1.9.13

မော်ဒယ်လ်၊ သရုပ်ဆောင် စိုင်းစည်တွမ်ခမ်းနှင့် တွေ့ဆုံခြင်း

တီဗီကြော်ငြာနှင့် MTV သီချင်းများတွင်သာ အတွေ့ရများနေသည့် မော်ဒယ် လ်၊ သရုပ်ဆောင် စိုင်းစည်တွမ်ခမ်းနှင့် တွေ့ဆုံပြီး ၎င်း၏ပထမဆုံး ဗီဒီယို ဇာတ်ကားဖြစ်သော လျှို့ဝှက်ရင်ခုန်သံ ဇာတ်ကား ထွက်ရှိ လာပြီးနောက် နောက်ထပ်ဇာတ်ကားများ မရိုက်ကူးဖြစ်သည့် အကြောင်းရင်း၊ ဇာတိလားရှိုးမြို့တွင် ဖွင့်လှစ်ထားသည့် ကိုယ်ပိုင်ဆေးရုံအကြောင်း၊ စိတ်ဝင်စားသော ဇာတ်ကောင် စရိုက်များ အကြောင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်


Voice ။ ။ ဆေးကျောင်းတက်နေရာကနေ အနုပညာအလုပ်တွေ စလုပ်ဖြစ်ပုံလေး ပြောပြပေးပါဦး။
S.S.T.K ။ ။ အနုပညာအလုပ်တွေ စလုပ်ဖြစ်တာက ကျွန်တော်ဆေးကျောင်း နောက်ဆုံးနှစ်လောက်မှာ ပြိုင်ပွဲတစ်ခုလုပ်ဖို့အတွက် ကျောင်းမှာ Form လာဝေကြတယ်။ သူငယ်ချင်းတွေကနေ ပြိုင်ပါလားလို့ မြှောက်ပေးကြတာနဲ့ ဝင်ပြိုင်ဖြစ်သွားတယ်။ အဲ့ဒီကနေ ပြိုင်ပွဲနှစ်ခုလောက်မှာ ဆုတွေရတော့ ဓာတ်ပုံတွေ ရိုက်ဖြစ်ရင်းကနေ တဖြည်းဖြည်းနဲ့ ဒီအနုပညာလောကထဲ ရောက်လာတာပါ။

Voice ။ ။ ဘယ်ပြိုင်ပွဲမှာ ဘာဆုတွေ ရခဲ့တယ်ဆိုတာ ပြောပြပေးပါဦး။
S.S.T.K ။ ။ ကျွန်တော် ပထမဆုံးပြိုင်တဲ့ မန္တလေးမှာလုပ်တဲ့ Lactasyd face ဆိုတဲ့ ပြိုင်ပွဲမှာ ပထမဆု ရခဲ့တယ်။ အဲ့ဒီနှစ်ထဲမှာပဲ ကိုရီးယား ရုပ်တူပြိုင်ပွဲမှာ ပထမဆုထပ်ရတယ်။ နောက်ပိုင်းကျတော့ ရန်ကုန်မှာ ကျွန်တော် House လာဆင်းတယ်။ House ဆင်းပြီးတော့လည်း နယ်ပြန်ပြီး ဆေးကုနေတော့ သိပ်မလုပ်ဖြစ်ဘူး။ ၂၀၁၁ လောက်မှ ရန်ကုန်ပြန်ဆင်းလာပြီး Ecore အလှကုန်ကလုပ်တဲ့ ပြိုင်ပွဲမှာ ဝင်ပြိုင်တော့ ဆုရတယ်။ နောက်ဆုံးပြိုင်တာကတော့ Manhunt (2011) ပြိုင်ပွဲမှာ ဆုသုံးဆုလောက်ရပြီး ရေသန့် ကြော်ငြာတွေ၊ ဖုန်းကြော်ငြာတွေ ရိုက်ဖြစ်တယ်။

