11.9.13

ကွမ်ကျိုးမြို့ အလုပ်ကြမ်းစခန်းများ ဖျက်သိမ်းမည်

တရုတ်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ ဖြစ်သော ကွမ်ကျိုးမြို့ရှိ အလုပ်ကြမ်းစခန်း များကိုဖျက်သိမ်းမည်ဟု ဒေသအာဏာပိုင် များက ကြေ ညာ လိုက်ကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။


ကွမ်ကျိုးမြို့ရှိ အလုပ်ကြမ်းစခန်း များတွင် ထိန်းသိမ်းခံထားရသူ အားလုံးကိုလည်း ယခုနှစ်ကုန်တွင် လွှတ်ပေးမည်ဟု အထက်တန်း တရားသူကြီး တစ်ဦးက နိုင်ငံပိုင် သတင်းစာတစ်စောင် ဖြစ်သော China Daily သတင်းစာကို ပြောကြားခဲ့သည်။

"အလုပ်ကြမ်းစခန်းက ပြန်လွတ်လာတဲ့ သူတွေဟာ လူ့အဖွဲ့အစည်း၊ မိသားစု နဲ့ လုပ်ငန်းခွင်ကို ပြန်ဝင်ရာမှာ အခက်အခဲ အများအပြား ရင်ဆိုင်ရပြီး သူတို့ရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် ကိုလည်း အလုပ်ကြမ်းစခန်းမှာ နှစ်အတော်ကြာအောင် ဆုံးရှုံးခဲ့ရပါတယ်" ဟု အထက်တန်း တရားသူကြီးတစ်ဦး ဖြစ်သူ ယူမင်ယောင်းက ပြောကြားသည်။
ကွမ်ကျိုးမြို့ရှိ အလုပ်ကြမ်းစခန်း များတွင် ထိန်းသိမ်းခံထားရသူ ၁၀၀ ခန့်ရှိသည် ဟုလည်း ၄င်းက ထပ်လောင်းပြောကြားသည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ကွမ်ကျိုးမြို့၏ အဆိုပါ ကြေညာချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သော်လည်း ကွမ်ကျိုးမြို့ တည်ရှိရာ ဂွမ်ဒေါင်းပြည်နယ် အတွင်းရှိ အလုပ်ကြမ်းစခန်း များတွင် ထိန်းသိမ်းခံထားရသူ ဦးရေမှာ ခန့်မှန်းခြေအားဖြင့် ၁၈,၀၀၀ ခန့်ရှိသဖြင့် ယခုလွှတ်ပေးမည့် အရေအတွက်မှာ အလွန်တရာ နည်းပါးသည်ဟု ဝေဖန်ခဲ့သည်။

ထို့ပြင် တရုတ်အာဏာပိုင်များ အနေဖြင့် ပြစ်မှုကျူးလွန်သူများကို အလုပ်ကြမ်း ပြစ်ဒဏ်ပေးခြင်းနှင့် လက်ဝဲဝါဒများ ရိုက်သွင်းခြင်းဖြင့် ပြုပြင်သည့် အလုပ်ကြမ်း စခန်းစနစ်၏ မူလရည်ရွယ်ချက်ကို အခြေခံမှစ၍ ပြုပြင်ပြောင်းလဲရမည့်အစား မူးယစ်ဆေးဖြတ်သည့် စခန်းသို့ပို့ခြင်း ကဲ့သို့သော အမည်ခံ ပြုပြင်ပြောင်းလဲမှုများသာ ပြုလုပ်နေသည်ဟုလည်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဝေဖန်ခဲ့သည်။

ဂွမ်ဒေါင်းပြည်နယ်ရှိ အလုပ်ကြမ်း စခန်းများတွင် ပြစ်ဒဏ်ကျခံနေရသူ ၁၈,၀၀၀ ခန့် ရှိသည့်အနက်မှ ၁၀,၀၀၀ ခန့် ကို မူးယစ်ဆေးသုံးစွဲသူများနှင့် ရောင်းချသူများဟု အာဏာပိုင်များက သတ်မှတ်ပြီး မူးယစ်ဆေးဖြတ် စခန်းများသို့ ပို့လွှတ်ခဲ့သဖြင့် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အထက်ပါအတိုင်း ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

