12.9.13

ဂန်လမ်ရာဇီသို့ အောင်မြင်စွာခြေချနိုင်ခဲ့ပြီးနောက် အပြန်ခရီးအတွက် ပြင်ဆင်ကြပြီ

မြန်မာ-အမေရိကန်ပူးပေါင်းတောင်တက်အဖွဲ့သည် မည်သည့်တောင်တက်အဖွဲ့မှ တက်ရောက်နိုင်ခြင်းမရှိသေးသော ဂန်လမ် ရာဇီရေခဲတောင်ထိပ် အမြင့်ပေ (မီတာ၅၈၅၀/ ပေ၁၉၁၉၂)သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပြီးနောက် ရာသီဥတု ကောင်းမွန်ပါက ရဟတ်ယာဉ်ဖြင့်တဟွန်းဒမ်းရွာမှ ပူတာအိုသို့ ပြန်လာရန် ရည်ရွယ်ထားသည်ဟု သိရသည်။

အမြင့်ပေ ၁၆၀၀၀ ခန့်တွင်ပြုလုပ်ထားသည့် Base Camp (အခြေခံစခန်း)မှ ပထမဆုံးတွေ့ရှိရမည့် တဟွန်းဒမ်းကျေးရွာသို့ နှစ်ရက်ခရီးဖြင့် ခရီးနှင်ရန် ရည်ရွယ်ထားပြီး ထိုမှတဆင့် ပူတာအိုသို့ ပြန်လာရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ဂန်လမ်ရာဇီ တောင်တက်အဖွဲ့၏သတင်းထုတ်ပြန်မှုအရ သိရှိရသည်။

အရှေ့တောင်အရှတွင် အမြင့်ဆုံးဖြစ်သော ခါကာဘိုရာဇီတောင်ထက် ဂန်လမ်ရာဇီတောင်မှာ ပေ ၉၀ ပိုမြင့်သည်ကို သက်သေ ပြရန်အတွက် ယခင်အသုံးပြုခဲ့သောမြေပုံဟောင်းများ၏ အညွန်းကိန်းနှင့် GPS မှ ရရှိသော အချက်အလက်များကို နှိုင်းယှဉ် တွက်ချက်ပြီးမှသာ ကြေညာသွားနိုင်မည်ဖြစ်ကြောင်း တောင်တက်အဖွဲ့နှင့်အဆက်အသွက်ပြုလုပ်သတင်းပေးပို့နေသူ မြန်မာ တောင်တက်အသင်းဝင်ကိုညီညီအောင်ကဆိုသည်။

စက်တင်ဘာ ၇ ရက်နံနက် ၃နာရီတွင် ဂန်လန်ရာဇီတောင်ထိပ်သို့ Base Camp ၃ မှ စတင် တက်ရောက်ခဲ့ပြီး နေ့လည် ၂နာရီတွင် ဂန်လမ်ရာဇီတောင်ထိပ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာတောင်တက်သမား ကိုပြည့်ဖြိုး အောင်နှင့် အမေရိကန်တောင်တက်သမား ၅ ဦးတို့ အောင်မြင်စွာ ခြေချနိုင်ခဲ့သည်ဟု သိရှိရသည်။

“ကျွန်တော်တို့ သိတာကတော့ အရှေ့တောင်အရှရဲ့ ထူးခြားတဲ့ တောင်တက်သမိုင်း စာမျက်နှာသစ်တစ်ခုပါ။ မြန်မာ တောင် တက်အဖွဲ့ဝင်တွေအတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘာ့အဆင့်မီတက်လို့ ရတဲ့တောင် တွေရှိတယ်ဆိုတာ ဂုဏ်ယူပြီး ပြောနိုင်ပါတယ်။” ဟု ကိုညီညီအောင်က ပြောသည်။

တောင်ပေါ်သို့ တက်ရောက်နိုင်ခဲ့သူများမှာ အန်ဒီတိုင်စန်၊ မော်လီတိုင်စန်၊ ခရစ်နန့်(စ)၊ မာက်(ခ) ဖစ်ရှာ၊ ပြည့်ဖြိုးအောင်နှင့် အဲ့ရစ်ဒတ် တို့ဖြစ်ပြီး ညနေ ၇နာရီခွဲတွင် Base Camp သို့ပြန်လည်ရောက်ရှိခဲ့သည်။

“သူတို့အတွက် ၀မ်းသာဂုဏ်ယူပါတယ်။ အခုလိုပဲ ဘယ်သူမှ မတက်နိုင်သေးတဲ့ အမည်မသတ်မှတ်ရသေးတဲ့ ပေ ၂၀၀၀၀ နီးပါးမြင့်တဲ့ တောင်တွေ ကချင်ပြည်နယ်မှာ အများကြီး ကျန်ပါသေးတယ်။ ဒါတွေကိုလည်း တက်ရောက်နိုင်ဖို့ ကြိုးစားရဦမှာပါ။” ဟု ကချင်ပြည်နယ်ရှိ ရေခဲတောင်များသို့ တက်ရောက်ခဲ့ဖူးသူ မြန်မာနိုင်ငံ ခြေလျင်တောင်တက်အသင်းဝင် ဦးရဲမင်းက ပြောသည်။

သြဂုတ်လလယ်ပိုင်းမှ စတင်တက်ရောက်သည့် (ခန့်မှန်း ၄၂ရက်ကြာမည့်) အဆိုပါအခရီးစဉ်ကို မြန်မာ-ဖုံရင် ခရီးသွား လုပ်ငန်းမှ စီစဉ်ပေးခြင်းဖြစ်သည်။

ဂန်လမ်ရာဇီတောင်ထိပ်သို့ Summit Team မှ ပထမဦးဆုံးခြေချနိုင်ခဲ့သူအား သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင် ခါကာဘိုရာဇီတောင်ထိပ်သို့ ပထမဆုံးခြေချနိုင်ခဲ့သူကိုလည်း ယခုကဲ့သို့ပင် သတင်းထုတ်ပြန်ခြင်းမပြုခဲ့ချေ။

မြန်မာ့အမြင့်ဆုံးနှင့်အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်မှာ ကချင်ပြည်နယ်မြောက်ဖျားရှိ ခါကာဘိုရာဇီတောင် အမြင့် (၅၈၈၁ မီတာ / ၁၉၂၉၄ ပေ) ဖြစ်သည်။ ခါကာဘိုရာဇီတောင်သို့ ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၅ရက် ညနေ ၃နာရီ ၁၂မိနစ်တွင် မြန်မာနိုင်ငံသား တိဘက်လူမျိုး နယ်မြေ ကျွမ်းကျင်သူ နမားဂျွန်စိန်နှင့် ဂျပန်နိုင်ငံသား တောင်တက်သမား အိုဇာကီ(ကွယ်လွန်) တို့ အောင်မြင်စွာ တက်ရောက်ခဲ့ဖူးသည်။


Credit: Shwe Myitmakha Media Group

0 comments:

Post a Comment