24.11.13

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံမည် 24.11.2013


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အဆင်ပြေချောမွေ့စွာ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် လွှတ်တော်ပိုင်း ခေါင်းဆောင်များဖြစ်သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာ ရပ်ခံမည် ဖြစ်ကြောင်း ယင်းပါတီက နိုဝင်ဘာ ၂၃ ရက်နေ့တွင် ကြေညာလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် ကာကွယ်ရေးတို့တွင် ရာထူးအကြီးဆုံး ယူထားသူများကို စုစည်း၍ တွေ့ဆုံရန် ပထမဆုံး မေတ္တာရပ်ခံလိုက်ခြင်းလည်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က “CEC အစည်းအဝေးထိုင်ပြီး အစ်မ (ဒေါ်အောင်ဆန်းစုကြည်) အပါအဝင် ဆုံးဖြတ် လိုက်တာပါ” ဟု ဆိုသည်။

နိုင်ငံခေါင်းဆောင်ပိုင်းများ တွေ့ဆုံမည့် အခြေအနေသည် နိုင်ငံတော်သမ္မတ၏ ပြန်ကြားချက်အပေါ် မူတည်သော်လည်း နိုင်ငံ၏ အရေးကြီးသော ဥပဒေကို ပြင်ဆင်ရန် ခေါင်းဆောင်ပိုင်းများနှင့် မဖြစ်မနေ တွေ့ဆုံရမည် ဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတကလည်း တွေ့ဆုံခွင့်ပေးရန် မျှော်လင့်ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူ (ဥတ္တရသီရိ မဲဆန္ဒနယ်) က ပြောကြားသည်။

ပြည်သူ့လွှတ်တော်၊ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝေလင်းကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ခေါင်းဆောင်ပိုင်းများ တွေ့ဆုံမည့် အခြေအနေသည် ပြောကြားရန် အခက်အခဲ ရှိသောကြောင့် သတင်းအချက်အလက် များကို စိစစ်လေ့လာပြီး မှသာ ဖြေကြားမည် ဖြစ်ကြောင်း ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မရှင်တွင် ပါဝင်နေသည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ဦးကလည်း တပ်မတော်ကိုယ်စား အစီရင်ခံ စာတင်ပြရန် လုပ်ဆောင်ထားကြောင်း ၎င်းကရှင်းပြသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် လွှတ်တော်အတွင်း ဥပဒေနှင့်အညီ လုပ်ဆောင်ရမည် ဖြစ်ပြီး ယင်းတွေ့ဆုံမှုသည် ပုဂ္ဂိုလ်ရေး ရလဒ်များသာ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ (အင်ဂျန်းယန် မဲဆန္ဒနယ်) က မှတ်ချက်ပေးသည်။

The Voice Weekly

0 comments:

Post a Comment