25.10.13

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ အရည်အချင်းနှင့် ပတ်သက်၍ Free and Fair ဖြစ်ရေး ဆောင်ရွက်ရန် လိုအပ်ဟု ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ပါ နိုင်ငံတော် သမ္မတ အရည်အချင်းများနှင့် ပတ်သက်၍ Free and Fair
(လွတ်လပ်ပြီး တရားမျှတမှု) ဖြစ်စေရန် အတွက် ပြင်ဆင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ယင်းအရည်အချင်း သတ်မှတ်ချက်ကြောင့် ၂၀၁၅ တွင် သမ္မတ ဖြစ်လိုသည်ဟု ပြောကြားထားသော ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတနေရာအတွက် ယှဉ်ပြိုင်ရာတွင် တရားမျှတမှု ရှိပါမည်လားဟူသော သတင်းထောက် တစ်ဦး၏ မေးခွန်းကို သူရဦးရွှေမန်းက ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင်တောင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)မှာ တားမြစ်ထားတဲ့ ကိစ္စကြောင့် ဒီဟာသည် Free and Fair ဖြစ်ပါသလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး Free and Fair ဖြစ်ဖို့အတွက်တော့ ဆောင်ရွက်ဖို့ လိုတယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်...

''ရွေးကောက်ပွဲမှာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင်တောင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)မှာ တားမြစ်ထားတဲ့ ကိစ္စကြောင့် ဒီဟာသည် Free and Fair ဖြစ်ပါသလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး Free and Fair ဖြစ်ဖို့အတွက်တော့ ဆောင်ရွက်ဖို့ လိုတယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်'' ဟု သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး တပ်မတော် အပါအ၀င် ပါတီအလိုက် လေ့လာသုံးသပ်မှုများ ပြုလုပ်လျက်ရှိရာ မည်သည့်အချက်များကို ပြင်သင့်၊ မပြင်သင့် ဆိုသည်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဉာဏ်အမြော်အမြင် ဆင်ခြင်တုံတရားများနှင့် ဆောင်ရွက်သွားမည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၃)ပုဒ်မ ၅၉(စ)တွင် 'မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ' ဟု သမ္မတ အရည်အချင်းများနှင့် ပတ်သက်၍ ဖော်ပြထားသည်။

လာမည့် ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်လိုသည်ဟု ပြောကြားထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းနှင့် သားနှစ်ဦးမှာ ဗြိတိန်နိုင်ငံသားများ ဖြစ်သည်။

Eleven Media Group

0 comments:

Post a Comment