1.9.13

ဆီးရီးယားကို အကန့်အသတ်ဖြင့် တုံ့ပြန်ရန် စဉ်းစားလျက်ရှိဟု အိုဘားမားပြောကြား

အမေရိကန် ထောက်လှမ်းရေး သတင်းအချက်အလက်များအရ ဆီးရီးယားအစိုးရသည် ဓာတုလက်နက် အသုံးပြုခဲ့ကြောင်း သေချာနေ ပြီး ဖြစ်သောကြောင့် ဆီးရီးယားကို အကန့်အသတ်ရှိသော တုံ့ပြန်မှု တစ်စုံတစ်ရာ ပြုလုပ်ရန် စဉ်းစားလျက် ရှိသည်ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောကြားကြောင်း CNN
သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ အိုအားမားက ၎င်းသည် စစ်ကိုငြီးငွေ့နေသူ တစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆီးရီးယားအပေါ် အကန့်အသတ်ဖြင့် တုံ့ပြန်သွားမည် ဖြစ်ကြောင်း ဆီးရီးယားနှင့် ပတ်သက်၍ အပြီးသတ် ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း သတင်းထောက်များ ကို သောကြာနေ့က ပြောကြားသည်။

သို့သော် ကျွမ်းကျင်သူများ၏ အမြင်အရ အမေရိကသည် ခရုစ်ဒုံးကျည်များဖြင့် ဆီးရီးယားအစိုးရ၏ စစ်စခန်းများကို တိုက်ခိုက်သွားဖွယ် ရှိကြောင်း၊ သို့သော် ဆီးရီးယား၏ ဓာတုလက်နက်များ သိုလှောင်ရာနေရာများကိုမူ တိုက်ခိုက်မည် မဟုတ်ကြောင်း ယူဆထားကြသည်။

အစောပိုင်းက အမေရိကန် နိုင်ငံခြားရေး ဂျွန်ကယ်ရီသည် အမေရိကန် ထောက်လှမ်းရေး လျှို့ဝှက် သတင်းအချက်အလက်များကို ချပြ၍ ဆီးရီးယားအစိုးရသည် ဓာတုလက်နက် အသုံးပြုလျက် ရှိခြင်းကြောင့် စစ်ရေးအရ တိုက်ခိုက်အရေးယူရန် ပြည်တွင်းပြည်ပ ထောက်ခံမှုရရှိရန် ကြိုးပမ်းခဲ့သည်။

သို့သော် အမေရိကန်၏ မဟာမိတ်တပ်ဖွဲ့ နေတိုးကမူ ဆီးရီးယားအပေါ် စစ်ရေးဖြင့် တိုက်ခိုက်ရန်အတွက် ကုလသမဂ္ဂ၏ ထောက်ခံချက်ရရှိရန် လိုလားလျက်ရှိပြီး ကုလသမဂ္ဂ၏ ထောက်ခံမှု ရရှိရန်မှာ ဆီးရီးယား၏မိတ်ဆွေ ရုရှား၏ ထောက်ခံမည် မဟုတ်သောကြောင့် အမေရိကန်အစိုးရကမူ ကုလ၏ ထောက်ခံမှုကို ရယူလိုခြင်း မရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယားအပေါ် အရေးယူမည့်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ထောက်ခံမှု မရသည့်ကိစ္စနှင့် ပတ်သက်၍ “တော်တော်များများကတော့ ဆီးရီးယားအပေါ် တစ်ခုခု လုပ်သင့်တယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ ဘယ်သူမှ လုပ်ချင်ပုံမရပါဘူး” ဟု အမေရိကန်သမ္မတ အိုဘားမားက စိတ်ပျက်လက်ပျက်ဖြင့် ပြောကြားသည်။

ဆီးရီးယားအစိုးရ၏ ဓာတုလက်နက် အသုံးပြုကြောင်း အမေရိကန် ထောက်လှမ်းရေး တွေ့ရှိချက်များကို ကုလသမဂ္ဂသို့ တင်ပြရန် ရုရှားသမ္မတပူတင်က တုံ့ပြန် စိန်ခေါ်ထားသည်။

“ဆီးရီးယား ပြည်တွင်းစစ်မှာ ဆီးရီးယား အစိုးရဘက်က အသာရနေတဲ့အချိန်မှာ အခုလိုဓာတုလက်နက် သုံးတယ်ဆိုတာ လုံးဝအဓိပ္ပာယ် မရှိပါဘူး” ဟု ရုရှားသမ္မတ ပူတင်က ပြောကြားသည်။

ဆီးရီးယားအစိုးရ၏ ယခုအပြုအမူမျိုးကို အမေရိကန်နှင့် မဟာမိတ်များက လက်မခံကြောင်း ပြသရန်အတွက် ဆီးရီးယားအပေါ် အကန့်အသတ်ဖြင့် တုံ့ပြန်သွားရန် စဉ်းစားလျက် ရှိကြောင်း၊ သို့သော် ဆီးရီးယားတွင် ရေရှည် တပ်စွဲထားရမည့် စစ်ပွဲမျိုးကို စဉ်းစားထားခြင်း မရှိကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောကြားသည်။

ဆီးရီးယားတွင် ရောက်ရှိနေသော ကုလသမဂ္ဂ လက်နက်စုံစမ်းစစ်ဆေးရေးမှူးများသည်လည်း ဆီးရီးယားရှိ အထောက်အထားများကို ယူဆောင်၍ ဆီးရီးယားမှ လက်ဘနွန်သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ကုလစုံစမ်းရေးမှူးများသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို စနေနေ့တွင် အစီရင်ခံမည် ဖြစ်သော်လည်း စုံစမ်းစစ်ဆေးရေးမှူးများ၏ တွေ့ရှိချက်များကို ဓာတ်ခွဲခန်း စမ်းသပ်ချက်များဖြင့် အပြီးသတ် အစီရင်ခံစာ ရရှိရန်မှာမူ သီတင်းတစ်ပတ်ခန့် အချိန်ယူရဖွယ် ရှိကြောင်း အနောက်နိုင်ငံမှ သံတမန်များက ပြောကြားသည်။

ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူ တိုက်ခိုက်ရန်မှာ ပါလီမန်၏ ထောက်ခံချက် မရရှိသောကြောင့် ဗြိတိန်နိုင်ငံ ပါဝင်ခြင်းမရှိဘဲ ပြင်သစ်ကမူ ထောက်ခံထားသည်။

The Voice Weekly

0 comments:

Post a Comment