Voice ။ ။ အနုပညာပိုးက ကိုယ့်ဆီမှာ ဘယ်အချိန်ကတည်းက စရှိခဲ့တယ်ထင်လဲ။
S.S.T.K ။ ။ အနုပညာပိုးကတော့ ကျွန်တော်က အရင်ကတည်းက ရုပ်ရှင်တွေ ကြည့်ရတာ သဘောကျတယ်။ သီချင်းတွေ ဘာတွေဆိုရတာ ဝါသနာပါတယ်။ ကျောင်းတုန်းကလည်း သူငယ်ချင်းတွေနဲ့ ပွဲတွေမှာ တက်ဆိုဖူးတယ်။ သီချင်းဆိုတာကိုတော့ ပိုကြိုက်တာပေါ့နော်။ အဲဒီတုန်းကတော့ သရုပ်ဆောင်လုပ်ဖို့ စိတ်ကူးမရှိဘူး။ ရုပ်ရှင်ကြည့်ရတာကိုပဲ သဘောကျတယ်။ နောက်ပိုင်းကျတော့ ကြော်ငြာတွေ ရိုက်ရင်းနဲ့ တဖြည်းဖြည်း ရိုက်ဖြစ်သွားတာပါ။ ကိုယ်တိုင် လုပ်ကြည့်တော့မှ အနုပညာအလုပ်က အရမ်းလည်း ခက်ခဲမှန်း သိလာရပါတယ်။ ဒါပေမဲ့ ကိုယ်လုပ်လို့ ရသလောက်၊ လုပ်နိုင်သလောက် အကောင်းဆုံး ကြိုးစားကြည့်တာပါ။

Voice ။ ။ သီချင်းဆိုရတာ ဝါသနာပါတယ်ဆိုတော့ ဘယ်လိုသီချင်းမျိုးတွေ နားထောင်ဖြစ်လဲ၊ ဆိုဖြစ်လဲ။
S.S.T.K ။ ။ သီချင်းကတော့ အကုန်ကြိုက်ပါတယ်။ သီချင်းအေးအေးလေးတွေလည်း ကြိုက်တယ်။ တစ်ခါတလေကျရင် သီချင်းအမြူးတွေလည်း ကြိုက်တယ်။ နားထောင်တာကတော့ မြန်မာသီချင်း၊ အင်္ဂလိပ်သီချင်း၊ ယိုးဒယားသီချင်း အစုံနားထောင်ပါတယ်။ ဆိုတာကတော့ R & B တို့ Slow Rock တို့ ဆိုရတာ ပိုသဘောကျတယ်။

Voice ။ ။ ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ရတာ ဝါသနာပါခဲ့တယ်ဆိုတော့ ကိုယ်တိုင် သရုပ်ဆောင်တစ်ယောက် ဖြစ်လာတဲ့အခါမှာရော ဘယ်လိုဇာတ်ကောင် စရိုက်မျိုးကို သရုပ်ဆောင်ချင်လဲ။
S.S.T.K ။ ။ ကျွန်တော်က ဇာတ်ကား အစုံကြည့်တယ်။ တွမ်ဟန့်တို့ လီယိုနာဒိုတို့ ရိုက်တဲ့ ဇာတ်ကားတွေကို တော်တော်ကြိုက်တယ်။ လူတစ်ယောက်စီမှာ Character တစ်မျိုးစီ ရှိကြတော့ လူတွေရဲ့စရိုက်တွေကို လေ့လာရတာ ကျွန်တော်ကြိုက်တယ်။ ဇာတ်ကောင် စရိုက်မျိုးစုံကိုလည်း သရုပ်ဆောင် ကြည့်ချင်ပါတယ်။

Voice ။ ။ စိုင်းစည်တွမ်ခမ်းက မိုးအောင်ရင်၊ ဝတ်မှုန်ရွှေရည် တို့နဲ့အတူ သရုပ်ဆောင်ထားတဲ့ လျှို့ဝှက်ရင်ခုန်သံ ဇာတ်ကား ထွက်ပြီးကတည်းက နောက်ထပ် ဇာတ်ကားတွေမှာ မတွေ့ရတော့ဘူး။ ဘာကြောင့် ဆက်မရိုက်ဖြစ်တော့တာလဲ ဆိုတာ ပြောပြပေးပါဦး။
S.S.T.K ။ ။ ကျွန်တော် အဲဒီကားရိုက် ဖြစ်သွားတာကလည်း Lucky 7 ထုတ်လုပ်ရေးကရော၊ ဒါရိုက်တာ ဦးမီးပွားကပါ ရိုက်မလားလို့ ကမ်းလှမ်းတော့ ကျွန်တော်အတွေ့အကြုံ မရှိပေမယ့် ကြိုးစားကြည့်မယ်ဆိုပြီး ရိုက်ဖြစ်သွားတာ။ အဲဒီတုန်းက ကျွန်တော်က ကြော်ငြာတွေ၊ ဗီစီဒီတွေပဲ ရိုက်ဖူးသေးတယ်။ အဲ့ဒီကား ရိုက်ပြီးသွားတော့လည်း မထွက်မချင်း ပရိသတ်ရဲ့ တုံ့ပြန်မှုက ဘယ် လိုလာမလဲ မသိသေးတော့ နောက်ထပ် မရိုက်ဘဲနေတာ ရှစ်လ၊ ကိုးလလောက် ကြာသွားတာပါ။

