင့်ခံ ကန်ထရိုက်အဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့်လည်း ဝါရှင်တန် ရေတပ်အဆောက်အအုံထဲ ဝင်ရောက်ခွင့် လက်မှတ်ကို ပိုင်ဆိုင်ထားသည်။

အလက်ဆစ်သည် ရေတပ် အရန်တပ်ဖွဲ့တွင် (၂၀၀၇)ခုနှစ်မှ (၂၀၁၁)ခုနှစ်ထိ အမှုထမ်းခဲ့ဖူးကြောင်းလည်း သိရသည်။ သို့သော်လည်း စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခဲ့သည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးချေ။ ၎င်းသည် ယခင်ကလည်း သေနတ်ပစ်မှုနှင့် စပ်လျဉ်းသည့် ရာဇဝတ်မှု နှစ်ခုအတွက် ဖြေရှင်းခဲ့ရဖူးသည်။ အလက်ဆစ်နှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း ရဲအရာရှိတစ်ဦး ခြေထောက်တွင် ထိမှန်ခဲ့သော်လည်း စိုးရိမ်စရာ မရှိဟု သိရသည်။ အကြမ်းဖက်မှုအတွင်း ဒဏ်ရာရသူ (၃)ဦး ဆေးရုံတက်ရပြီး ကျန်(၅)ဦးမှာမူ အသေးစား အနာတရများ သာ ဖြစ်ခဲ့ပြီး ရေတပ်ဌာန အတွင်းတွင်ပင် ကုသမှု ပေးနိုင်ခဲ့သည်။ ဖြစ်စဉ် အပြီးတွင် အမေရိကန်လွှတ်တော်နှင့် အနီးရှိ ကျောင်း(၆)ကျောင်းတို့ကို ပိတ်ထားရန် ဆုံးဖြတ်ခဲ့သည်။ ရေဂင်အမျိုးသားလေဆိပ်တွင်လည်း ခရီးစဉ် အချို့ကို ခေတ္တဆိုင်းငံ့ထားရသည်။ ဝါရှင်တန် ရေတပ်ဌာနသည် အမေရိကန် ရေတပ်သမိုင်းတွင် အစောဆုံး တပ်ဆင်ဆောက်လုပ်ခဲ့သည့် စစ်စခန်းဖြစ်ပြီး (၁၉)ရာစု အစောပိုင်း ကာလများ ကတည်းက စတင်အသုံးပြုနေခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment