1.9.13

အစိုးရနှင့် ဆွေးနွေးပြီးမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ထုတ်ပြန်မည်ဟု တယ်လီနောဆို

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် ပမာဏအတိအကျကို အစိုးရနှင့် လုပ်ငန်းကိစ္စရပ်ဆိုင်ရာ ဆွေးနွေးနေမှုများ အပြီးသတ်မှ ထုတ်ပြန်သွား မည် ဖြစ်ကြောင်း ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် ရရှိထားသော တယ်လီနောမြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။


ဆက်သွယ်ရေးအော်ပရေတာ တင်ဒါအောင်မြင်ထားသော တယ်လီနောမြန်မာနှင့် အော်ရီဒူးမြန်မာတို့သည် လိုင်စင်ကိစ္စနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို အစိုးရနှင့် အသေးစိတ် ဆွေးနွေးနေ ဆဲ ဖြစ်သည်။

“ယခုအချိန်မှာ အသိပေးနိုင်တာကတော့ မြန်မာပြည်အတွက် Telenor ရဲ့ စီးပွားရေး စီမံကိန်းဟာ ယခင်အတွေ့အကြုံ ကောင်းတွေပေါ်မှာ အခြေခံထားပါတယ်။ ဒီစီမံကိန်းဟာ ပြည့်ပြည့်စုံစုံနဲ့ ရှင်းလင်း တည်ငြိမ်မှုရှိတဲ့ စီးပွားရေး စီမံဆောင်ရွက်မှု ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာမှ အရာရှိက ရှင်းပြသည်။

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် ပမာဏမှာ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံထက် နည်းပါးနိုင်သည်ဟု တယ်လီနောကုမ္ပဏီ ဥက္ကဋ္ဌ Jon Fredrik Baksaas ၏ ပြောဆိုချက်ကို ကိုးကားကာ ပြည်တွင်းပြည်ပ မီဒီယာများတွင် ဖော်ပြထားသည်။

“မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမယ့် ပမာဏက ပါကစ္စတန်မှာ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံခဲ့တာထက် နည်းပါးနိုင်ပါတယ်။ ဟိုမှာ အခြေအနေတွေက တည်ငြိမ်မှု မရှိတဲ့အတွက် အတတ်နိုင်ဆုံး များအောင် ရင်းနှီးမြှုပ်နှံမယ်လို့ ယူဆခဲ့ပေမယ့် မဖြစ်ခဲ့ပါဘူး” ဟု Jon Fredrik Baksaas က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

တယ်လီနောမြန်မာ ကုမ္ပဏီအနေနှင့် ပြည်တွင်း ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရန်အတွက် တရုတ်ကုမ္ပဏီ Huawei၊ ဆွီဒင်အခြေစိုက် Sony Ericson၊ အိန္ဒိယမှ VIOM စသည့် Vendor ကုမ္ပဏီသုံးခုနှင့် ဆွေးနွေးနေကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က အတည်ပြု ပြောကြားသည်။

တယ်လီနောမြန်မာ ကုမ္ပဏီအနေနှင့် ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရရှိပြီး ရှစ်လအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်သွားရန် ရည်ရွယ်ထားပြီး ဖုန်းပြောဆိုခ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကာ ဆင်းကတ်တစ်ခု တန်ဖိုးကို ၁၅၀၀ ကျပ်ဟု ကြေညာထားသည်။

ပြိုင်ဘက်ကုမ္ပဏီ တစ်ခုဖြစ်သော အော်ရီဒူးမြန်မာ ကုမ္ပဏီကလည်း ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရရှိပြီး ခြောက်လအတွင်း ဝန်ဆောင်မှုများ စတင်မည်ဖြစ်ကြောင်း တရားဝင် ပြောဆိုထားသည်။

တင်ဒါအောင် ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုကို လိုင်စင်ချထားပေးရန်နှင့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရန်အတွက် ဆက်သွယ်ရေး ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ လက်မှတ်ထိုး အတည်ပြုရန် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတထံ ပေးပို့ ထားသည်။

The Voice Weekly

0 comments:

Post a Comment