Voice ။ ။ ဒီဇာတ်ကား ထွက်လာပြီးတဲ့ အခါမှာရော ပရိသတ်တွေဆီက ဘယ်လို ဝေဖန်သံတွေ ကြားရလဲ။
S.S.T.K ။ ။ ဒီဇာတ်ကား ထွက်လာတော့လည်း ပရိသတ်တွေက အားပေးကြပါတယ်။ တချို့ကလည်း ကြိုးစားဖို့ လိုသေးတယ်လို့ပြောတယ်။ တချို့ကလည်း အသစ်တစ်ယောက် အနေနဲ့ဆို သရုပ်ဆောင်တာ မဆိုးဘူးပေါ့နော်။ ကျွန်တော်ကတော့ ကိုယ့်ဟာကိုယ် အားမရဘူးပေါ့နော်။ ကိုယ်နဲ့ အတူ တွဲရိုက်တဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေကတော့ သင်ပေးကြပါတယ်။

Voice ။ ။ ဇာတ်ကား ရိုက်ကူးရေးပိုင်းမှာရော ဘယ်လိုအခက်အခဲတွေ တွေ့ခဲ့ရလဲ။
S.S.T.K ။ ။ ဇာတ်ကား ရိုက်ကူးတဲ့အခါမှာ ကျွန်တော့်အတွက် အဓိကအခက်အခဲက ဒိုင်ယာလော့ခ် ပြောတာဗျ။ သူက Flow လိုတယ်လေ။ ကိုယ်ကပြောနေကျ မဟုတ်တော့ သိပ်အဆင်မပြေဘူး။ နောက်တစ်ခုက ရိုက်ကူးရေးမှာ မီးတွေ၊ မှန်တွေ ကိုယ့်ကို ထိုးထားတဲ့အခါမှာ အိုက်ပြီးချွေးတွေ အရမ်းထွက်လာတတ်တယ်။ အခက်အခဲကတော့ အများကြီး ကြုံခဲ့ရပါတယ်။

Voice ။ ။ ဇာတ်ကားတွေမှာ သရုပ်ဆောင်တာကို ဆက်ပြီးမြင်ချင်တဲ့ ပရိသတ်တွေကိုရော စိုင်းစည်တွမ်ခမ်း ဘာပြောချင်လဲ။
S.S.T.K ။ ။ ပရိသတ်တွေအတွက် ကျွန်တော်လုပ်တတ်သလောက်၊ လုပ်နိုင်သလောက်ထဲက အကောင်းဆုံး ကြိုးစားနေပါတယ်လို့။ ဇာတ်ကားတွေမှာ ဆက်ပြီး သရုပ်ဆောင်ဖြစ်ဖို့ကတော့ အခွင့်အလမ်းရယ်၊ အခြေအနေနဲ့ အချိန်အခါအပေါ် အများကြီး မူတည်ပါတယ်လို့ ပြောချင်ပါတယ်။

Voice ။ ။ ဆရာဝန်ဘွဲ့ ရပြီးတဲ့နောက်မှာရော ဆေးပညာနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်ဖြစ်နေလဲ။
S.S.T.K ။ ။ ဆရာဝန်ဘွဲ့ ရပြီးတဲ့နောက်မှာတော့ ကျွန်တော့်ရဲ့ဇာတိ လားရှိုးမြို့မှာ ဆေးရုံ အသေးစားလေးတစ်ခု ဖွင့်ထားပါတယ်။ ပုံမှန် နှစ်လတစ်ခါလောက်သွားပြီး လိုတာရှိရင် စီစဉ်ညွှန်ကြားပေးပါတယ်။
Voice ။ ။ ကိုယ်တတ်ကျွမ်းထားတဲ့ ဆေးပညာနဲ့ ပရဟိတ အလုပ်တွေလုပ်ဖို့ စိတ်ကူးထားတာမျိုးရော ရှိလား။

