1.9.13

လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချို ပဲခူးတွင်ဖမ်းခံရ

သိမ်းဆည်းခံ လယ်မြေများ ပြန်လည် ရရှိရေးအတွက် ခွင့်ပြုချက်မရဘဲ ပဲခူးမြို့တွင် ဆန္ဒပြတောင်းဆိုသူ ဦးဝင်းချို အပါအဝင် လူခုနစ်ဦးကို ပုဒ်မ ၅၀၅/ခ ဖြင့် ပဲခူးမြို့ရဲစခန်းက ဖမ်းဆီးခဲ့ကြောင်းအဆိုပါ ဆန္ဒပြမှုတွင် ပါဝင်သူတစ်ဦးဖြစ်သူ ဦးမောင်မောင်က ပြောကြားသည်။


စီမံကိန်းများအတွက် သိမ်းဆည်းထားသော မြေများမှ အသုံးမပြုဘဲ ပိုလျှံမြေများကို လယ်သမားများထံ ပြန်ပေးရန် လမ်းလျှောက် ဆန္ဒပြတောင်းဆိုမှုကို သြဂုတ် ၃၁ နံနက် ၁၀ နာရီက ပဲခူးမြို့ ရွှေမော်ဓောဘုရားမှ ပဲခူးမြို့လယ်နာရီစင်အနီးရှိ လိပ်ပြာကန်သို့ လူ ၁၅ ယောက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လိပ်ပြာကန် အရောက်တွင် တရားမျှတမှု လယ်သမားထုရရှိရေး ခေါင်းစဉ်ဖြင့် ဟောပြောနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖမ်းဆီးခံရသူများကို ပဲခူးမြို့နယ် တရားရုံးကို ဖမ်းဆီးခေါ်ဆောင်သွားကာ စက်တင်ဘာ ၂၃ ရက်တွင်ရုံးတင် စစ်ဆေးမည်ဖြစ်ပြီး ဆန္ဒပြတောင်းဆိုပွဲ ပြုလုပ်ခွင့်ရရန် ပဲခူးမြို့ရဲစခန်း၊ ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးများကို သုံးကြိမ်ခန့် တင်ပြခဲ့သော်လည်း ခွင့်ပြုချက် မရရှိကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ပဲခူးမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အမှတ် (၁) ပဲခူးမြို့နယ် ရဲစခန်းက ဖမ်းဆီးခြင်း ဖြစ်ကြောင်းပြော၍ အမှတ် (၁) ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးပြီးပြီးချင်း တရားရုံးကို ခေါ်ဆောင်သွားသည်သာ သိရှိကြောင်း၊ အခြားအကြောင်းအရာများနှင့် ပတ်သက်၍ တာဝန်မှူးမရှိကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။

လက်ပံတောင်းတောင် အရေးကိစ္စဖြင့် မုံရွာမြို့တွင် သြဂုတ်လ ၁၃ ရက်နေ့က ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်ခဲ့သော ဒေါ်နော်အုန်းလှကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် တရားမစွဲဘဲ ပုဒ်မ ၅၀၅/ခ တရားစွဲဆိုကာ သြဂုတ်လ ၂၉ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

ကောင်းဆက်နိုင်
The Voice Weekly

0 comments:

Post a Comment