"ခေါင်းစဉ် ဘယ်လိုပဲပြောင်းပြောင်း တရားရုံးမတင်တာ၊ ရှေ့နေငှားခွင့် မရှိတာ၊ ပြန်လည်ထုချေခွင့် မရှိတာကတော့ မရှိတာ ပါပဲ။ ပြီးတော့ အဲဒီမူးယစ်ဆေးဖြတ်စခန်း တွေရဲ့ အခြေအနေကလည်း အရမ်းဆိုးရွား ကြမ်းတမ်းပါတယ်" ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အကြီးတန်း သုတေသနမှူးတစ်ဦးက ပြောကြားသည်။

ရဲအရာရှိများ၏ သံသယရှိခြင်းကို ခံရရုံမျှဖြင့် တရားရုံးတွင် စစ်ဆေးစစ်ဆေး စီရင်ခြင်းမပြုဘဲ အလုပ်ကြမ်းစခန်းတွင် လေးနှစ်အထိ ကျခံရနိုင်သော တရုတ်နိုင်ငံ၏ အလုပ်ကြမ်းစခန်းသို့ ပို့လွှတ်၍ ပြစ်ဒဏ် ချခံစေသောစနစ်ကို လူ့အခွင့်အရေး အဖွဲ့အစည်းများက ဝေဖန်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

တော်လှန်ရေးသမားများနှင့် နိုင်ငံရေးရန်သူများကို တရားရုံးတွင် စစ်ဆေးစီရင်ခြင်း မရှိဘဲ ဖမ်းဆီးထိန်းသိမ်းသည့် ဆိုဗီယက်ပြည်ထောင်စု၏ အကျဉ်းစခန်းများကို အတုယူထားသော အလုပ် ကြမ်းစခန်းများကို တရုတ်နိုင်ငံတွင် တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းလက်ထက် ၁၉၅၀ လွန်နှစ်များတွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စတင်တည်ထောင်သည့် အချိန်မှ ၁၉၇၀ လွန်နှစ်များတွင် အလုပ်ကြမ်းစခန်းများကို အလုံးစုံ စစ်ဆေး ပြုပြင်သည့်အချိန် မတိုင်မီအတွင်း အလုပ်ဒဏ်ပိခြင်း၊ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း နှင့် ပြင်းထန်ဆိုးရွားသော အခြေအနေများကြောင့် လူပေါင်းသန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက ယူဆထားသည်။

လက်ရှိအချိန်ထိလည်း အလုပ်ကြမ်း စခန်းသို့ ပို့လွှတ်၍ ပြစ်ဒဏ်ကျခံစေသော စနစ်အရ တရုတ်ရဲအရာရှိများသည် သူခိုးများနှင့် ပြည့်တန်ဆာများမှ မူးယစ်ဆေး သုံးစွဲသူများ အထိကို တရားရုံးမတင်ဘဲ အလုပ်ကြမ်းစခန်း၌ လေးနှစ် ပြစ်ဒဏ်ကျခံ စေနိုင်သော အာဏာရှိနေဆဲ ဖြစ်သည်။

တရုတ်နိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် လီကွတ်ချောင်က အလုပ်ကြမ်းစခန်း စနစ်ကို ပြုပြင်ပြောင်းလဲသွားမည်ဟု ယခုနှစ် အစပိုင်းက ကတိပြု ပြောကြားထားသော်လည်း သိသာထင်ရှားသော ပြုပြင်ပြောင်း လဲမှုများ လုပ်ဆောင်ခဲ့ခြင်း မရှိသေးဘဲ ယခုမှ ကွမ်ကျိုးမြို့ရှိ အလုပ်ကြမ်းစခန်း များကို ဖျက်သိမ်းမည်ဟူသော ကြေညာချက် ထွက်လာခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment