27.9.13

စင်ကာပူတွင် ခွဲစိတ်မှု အောင်မြင်ခဲ့သော ဦးဝင်းဇော်ဦး မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိ

သာမန်ကြီးထွားမှု မဟုတ်ဘဲ ဦးနှောက်အတွင်း အကျိတ်ကြောင့် အရပ် ၇ ပေ ၁၀ လက်မအထိ မြင့်မားခဲ့သော ဦးဝင်းဇော်ဦးသည် စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ခွဲစိတ်ကုခံမှု အောင်မြင် ခဲ့ပြီး မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြန်လည် ရောက်ရှိလာသည်။


ခွဲစိတ်မှု ရာခိုင်နှုန်းပြည့်အောင် မြင်ခဲ့သော်လည်း ဟော်မုန်းဆေးများကို အသက်ရှင်သရွေ့ သောက်သုံးသွားရန် လိုအပ်ကြောင်း ၎င်း၏ ခွဲစိတ်ကုသရေးအတွက် ပံ့ပိုးခဲ့သူ အသည်းအထူးကု ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ပြောကြားသည်။

ခွဲစိတ်ကုသမှုကို စက်တင်ဘာလ ၃ ရက်နေ့တွင် စင်ကာပူနိုင်ငံမှ အထူးကု ဆရာဝန်ကြီးများနှင့် ပြုလုပ်ခဲ့ရာ ယခုအချိန်တွင် လူကောင်း ပကတိအတိုင်း ဖြစ်နေပြီ ဖြစ်ကြောင်း၊ တဖြည်းဖြည်း ရှည်ထွက်လာသော အရပ်အမြင့်မှာမူ ခွဲစိတ်ပြီးနောက်ပိုင်း ရှည်ထွက်တော့မည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“နှာခေါင်းကနေ ခွဲစိတ်တာဆိုတော့ တစ်ပတ်လောက်က နာနေတာပေါ့။ အခုတော့ ဘာမှမခံစားရဘူး။ အကောင်းပကတိ အတိုင်းပဲ” ဟု ဦးဝင်းဇော်ဦးက ဆိုသည်။

ဦးဝင်းဇော်ဦး၏ ဦးခေါင်းအတွင်းမှ ကြီးထွားမှု ဟော်မုန်းမှာ ခွဲစိတ်ပြီး နောက်ပိုင်း လုံးဝကျဆင်းသွားပြီး ကျန်းမာရေး အခြေအနေကို ပြန်လည် စစ်ဆေးရန် စင်ကာပူ အထွေထွေ ဆေးရုံကြီးသို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထပ်မံသွားရောက် ရမည် ဖြစ်ကြောင်း ဒေါက်တာခင်မောင်ဝင်းက ပြောကြားသည်။

၎င်း၏ အထွေထွေ ခွဲစိတ်မှု ကုန်ကျစရိတ်အဖြစ် စင်ကာပူဒေါ်လာ ခုနစ်သောင်းခြောက်ထောင် ကုန်ကျခဲ့ကာ ၎င်း၏ တစ်သက်တာ ဆေးကုသစရိတ်အတွက် ဒေါက်တာခင်မောင်ဝင်း (အသည်းပါမောက္ခ) က ပံ့ပိုးသွားမည် ဖြစ်ကြောင်းက ၎င်းကဆိုသည်။

ဦးဝင်းဇော်ဦးသည် စင်ကာပူ အထွေထွေ ဆေးရုံကြီးတွင် တစ်လခွဲကြာ စစ်ဆေးခွဲစိတ်မှုများ ပြုလုပ်ခဲ့ပြီး ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ကာ ၎င်းနေထိုင်ရာ နတ်မောက်မြို့နယ် ထုံးပေါက်ချိုင်ရွာသို့ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့တွင် ပြန်မည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

အသက် ၁၈ နှစ်နောက်ပိုင်း သိသိသာသာ အရပ်ရှည်လာသော ဦးဝင်းဇော်ဦးသည် နတ်မောက်မြို့မှ ရန်ကုန်မြို့သို့ ဇွန်လ ၂၉ ရက်နေ့တွင် စတင်ရောက်ရှိလာခဲ့သည်။

The Voice Weekly

0 comments:

Post a Comment