S.S.T.K ။ ။ ပရဟိတ အလုပ်တွေကတော့ အမြဲတမ်းလုပ်ပေးဖို့ အဆင်သင့်ပါပဲ။ လူသားအားလုံးက အဆင်ပြေနေတာမှ မဟုတ်တာ။ တချို့က ပိုလျှံနေတယ်၊ တချို့က လိုအပ်နေတယ်။ အဲ့ဒီတော့ အားလုံးမျှသွားအောင် ကျွန်တော်တတ်နိုင်သမျှ အတိုင်းအတာနဲ့ လုပ်ပေးဖို့ ရည်မှန်းထားပါတယ်။
Voice ။ ။ သရုပ်ဆောင်တစ်ယောက် အနေနဲ့ ဖက်ရှင်ကို စိတ်ဝင်စားလား။ ကိုယ့်ရဲ့ဖက်ရှင် အတွက် ဘယ်လိုဂရုစိုက်ဖြစ်လဲ။

S.S.T.K ။ ။ ဖက်ရှင်ကတော့ ကိုယ်နဲ့ လိုက်တယ်ထင်ရင်၊ ကြုံရင်ဝယ်လိုက်တာပဲ။ သီးသန့်ကြီး ဖက်ရှင်အတွက် Shopping တွေ ထွက်နေတာမျိုးတော့ မရှိဘူး။ ကျွန်တော်ကတော့ သပ်သပ်ရပ်ရပ်နဲ့ သက်သောင့်သက်သာ ဖြစ်စေမယ့် ဖက်ရှင်မျိုးကို သဘောကျပါတယ်။
Voice ။ ။ နောက်ပိုင်းမှာကတော့ သရုပ်ဆောင်အလုပ်နဲ့ ဆရာဝန်အလုပ် ဘယ်ဘက်ကို ပိုလုပ်ဖြစ်မလဲ။

S.S.T.K ။ ။ ဘယ်အလုပ်မဆိုတော့ ကိုယ့်ကံပါသလောက်၊ အခွင့်အရေး ရသလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ပဲ စိတ်ကူးထားပါတယ်။ ဆရာစံဇာဏီဘိုကတော့ ကျွန်တော့်ဘဝမှာ အနည်းဆုံး အလုပ်သုံးမျိုးလောက် လုပ်ရမယ်လို့ ဟောထားပါတယ်။
Voice ။ ။ လတ်တလော အနုပညာ လှုပ်ရှားမှုကျတော့ ဘာတွေလုပ်ဖို့ရှိလဲ။
S.S.T.K ။ ။ အခုလတ်တလောကတော့ ဒါရိုက်တာ စင်ရော်မောင်မောင်၊ သရုပ်ဆောင် မိုးယုစံ၊ ဦးထွန်းထွန်းဝင်း၊ မမေသဉ္ဇာဦး၊ ဒေါ်နွဲ့နွဲ့စန်းတို့နဲ့ မီးဘေးပညာပေး ဇာတ်လမ်းတိုတစ်ခု ရိုက်နေတယ်။ တီဗီကြော်ငြာနဲ့ သီချင်းဗီစီဒီတွေ ရိုက်ဖို့ ပြောထားတာတွေလည်း ရှိတယ်။

Voice ။ ။ စိုင်းစည်တွမ်ခမ်းကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောချင်တာရှိရင် ပြောပေးပါဦး။
S.S.T.K ။ ။ ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်တွေ ရှိတယ်ဆိုရင် ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တော်လည်း ကိုယ်တတ်နိုင်သလောက်၊ အခွင့်အရေး ရသလောက် အကောင်းဆုံး ကြိုးစားပါမယ်လို့၊ လိုအပ်ချက်တွေ ရှိရင်လည်း နားလည်ပေးပါ လို့ ပြောချင်ပါတယ်။ ပရိသတ်ကြီး အားလုံးလည်း ပျော်ပျော်ရွှင်ရွှင်၊ စိတ်ချမ်းချမ်းသာသာနဲ့ နေနိုင်ကြပါစေလို့ ပြောချင်ပါတယ်။

သန့်ဇင်ဦး
The Voice Weekly

0 comments:

Post a Comment