1.9.13

အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့အကြား နိုင်ငံရေး ပွတ်တိုက်မှုများသည် ပြုပြင်ပြောင်းလဲရေး ကာလတွင် ကြုံတွေ့ရမည်ဖြစ်ပြီး ညှိနှိုင်းအဖြေထုတ်ရန် အရေးကြီးဟု နိုင်ငံတော်သမ္မတ ပြောကြား

အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့အကြား နိုင်ငံရေး ပွတ်တိုက်မှုများသည် ပြုပြင်ပြောင်းလဲရေး ကာလတွင် ကြုံတွေ့ရမည်ဖြစ်ပြီး ညှိနှိုင်းအဖြေထုတ်ရန် အရေးကြီးသည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၁ ရက်က ပြည်သူများသို့ ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားစဉ်
ထည့်သွင်းပြောကြားလိုက်သည်။

လက်ရှိ အစိုးရလက်ထက်တွင် ပေါ်ပေါက်လာသည့် ပြုပြင်ပြောင်းလဲရေးများကို ဖြစ်ပေါ်စေသည့် နိုင်ငံရေးဖြစ်စဉ်ကို သုံးသပ်ကြည့်ပါက အာမခံရှိသော အရွေ့များကို တည်ဆောက်နိုင်ပြီဟု သုံးသပ်နိုင်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးအကြား လတ်တလော ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပွတ်တိုက်မှုတွေဟာလည်း ပြုပြင်ပြောင်းလဲရေး ကာလမှာ ကြုံတွေ့ရမယ့် သဘာဝကျတဲ့ ကိစ္စရပ်များ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ ပွတ်တိုက်မှုတွေကနေ သင်ခန်းစာများ ရယူသွားရမှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ စည်းစနစ်တွေ၊ နည်းနာသစ်တွေ ဆက်သွယ်ရေး ပုံစံတွေနဲ့ ညှိနှိုင်းအဖြေထုတ်ခြင်းဆိုတာတွေ ဖြစ်ပေါ်လာအောင် ပုံစံချနိုင်ဖို့ဆိုတဲ့ ကိစ္စရပ်က ပိုအရေးကြီးတယ်လို့ ရှုမြင်ကြရမှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ထိုသို့ ရှုမြင်နိုင်မှသာ ဒီမိုကရေစီ စနစ်ကို အခြေခံသည့် အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်အကြား ကောင်းမွန်မှန်ကန်သည့် အပြန်အလှန် ထိန်းကျောင်းမှုများကို ခိုင်မာစေမည် ဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

"ကျွန်တော်အပါအ၀င် လက်ရှိမြန်မာ့နိုင်ငံရေး ခေါင်းဆောင်များအနေနဲ့ နိုင်ငံရေး ပွတ်တိုက်မှုတွေကို နားလည်လက်ခံပေးပြီး ရေရှည်တည်ဆောက်ရေး သင်ခန်းစာများ ရယူကာ ဆွေးနွေးညှိနှိုင်းခြင်းတွေ၊ မျှတတဲ့ အပေးအယူ ပြုလုပ်ခြင်းတွေ၊ ခိုင်မာတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် တည်ဆောက်ရေးတို့ကို ရည်သန်ထိန်းကျောင်းပေးဖို့ တိုက်တွန်းလိုပါတယ်" ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ဆွေးနွေးညှိနှိုင်းခြင်း၊ အပေးအယူလုပ်ခြင်းများဟု ဆိုရာတွင် အလျှော့ပေး ညှိနှိုင်းဆွေးနွေးဖို့ မဟုတ်ကြောင်း၊ မတူညီသည့် သဘောထားများ ရှိကြသော်လည်း ခိုင်မာသည့် နိုင်ငံရေး အနာဂတ်တစ်ရပ် ပိုင်ဆိုင်နိုင်ရန်နှင့် ရေရှည်တည်တံ့သည့် နိုင်ငံရေးဖြစ်စဉ်တစ်ရပ် ပိုင်ဆိုင်နိုင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီး မှန်ကန်သော စိတ်စေတနာ၊ ဥာဏ်ပညာများကို အသုံးပြုကာ ပြည်သူ့အကျိုး ဖော်ဆောင်ပေးနိုင်ဖို့အတွက် ပါဝင်ပတ်သက်သည့် ပုဂ္ဂိုလ်အသီးသီးကို တိုက်တွန်းနှိုးဆော်ခြင်းသာ ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ဆိုသည်။

ထို့ပြင် တရားဥပဒေ စိုးမိုးရေးမှာ အရေးအကြီးဆုံးဖြစ်သည့် တရားစီရင်ရေး မဏ္ဍိုင်ကိုလည်း လွတ်လပ်ပြီး အားကောင်းခိုင်မာလာအောင် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဟုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းမှတစ်ဆင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)

0 comments:

Post a Comment