25.10.13

ရထားစက်ရုံ စီမံကိန်း နှစ်ခုအတွက် တရုတ်နိုင်ငံထုတ် ပစ္စည်းနှင့် နည်းပညာကိုသာ အဓိက ၀ယ်ရမည်ဟု စာချုပ်ချုပ်ဆိုပြီးမှ တရုတ်က အတိုးနှစ်ရာခိုင်နှုန်းဖြင့် ထုတ်ချေးမည့် အမေရိကန်ဒေါ်လာ ၉၂ သန်းနီးပါးကို မြန်မာနိုင်ငံက လက်ခံကာ စာချုပ်ရန်စီစဉ်နေ

မြန်မာ့မီးရထားမှ ဆောင်ရွက်မည့် လူစီးတွဲသစ် တည်ဆောက်ရေး စက်ရုံစီမံကိန်းနှင့် စက်ခေါင်းသစ် တည်ဆောက်ရေး
စက်ရုံစီမံကိန်း နှစ်ခုအတွက် လိုအပ်သည့် ကုန်ပစ္စည်း၊ နည်းပညာနှင့် ၀န်ဆောင်မှုများကို ၀ယ်ယူရာတွင် တရုတ်နိုင်ငံမှသာ ဦးစားပေး ၀ယ်ယူရန် သတ်မှတ်ပြီး တရုတ်နိုင်ငံဘဏ်က အတိုး နှစ်ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးမည့် အမေရိကန် ဒေါ်လာ ၉၂ သန်း နီးပါးကို မြန်မာနိုင်ငံက လက်ခံရယူကာ အဆိုပါ ချေးငွေဖြင့် တရုတ်ပစ္စည်းများ အဓိက၀ယ်ယူ၍ စီမံကိန်းကို လုပ်ဆောင်ရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။

လူစီးတွဲသစ် တည်ဆောက်ရေး စီမံကိန်းအတွက် လိုအပ်သည့် ကုန်ပစ္စည်းများ ၀ယ်ယူရေးအတွက် ကန်ထရိုက် စာချုပ်ကို မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံမှ China National Machinery Import & Export Corporation တို့သည် ၂၀၁၃ ခုနှစ် ဇူလိုင် ၁၇ ရက်ကပင် စာချုပ်ချုပ်ဆို ခဲ့ကြကြောင်း၊ အဆိုပါ စာချုပ်၏ စုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၀၇၀ သန်း ဖြစ်ကြောင်း၊ ပစ္စည်းဝယ်ယူရာတွင် ကုန်ကျမည့် စုစုပေါင်း စာချုပ်တန်ဖိုး၏ ၉၀ ရာခိုင်နှုန်း ဖြစ်သော အမေရိကန် ဒေါ်လာ ၄၈ ဒသမ ၆၆၃ သန်းကို တရုတ် ပို့ကုန်-သွင်းကုန်ဘဏ်မှ ထုတ်ချေးပေးမည်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်း ဖြစ်သော အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၀၇ သန်းကို မြန်မာနိုင်ငံက စိုက်ထုတ်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ပင် စက်ခေါင်းသစ် တည်ဆောက်ရေး စက်ရုံစီမံကိန်းအတွက် ပစ္စည်းဝယ်ယူရေး ကန်ထရိုက် စာချုပ်ကို မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံမှ China National Machinery Import & Export Corporation တို့သည် ၂၀၁၃ ခုနှစ် ဇူလိုင် ၁၇ ရက်ကပင် စာချုပ်ချုပ်ဆို ခဲ့ကြကြောင်း၊ အဆိုပါ စာချုပ်၏ စုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၉၁၆ သန်း ဖြစ်ကြောင်း၊ ပစ္စည်းဝယ်ယူရာတွင် ကုန်ကျမည့် စုစုပေါင်း စာချုပ်တန်ဖိုး၏ ၉၀ ရာခိုင်နှုန်း ဖြစ်သော အမေရိကန်ဒေါ် လာ ၄၃ ဒသမ ၁၂၄ သန်းကို တရုတ်ပို့ကုန်- သွင်းကုန် ဘဏ်မှ ထုတ်ချေးပေးမည်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်း ဖြစ်သော အမေရိကန် ဒေါ်လာ ၄ ဒသမ ၇၉၂ သန်းကို မြန်မာနိုင်ငံက စိုက်ထုတ်ရမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်း နှစ်ခုပေါင်းအတွက် တရုတ် ပို့ကုန်-သွင်းကုန်ဘဏ်မှ ထုတ်ချေးပေးမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၇၅၇ သန်း အထိရှိပြီး အဆိုပါ ချေးငွေများအတွက် မြန်မာနိုင်ငံမှ တရုတ်ဘဏ်သို့ အတိုးနှုန်း နှစ်ရာခိုင်နှုန်း ပေးချေရမည် ဖြစ်သည်။

ယင်းအပြင် အဆိုပါ ချေးယူငွေ အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၇၅၇ သန်းအပေါ် စီမံခန့်ခွဲမှု စရိတ်အဖြစ် ၀ ဒသမ ၂၅ ရာခိုင်နှုန်းကို ထပ်ပေးရမည့်အပြင် ကတိခံကြေး ၀ ဒသမ ၂၅ ရာခိုင်နှုန်းကို ပေးဆောင်ရန် သတ်မှတ်ထားသည်။

ချေးငွေ သက်တမ်းကို ၁၅ နှစ်အထိ ပေးထားပြီး ၆ လလျှင်တစ်ကြိမ် သတ်မှတ်ချက်အတိုင်း ပြန်လည်ပေးဆပ် ရမည်ဖြစ်ကြောင်း၊ အကြိမ် ၂၀ အထိခွဲကာ ပြန်ဆပ်ရမည် ဖြစ်ကြောင်း သိရသည်။

အဓိကအားဖြင့် ချေးငွေအတွက် တရုတ် ပို့ကုန်-သွင်းကုန် ဘဏ်ဖြင့် စာချုပ်ချုပ်ဆိုရာတွင် ချေးငွေကို အသုံးပြု၍ ကုန်ပစ္စည်းများ၊ နည်းပညာများနှင့် ၀န်ဆောင်မှုများ ၀ယ်ယူရာတွင် တရုတ်နိုင်ငံမှ ဦးစားပေး ၀ယ်ယူရမည်ဟူသော အချက်ကို ထည့်သွင်းထားကြောင်း သိရှိရသည်။

ထို့အတွက် မြန်မာ့မီးရထားမှ တည်ဆောက်မည့် စက်ရုံစီမံကိန်း နှစ်ခုအတွက် လိုအပ်သော ပစ္စည်းနှင့် နည်းပညာများကို တရုတ်ကုမ္ပဏီဖြင့် စာချုပ်ထားသည့်အတိုင်း တန်ဖိုးပေးချေ ၀ယ်ယူရမည် ဖြစ်သည့်အပြင် တရုတ်ချေးငွေယူကာ ၀ယ်သည့် အတွက်လည်း အတိုးနှစ်ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ ထပ်ပေးရဦးမည် ဖြစ်သည်။

လွန်ခဲ့သောသုံးနှစ်၊ ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်း (ယခင်အစိုးရလက်ထက်) မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ၏ ၀န်ကြီးချုပ် လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်ဖက်အစိုးရ သဘောတူညီသည့် စီမံကိန်းများ အကောင်အထည် ဖော်ရန်အတွက် တရုတ်အစိုးရက မြန်မာနိုင်ငံအပေါ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ထုတ်ချေးရန် ကတိပြုခဲ့သည့် အတွက် ယခုကဲ့သို့ ချေးယူခြင်းဟု သိရသည်။

ချေးငွေဟောင်းလည်းဖြစ် ဘတ်ဂျက်တွင်လည်း ထည့်သွင်းလျာထားပြီး ဖြစ်သည့်အတွက် လွှတ်တော်သို့တင်ရန် မလိုသည့် ချေးငွေဟူ၍လည်း သတ်မှတ်ကာ စီစဉ်ဆောင်ရွက် ကြခြင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment